ကလေးများရုပ်ပိုင်းဆိုင်ရာတွင်သာမက ဦးနှောက်ဉာဏ်ရည်ပိုင်းဆိုင်ရာတွင်လည်း ဖွံ့ဖြိုးတိုးတက်စေရန်မှာ စားသုံးသော အစာအာဟာရများသည် ကျန်းမာရေးနှင့် ညီညွတ်ရန် အလွန်အရေးကြီးပါသည်။
အောက်ဖော်ပြပါ အစားအစာများသည် မိခင်တို့အနေနှင့် ကလေးများအား ကျွေးမွေးသင့်သော အစားအစာများဖြစ်ကြောင်း တွေ့ရှိရပါသည်။
( ၁ ) ဒိန်ချဉ်
ဒိန်ချဉ်တွင် Probiotics ဟုခေါ်သော အူလမ်းကြောင်းတွင်ရှိသည့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးပြုသော ဘက်တီးရီးယားများ ပေါကြွယ်၀စွာ ပါဝင်ပါသည်။
ထို့ကြောင့် ကလေးများ၏ အူလမ်းကြောင်းကျန်းမာရေးအတွက် ဒိန်ချဉ်ကို တိုက်ကျွေးသင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။
( ၂ ) ပဲအမျိုးမျိုး
ပရိုတင်းအသားဓာတ်နှင့် အမျှင်ဓာတ်များပေါကြွယ်၀စွာ ပါဝင်သော ပဲအမျိုးမျိုးတို့သည်လည်း ကလေးများကျန်းမာရေးအတွက် စားသုံးသင့်သည့် အစားအစာအုပ်စုတစ်မျိုး ဖြစ်ပါသည်။
အသက် ၄ နှစ်မှ ၈ နှစ် ခန့်အထိ ကလေးများသည် တစ်နေ့လျှင် အမျှင်ဓာတ် ၂၅ ဂရမ် ခန့်လိုအပ်ကြောင်း တွေ့ရှိရပါသည်။
အမျှင်ဓာတ်များသည် အစာအာဟာရဓာတ်များကို ကောင်းစွာ ခြေဖျက်နိုင်ရန် ကူညီအားပေးနိုင်သော အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။
ထို့ကြောင့် ကလေးများသည် ပဲအမျိုးမျိုးပါဝင်သော အစားအစာများကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကြီးထွားနိုင်သည့် ပရိုတင်းအသားဓာတ်ကိုရရှိစေရုံသာမက အစာခြေစနစ်ကို ကောင်းမွန်စေသည့် အမျှင်ဓာတ်များကိုလည်း ရရှိစေနိုင်မည် ဖြစ်ပါသည်။
( ၃ ) ကြက်ဥ ဘဲဥများ
ကြက်ဥ သို့မဟုတ် ဘဲဥတစ်လုံးတွင် ပရိုတင်းအသားဓာတ်၊ သံဓာတ်၊ ဗီတာမင် ဒီ နှင့် B 12 စသော အာဟာရဓာတ်များ ပေါကြွယ်၀စွာ ပါရှိပါသည်။
အချို့သော ကြက်ဥဘဲဥများတွင် ကလေးများ၏ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးစေမည့် Omega 3 fatty acids ဓာတ်များပါဝင်ရန် ပြုပြင်စီရင်ထားကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ကလေးများအား မနက်စာကျွေးမွေးသည့်အခါ ဝက်အူချောင်း ၊ ကြက်အူချောင်း စသော ပြုပြင်စီရင်ထားသည့် အသားများ၊ ဆီကြော်အစားအစာများကို စားသုံးစေမည့် အစား ကြက်ဥဘဲဥများကို စားသုံးစေသင့်ကြောင်း အကြံပြုလိုပါသည်။
( ၄ ) ထောပတ်သီး
ထောပတ်သီးသည် ကျန်းမာရေးအတွက် အကျိုးပြုသော ကောင်းမွန်သည့် အဆီဓာတ်များ ပြည့်၀စွာ ပါဝင်သော သစ်သီးတစ်မျိုးဖြစ်ပါသည်။
ထို့ကြောင့် ကလေးများအား အ၀လွန်ခြင်း၊ အသက်အရွယ်ငယ်ငယ်နှင့် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ခြင်းစသောရောဂါများမှ ကာကွယ်ပေးနိုင်သော အစားအစာတစ်မျိုး ဖြစ်ပါသည်။
ထို့ပြင် သွေးအတွင်းမကောင်းသော ကိုလက်စထရောဓာတ် များပြားနေသည့် လူကြီးများ အနေဖြင့်လည်း ခန္ဓာကိုယ် အလေးချိန်ထိန်းသိမ်းရန်နှင့် နှလုံးသွေးကြောကျဉ်းရောဂါများကို ကာကွယ်ရန်အတွက် စားသုံးသင့်သော အစားအစာတစ်မျိုးဖြစ်ကြောင်း လက်ခံထားကြပါသည်။
( ၅ ) ကန်စွန်းဥ
ကန်စွန်းဥတွင် အာဟာရဓာတ်များစွာပါဝင်သည့်အနက် Vitamin A၊ အမျှင်ဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်များ ပိုမိုပြည့်၀စွာ ပါဝင်ကြောင်း တွေ့ရှိရပါသည်။
ကန်စွန်းဥတွင် ပါဝင်သည့် ဗီတာမင် အေ သည် လူကြီးတစ်ဦးတစ်နေ့လျှင် လိုအပ်သော ပမာဏ၏ ၃၀ ရာခိုင်နှုန်းအထက်တွင် ရှိပါသည်။
ထို့ပြင် ဆားဓာတ်လျော့နည်းခြင်းနှင့် ပိုတက်ဆီယမ်ဓာတ်ကို များပြားစေသည့် အာနိသင်များကြောင့် သွေးပေါင်ချိန်ကို ထိန်းသိမ်းပေးနိုင်သဖြင့် သွေးတိုးသောလူနာများအတွက် သင့်တော်သော အစားအစာတစ်မျိုးလည်း ဖြစ်ပါသည်။
နွားနို့တွင် ကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီ ပြည့်၀စွာ ပါဝင်သောကြောင့် ကလေးများ၏ အရိုးများသန်မာကြီးထွားစေရန်အတွက် အဓိကလိုအပ်သော အစားအစာတစ်မျိုး ဖြစ်ပါသည်။
ထို့ပြင် နွားနို့တွင် ဖော့စ်ဖောရပ်စ်၊ ပိုတက်ဆီယမ်၊ B 12 နှင့် ပရိုတင်းအသားဓာတ်များလည်း ပါဝင်ပါသည်။
အကယ်၍ နွားနို့သောက်ရန် မနှစ်သက်သော ကလေးများအား ဒိန်ချဉ် နှင့် ပဲနို့စသော အစားအစာများကို အစားထိုးတိုက်ကျွေးနိုင်ပါသည်။
( ၇ ) အခွံမာသီးနှင့် အစေ့အဆန်များ
၎င်းအစားအစာအုပ်စုတွင် ပါဝင်သည့် အစားအစာများမှာ
– သီဟိုဠ်စေ့
– ဗာဒံစေ့
– နေကြာစေ့
– နှမ်း
– chia seeds
– flax seeds စသည်တို့ ဖြစ်ပါသည်။
ထိုအထက်ပါအစားအစာများတွင် အမျှင်ဓာတ်၊ အသားဓာတ်နှင့် ကျန်းမာရေးကောင်းစေသော အဆီဓာတ်များပါဝင်ကြောင်းတွေ့ရှိရပါသည်။
ထို့ပြင် အရိုးသန်မာကျန်းမာရေးနှင့် စွမ်းအင်ထုတ်လုပ်ခြင်းတို့အတွက် အလွန်အရေးပါသည့် မဂ္ဂနီဆီယမ်ဓာတ်များလည်း ကြွယ်၀စွာပါဝင်သော အစားအစာများဖြစ်ပါသည်။
ခန္ဓာကိုယ်မှ ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်းမရှိသော Omega 3 Fatty acids များလည်းပါဝင်သဖြင့် ကလေးများ မဖြစ်မနေ စားသုံးသင့်ပေသည်။
၎င်းသည် ကလေးများ၏ မျက်စိအမြင် အာရုံကျန်းမာရေး၊ ဦးနှောက်မှတ်ဉာဏ် တိုးတက် ကောင်းမွန်ရေး နှင့် ( ADHD ) ဟုခေါ်သော ကလေးများအာရုံစူးစိုက်ရန်ခက်ခဲသောရောဂါမှ ကာကွယ်ရန် အတွက် အထောက်အကူပြုသည့် အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။
( ၈ ) ဘယ်ရီသီးများ
ဘယ်ရီသီးအုပ်စုတွင် စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ နှင့် ဘလက်ခ်ဘယ်ရီသီး စသော သစ်သီးများ ပါဝင်ပါသည်။
၎င်းသစ်သီးများတွင် အမျှင်ဓာတ် ၊ ဗီတာမင် စီ နှင့် Anthocyanin ဟုခေါ်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်း ( Antioxidants ) များစွာ ပါဝင်သောကြောင့် ကလေးများအား ခုခံအားစနစ်တိုးတက်ကောင်းမွန်စေပြီး ရောဂါပိုးများမှ ကာကွယ်နိုင်သော အစားအစာတစ်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။
( ၉ ) ဟင်းသီးဟင်းရွက်များ
အများအားဖြင့် ကလေးများသာမက လူကြီးများသည်လည်း ဟင်းသီးဟင်းရွက်များကို စားသုံးလိုသော ဆန္ဒနည်းပါးလေ့ရှိကြောင်း တွေ့ရှိရပါသည်။
ဟင်းသီးဟင်းရွက်များသည် အရောင်အသွေးအပေါ်တွင် မူတည်၍ ပါဝင်သည့် အာဟာရဓာတ်များလည်း ကွဲပြားခြားနားတတ်ပါသည်။
ဟင်းနုနွယ်ရွက်နှင့် ကိုက်လန်ရွက် စသော အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များတွင် Vitamin K ဓာတ်များပြည့်၀စွာပါဝင်ပြီး လိမ္မော်သီးနှင့် အနီရောင်ရှိသော ဟင်းသီးဟင်းရွက်များတွင် Vitamin A ဓာတ်များ ပါဝင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
ထို့အတူ ငရုတ်ကောင်းတွင် Vitamin C ဓာတ်များ ပါဝင်ပြီး ဂေါ်ဖီထုပ် ၊ ဘရိုကိုလီ နှင့် ဂေါ်ဖီပန်းပွင့်တို့တွင် ကင်ဆာရောဂါကို ကာကွယ်တိုက်ခိုက်နိုင်သော ဒြပ်ပေါင်းများ၊ အူလမ်းကြောင်းအကျိုးပြု ဘက်တီးရီးယားများ ပါဝင်ကြောင်းတွေ့ရပါသည်။
( ၁၀ ) ဂျုံနှင့် ဆန် စသည်တို့နှင့် ပြုလုပ်ထားသော အစားအစာများ။
ကလေးများအတွက် လိုအပ်သော စွမ်းအင်များကို ပြည့်ဝစေရန် ဂျုံနှင့် ဆန်စပါးတို့မှရရှိသော အစားအစာများသည် ၎င်းတို့စားသုံးသော အစားအစာများတွင် ပါဝင်ရန် လိုအပ်ပါသည်။
ထို့ကြောင့် ဂျုံနှင့် ဆန်စပါးတို့မှ ရရှိသည့် ထမင်း ၊ ပေါင်မုန့်၊ ကိတ်မုန့် ၊ကွတ်ကီး ၊ပီဇာမုန့် ၊ Oatmeal၊ Pasta၊ Tortilla အစရှိသော အစားအစာများသည်လည်း ကလေးများ၏ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ဖြစ်ကြပါသည်။
အထက်တွင် ဖော်ပြခဲ့သော ကလေးများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စုံလင်မျှတအောင် ကျွေးမွေးခြင်းအားဖြင့် ဉာဏ်ရည်ထက်မြက်သော ကလေးများဖြစ်လာစေရန် ပြုစုပျိုးထောင်ရာတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။