ယခုလို ကိုဗစ်ကပ်ဘေးကာလမှာဆိုရင် ကိုယ်ခံအားကောင်းနေဖို့က အရေးကြီးဆုံးဘဲဖြစ်ပါတယ်။ ကိုယ်ခံအားကောင်းစေဖို့အတွက် မိမိတို့နေ့စဥ်စားသုံးနေကျ အစားအစာတွေက ရရှိတဲ့အာဟာရဓာတ်တွေက လွန်စွာမှ အရေးပါလှပါတယ်။ အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေထဲမှာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ပြီး ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေများစွာပါဝင်နေပါတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်စတဲ့ ရောဂါပိုးမွှားတွေနဲ့ အဆိပ်အတောက်တွေကို တိုက်ထုတ်ဖယ်ရှားနိုင်ဖို့ ခုခံအားကောင်းမွန်လာစေမယ့် ဗီတာမင်တွေကတော့-
(၁) ဗီတာမင် C
ဗီတာမင် C ဟာ ခုခံအားကောင်းမွန်စေတယ်လို့ လူအများက သိရှိနားလည်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ကာလမှာ ဗီတာမင်C အားဆေးများကိုလည်း သောက်သုံးခဲ့ကြပါတယ်။ ဗီတာမင်C ဟာ ကိုယ်ခံအားဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးပြီး ရောဂါပိုးမွှားများ ကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ဒါ့ပြင် ဆဲလ်သေ၊ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပြီး ဆဲလ်အသစ်များ အစားထိုးပေးခြင်းအားဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် ကူညီပေးပါတယ်။ ဗီတာမင်စီဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး Oxidative Stress ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ Oxidative Stress ဟာ ခုခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့အပြင် ရောဂါပေါင်းများစွာနဲ့လည်း ဆက်စပ်နေပါတယ်။
ဗီတာမင် C ဟာ အသက်ရှူလမ်းကြောင်းအထက်ပိုင်း ပိုးဝင်ခြင်းတွေကို တိုက်ထုတ်နိုင်ဖို့အတွက် အလွန်အရေးပါပါတယ်။ ဒါ့ပြင် သွေးဆိပ်တက်ခြင်းနဲ့ အဆုတ်ပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ ARDS ရောဂါတွေကို ကုသနိုင်ဖို့အတွက်လည်း ဗီတာမင်စီကို အကြောထဲထိုးသွင်းကုသလေ့ရှိကြပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင် C 500 မှ 1000 mg လောက်အထိ သောက်သုံးပေးနိုင်ပါတယ်။ ဗီတာမင် C များလွန်းရင် ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။ ဗီတာမင် C ရရှိနိုင်မယ့် အစားအစာတွေကတော့ ဟင်းနုနွယ်၊ ကိုက်လန်၊ ငရုတ်ပွ၊ မာလကာသီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ သင်္ဘောသီး စတာတွေပဲဖြစ်ပါတယ်။
(၂) ဗီတာမင် D
ဗီတာမင် D ဟာလည်း အဆီမှာပျော်ဝင်နိုင်ပြီး ခုခံအားတိုးတက်ကောင်းမွန်စေတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် D ဟာ ခုခံအားဆဲလ်တွေဖြစ်တဲ့ သွေးဖြူဥတွေရဲ့ ရောဂါပိုးတိုက်ထုတ်နိုင်စွမ်းကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်လာစေနိုင်ပါတယ်။ ဒါ့ပြင် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသည်းရောင်အသားဝါစီပိုးနဲ့ HIV ကဲ့သို့သော ဗိုင်းရပ်စ်ရောဂါတွေကို ကုသဖို့အတွက်လည်း အသုံးပြုလေ့ရှိကြပါတယ်။ ဒါကြောင့် ဗီတာမင် D ကို ကိုဗစ်ရောဂါ ကုသကာကွယ်ဖို့အတွက်လည်း အသုံးပြုကြပါတယ်။
ခန္ဓာကိုယ်ထဲမှာရှိနေပြီးဖြစ်တဲ့ ဗီတာမင် D ဟာ နေရောင်ခြည်နဲ့ ထိတွေ့လိုက်တဲ့အခါ ကိုယ်တိုက်ချက်လုပ်ပါတယ်။ ဒါကြောင့် ဗီတာမင် D လုံလောက်အောင် ရရှိဖို့ဆိုရင် တစ်နေ့ကို နာရီဝက်ခန့်နေပူစာလှုံပေးရမှာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင် D 1000 mg ခန့်သောက်သုံးပေးနိုင်ပါတယ်။ ဗီတာမင် D ကို အလွန်အကျွံ စွဲသောက်မိရင် ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။ ဗီတာမင် Dကို ပဲအမျိုးမျိုး၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါး၊ ငါးသလောက်စတာတွေကနေ ရရှိနိုင်ပါတယ်။
(၃) ဗီတာမင် E
ဗီတာမင် E ဟာလည်း ဗီတာမင်C ကဲ့သို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ရောဂါပိုးမွှားတွေ တိုက်ထုတ်နိုင်ဖို့ အရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် E ဟာ ခန္ဓာကိုယ်ဇီဝရုပ်ဖြစ်ပျက်မှုတိုင်းအတွက် အရေးပါပြီး ကိုယ်ခံအားစနစ်အတွက်လည်း များစွာအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ဗီတာမင် E ရရှိနိုင်မယ့် အစားအစာတွေကတော့ မြေပဲ၊ မြေပဲထောပတ်၊ နေကြာဆီ၊ ပဲပိစပ်ဆီ စတာတွေဖြစ်ပါတယ်။
(၄) ဗီတာမင် B6
ဗီတာမင် B6 ဟာ ခုခံအားစနစ်မှာ ပါဝင်တဲ့ ဇီဝဓာတုဖြစ်ပျက်မှုတွေအတွက် အရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဒါ့ပြင် ဗီတာမင် B6 ဟာ သွေးဖြူဥဆဲလ်တွေနဲ့ T ဆဲလ်များ ထုတ်လုပ်ပေးဖို့အတွက် အရေးပါလှပါတယ်။ ဗီတာမင် B6 ပါဝင်တဲ့ အစားအစာတွေကတော့ အသည်း၊ အသား၊ ငါး၊ ကြက်ဥ၊ နွားနို့၊ ဟင်းနုနွယ်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ကန်စွန်းဥ စတာတွေပဲဖြစ်ပါတယ်။
(၅) ဗီတာမင် A
ဗီတာမင် A ဟာလည်း Cellular Immune Response နဲ့ Humoral Immune Response ဆိုတဲ့ခုခံအားစနစ် ၂ မျိုးလုံးအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါ့ပြင် ဗီတာမင် A ဟာ ခုခံအားနည်းပြီး ရောဂါပိုးဝင်ခြင်းတွေကို ကုသဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ဗီတာမင် A ပါဝင်တဲ့အစားအစာတွေကတော့ ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းစိမ်း စတဲ့အစိမ်းရင့်ရောင်ရှိသော အရွက်များ၊ ခရမ်းချဥ်သီး၊ မုန်လာဥ၊ ရွှေဖရုံသီး စတာတွေပဲ ဖြစ်ပါတယ်။
ရောဂါပိုးတွေကို တိုက်ထုတ်နိုင်ဖို့အတွက် မိမိကိုယ်ခံအားကောင်းမွန်နေဖို့က နေ့စဥ်နေထိုက်စားသောက်မှုစနစ်အပေါ်များစွာမူတည်နေပါတယ်။ ကိုယ်ခံအားအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ပြည့်ဝစွာရရှိနိုင်အောင် နေ့စဥ်အစားအစာကို စုံလင်ညီညွတ်မျှတအောင် စားသုံးပေးဖို့လိုပါတယ်။ ဗီတာမင်တွေချို့တဲ့နေရင်တော့ ဆရာဝန်ပေးတဲ့ပမာဏအတိုင်း ဗီတာမင်အားဆေးများသောက်သုံးပေးရမှာဖြစ်ပါတယ်။
Author: Dr. Aye Myat