ငါးကြီးဆီက ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ ငါးကြီးဆီဟာ လူတော်တော်များများ သောက်လေ့ရှိကြတဲ့ အားဆေးတစ်မျိုးဖြစ်ပါတယ်။ ငါးကြီးဆီဆိုတာဟာ တူနာ၊ ငါးသလောက်စတဲ့ အဆီများတဲ့ငါးတွေရဲ့ တစ်သျှူးတွေကနေ ရရှိနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ နေ့စဉ်စားသောက်နေကျ အစားအစားတွေထဲမှာ ငါးကြီးဆီဓါတ်အလုံအလောက်ရရှိနေဖို့လိုပါတယ်။ ငါးကြီးဆီဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာပေးစွမ်းနိုင်တာကြောင့် ငါးအလုံအလောက်မစားဖြစ်ဘူးဆိုရင်တောင် ငါးကြီးဆီအားဆေးလေးများကို သောက်သုံးပေးရမှာဖြစ်ပါတယ်။ ငါးကြီးဆီရဲ့ ကောင်းကျိုးတွေကတော့-
(၁) နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း
နှလုံးရောဂါဆိုတာဟာ အသက်အန္တရာယ်ရှိနိုင်ပြီး အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ငါးများများစားလေ့ရှိသူဟာ နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးလေ့ရှိတာကို တွေ့ရှိရပါတယ်။ ငါးထဲမှာပါဝင်တဲ့ ငါးကြီးဆီဓါတ်ဟာ သွေးတွင်းကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ငါးကြီးဆီ စားသုံးပေးခြင်းဖြင့် HDL လိုခေါ်တဲ့ ကောင်းတဲ့ကိုလက်စရောပမာဏကို တိုးမြင့်လာစေပြီး LDL လို့ခေါ်တဲ့ မကောင်းတဲ့ကိုလက်စထရောပမာဏကို လျော့ကျသွားစေနိုင်ပါတယ်။
ဒါ့ပြင် Triglycerides လို့ခေါ်တဲ့ မကောင်းတဲ့အဆီဓာတ်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒီလိုမကောင်းတဲ့အဆီတွေကို ဖယ်ရှားပေးနိုင်တာကြောင့် နှလုံးသွေးကြောတွင်း အဆီပုံခြင်းကြောင့် ဖြစ်တတ်တဲ့ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း စတာတွေကနေကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ငါးကြီးဆီကို ပုံမှန်စားသုံးပေးမယ်ဆိုရင် နှလုံးသွေးကြောကျဥ်းခြင်းမှ ကင်းဝေးနိုင်သလို နောက်ဆက်တွဲအသက်အန္တရာယ်ရှိနိုင်မယ့် နှလုံးရောဂါပြဿနာတွေကနေ ကာကွယ်ပေးနိုင်သွားမှာဖြစ်ပါတယ်။
(၂) ဦးနှောက်ကျန်းမာရေးကောင်းမွန်စေခြင်း
ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို အဆီတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီလိုအဆီတွေထဲမှာ ငါးကြီးဆီဓာတ်လည်း အများအပြား ပါဝင်နေပါတယ်။ ငါးကြီးဆီဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း ငါးကြီးဆီဟာ ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ တချို့သော စိတ်ဝေဒနာရောဂါတွေရဲ့ လက္ခဏာတွေကို သက်သာစေဖို့အတွက်လည်း ငါးကြီးဆီကို သောက်လေ့ရှိကြပါတယ်။
(၃) အမြင်အာရုံကောင်းမွန်စေခြင်း
ငါးကြီးဆီဓာတ် လုံလောက်စွာမရရှိသူဟာ မျက်လုံးရောဂါပြဿနာတွေ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားပါတယ်။ အသက်အရွယ်ကြီးမြင့်လာတာနဲ့အမျှ အမြင်အာရုံတွေဝေဝါးလာတတ်ပါတယ်။ ငါးများများစားသုံးခြင်းဖြင် အသက်အရွယ်ကြီးမြင့်မှုကြောင့်ဖြစ်တတ်တဲ့ အမြင်အာရုံဝေဝါးမှုကို အထိုက်အလျောက်လျှော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
(၄) အသားအရေလှပခြင်း
အသက်အရွယ်ရလာခြင်း၊ နေလောင်ဒဏ်ခံရခြင်း စတာတွေကြောင့် အရေပြားဟာ တဖြည်းဖြည်း ပျက်စီးလာတတ်ပါတယ်။ ငါးကြီးဆီဟာ အရေပြားကျန်းမာရေးကို အထောက်အပံ့ဖြစ်စေနိုင်ပြီး အသားအရေကိုစိုပြည်လှပလာစေပါတယ်။ ဒါ့ပြင် အရေပြားရောဂါတွေ မဖြစ်လာအောင်လည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။
(၅) အရိုးကျန်းမာရေးကောင်းမွန်စေခြင်း
အသက်ကြီးလာတာနဲ့အမျှ အရိုးမှာ လိုအပ်တဲ့ သတ္တုဓာတ်တွေဆုံးရှုံးနိုင်ကာ အရိုးကျိုးနိုင်ခြေ ပိုမိုများပြားလာပါတယ်။ ဒါ့ပြင် အရိုးပွရောဂါနှင့် အရိုးအဆစ်ရောင်ခြင်းတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အရိုးကျန်းမာရေးကောင်းမွန်ဖို့အတွက်ဆိုရင် ကယ်လစီယမ်နဲ့ ဗီတာမင်ဒီတို့အပြင် ငါးကြီးဆီဓာတ်လည်း ပြည့်ဝနေဖို့လိုအပ်နေပါတယ်။ ငါးကြီးဆီအလုံအလောက်စားသုံးပေးမယ်ဆိုရင် အရိုးသိပ်သည်းစေပြီး အရိုးအဆစ်ရောဂါတွေကနေ ကင်းဝေးစေပါတယ်။
(၆) ရောင်ရမ်းမှုများကို သက်သာစေနိုင်ခြင်း
ငါးကြီးဆီဟာ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်စွမ်းရှိတာကြောင့် အဆစ်ရောင်ခြင်း၊ အဆစ်နာခြင်း၊ IBS လို့ခေါ်တဲ့ အူရောင်ရမ်းခြင်းကြောင့် ဗိုက်နာဗိုက်အောင့်ခြင်းစတာတွေကို သက်သာစေနိုင်ပါတယ်။
(၇) ကလေးဥာဏ်ရည်ကောင်းမွန်စေနိုင်ခြင်း
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ငါးကြီးဆီကိုနေ့စဉ်ပုံမှန်စားသုံးပေးမယ်ဆိုရင် ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူများစွာဖြစ်ပေါ်စေနိုင်ပြီး ကလေးဉာဏ်ရည်ကောင်းမွန်စေရန်လည်း အထောက်အပံ့ဖြစ်စေပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာရော နို့တိုက်စဉ်အတွင်းမှာပါ ငါးကြီးဆီဓာတ်ကို လုံလောက်အောင်ရရှိနေဖို့လိုပါတယ်။
(၈) အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးနိုင်ခြင်း
ငါးကြီးဆီဟာ အသည်းရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်သလို အသည်းရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့ပြင် ငါးကြီးဆီဟာ အသည်းမှာရှိတဲ့ ပိုလျှံနေတဲ့အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး အသည်းအဆီဖုံးခြင်းကြောင့်ခံစားရတတ်တဲ့ လက္ခဏာရပ်တွေကိုလည်း သက်သာသွားစေနိုင်ပါတယ်။
လူတစ်ယောက်ဟာ တစ်နေ့ကို ငါးကြီးဆီ ၁၁၀၀ မှ ၁၆၀၀ mg လောက်ထိ ရရှိဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေရှိသူတွေကတော့ ငါးကြီးဆီကို ပိုမိုစားသုံးပေးဖို့လိုအပ်ပါတယ်။ ငါးကြီးဆီကိုအလွန်အကျွန်စားသုံးမိရင် ဗိုက်အောင့်ခြင်း၊ ဝမ်းပျော့ခြင်း၊ မူးဝေခြင်းစတာတွေ ခံစားရနိုင်ပါတယ်။ မိမိရဲ့ရောဂါအခြေအနေတွေကြောင့် ငါးကြီးဆီပမာဏများများ သောက်သုံးလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သင့်တော်တဲ့ပမာဏအတိုင်း သောက်သုံးပေးရမှာဖြစ်ပါတယ်။
Dr. Aye Myat