သီတာ့ဇာတိက မန္တလေးနားက ရွာကြီးတစ်ရွာပါ။ အထက်တန်းကျောင်းတစ်ကျောင်းတော့ ရှိသည်။ အဲ့ဒီကျောင်းကပဲ ဆယ်တန်းအောင်ခဲ့သည်။ မိဘတွေကတော့ လက်ငုတ်လက်ရင်း လယ်လုပ်သည်။ အစ်ကို နှင့်အစ်မ ကဆယ်တန်းမပြီးခင်ကျောင်းထွက်ပြီး မိဘတွေကိုဝိုင်းကူသည်။ သီတာ့ကိုတော့ ဆယ်တန်းအောင်ပြီး စာလဲထူးချွန်တော့ မန္တလေးတက္ကသိုလ် ပို့ပြီး ဘွဲ့ရပညာတတ်ဖြစ်အောင် တစ်မိသားစုလုံး ဝိုင်းပံ့ပိုးပေး ခဲ့ကြသည်။
မန္တလေးတက္ကသိုလ်ကြီးက သီတာ့အတွက်တော့ နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်၊ ကမ္ဘာအသစ်။ သူငယ်ချင်းအသစ်တွေလည်းရခဲ့သည်။ ငယ်ငယ်ကတည်းက ရွာမှာကြီးပြင်းလာခဲ့တဲ့ သီတာအဖို့တော့ ဗဟုသုတတွေကလည်းအများကြီး ရခဲ့သည်။ အရင်ကဆို ဟင်းချက်ဖို့ ကြက်သွန်လှီးနေတုန်း ဓားရှမိလျှင် အနာကို ငံပြာရည်စိမ်လိုက်သည်။ အခုတော့ အရက်ပြန်သုံးရကောင်းမှန်းသိလာပြီ။ ပလာစတာတောင် ကပ်တတ်နေပြီ။ ခြေထောက်ကို ဆူးစူးမိတာတို့ သံစူးမိတာတို့ ဆိုရင် ဖုန်သိပ်ခဲ့သော အလေ့အထရှိခဲ့သူဖြစ်သည်။ အခုတော့ အနာကိုရေဆေးပြီး မေးခိုင်ရောဂါကာကွယ်ဆေး ထိုးဖို့တောင် မမေ့တော့ပါ။ ကျန်းမာရေးအသိအမြင်တင် မဟုတ်၊ ဝတ်တာစားတာ နေတာထိုင်တာကအစ တက္ကသိုလ် တက်နေသည့် သုံးနှစ်အတွင်း သိသိသာသာ ပြောင်းလဲခဲ့သည်။ ဘွဲ့ရပြီး နှစ်နှစ်ကျော်လောက်မှာ သီတာ လက်ထပ်ခဲ့ပါသည်။ အမျိုးသားဘက်မှ ကုန်သည် မျိုးရိုးမို့ မပူပင်မကြောင့်ကြရတဲ့ ဘဝတစ်ခုကို သီတာပိုင်ဆိုင်နိုင်ခဲ့ပါသည်။
ဒီလိုနဲ့ အိမ်ထောင်သက် ငါးနှစ်ကျော်လာတဲ့အထိ ကလေးမရနိုင်ခဲ့။ သားဖွားမီးယပ်ဆရာဝန်ဆီ သွားလိုက်ရတာလည်း အကြိမ်ကြိမ်။ ဆေးကုသမှုတွေလည်း မရေမတွက်နိုင်အောင်ပင်။ အိမ်ထောင်သက် ခုနှစ်နှစ်ထဲရောက်မှပဲ သီတာ့မှာကိုယ်ဝန်ရှိလာခဲ့သည်။ လက်ထပ်ပြီးအချိန်အတော်ကြာမှကိုယ်ဝန် ရလာခဲ့ ပေမယ့် ကိုယ်ဝန်နဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိခဲ့ပါဘူး။ မွေးဖွားချိန်မှာလည်း အခက်အခဲမရှိဘဲ ချောမွေ့စွာနဲ့ သမီးလေးတစ်ယောက် လောကကြီးထဲရောက်လာခဲ့ပါသည်။ ဘိုးဘိုး ဘွားဘွား ဆွေမျိုးတွေအားလုံးက ချစ်မဝသော သမီးလေးတစ်ယောက်ကို သီတာပိုင်ဆိုင်ခဲ့ပေသည်။ ရွာကအမေနဲ့ အစ်မကြီးတို့ပါ မြို့တက် လာပြီး သီတာရဲ့သွေးနုသားနု အချိန်တွေမှာသေချာ ဂရုစိုက်ပေးခဲ့ကြသည်။ သမီးလေး သုံးလလောက်ရောက်မှ ရွာမှာရှိသည့် သီတာ့အဖေ နေမကောင်းဖြစ်သည်နှင့် အမေကပြန်သွားခဲ့သည်။ နောက်ထပ်သုံးလလောက် ကြာတော့ အဖေလည်း နေကောင်းလာသည်နှင့် အမေရော အဖေပါ မြို့ပေါ်တက်လာကြသည်။ သီတာ့အကြိုက် ပျားရည်စစ်စစ်တစ်ပုလင်းပါလာသည်။ သမီးလေးလည်းခြောက်လလောက်ရှိပြီ၊ အဖေနှင့် အမေကလည်း မြို့မရောက်တာကြာပြီ ဆိုတော့ မန္တလေး၊ စစ်ကိုင်း၊ ပုဂံ၊ ညောင်ဦး သို့ဘုရားဖူးထွက် ဖြစ်ကြသည်။ ဘုရားလည်းဖူးပြီး အိမ်လည်းပြန်အရောက် ကလေးက မှိန်းနေတာ သတိထားမိသည်။ ငိုလည်းမငိုတာ့။ တီတီတာတာမပြောတော့ပါ။ လူကြီးတွေကတာ့ နေပူမိလို့မှိန်းတာပါလို့ ထင်ကြသည်။ အဖျားလည်းမရှိ။ ဒီလိုနဲ့ ဆေးခန်းလည်းမသွားဖြစ်။ အားဆေးလေးသာတိုက်ထားလိုက်သည်။
တစ်ရက် နှစ်ရက်လောက်ကြာသည်အထိသမီးကလေးကမသက်သာ။ တစ်မနက် သီတာအိပ်ယာ နိုးတော့ ကလေးကအေးစက်နေသည်။ ချီလိုက်တော့ ကလေးကမျက်လုံးမဖွင့်။ အရုပ်ကြိုးပြတ်ပုံစံမျိုး။ စိတ်အရမ်းပူပြီး ဆေးခန်းပြေးရတော့သည်။ ဆရာဝန်ပြောလိုက်သည့်စကား က ကလေးအသက်မရှိတော့ပါ့ဘူး။ သီတာတစ်ယောက် ဆောက်တည်ရာမရနိုင်။ အဖြစ်အပျက်တွေကမြန်ဆန်လွန်းသည်။ ရူးသွားမတတ်။ ငိုချက်ကတက်ပါတက်သွားခဲ့သည်။
သမီးလေးဖြစ်တဲ့ရောဂါကို သီတာတစ်ယောက် စိတ်ထိန်းနိုင်သွားတဲ့အချိန်မှာ ဆရာဝန်က ရှင်းပြခဲ့ သည်။ အစာအဆိပ်သင့်ခြင်း၊ အင်္ဂလိပ်လိုဆိုရလျှင် “Infant botulism” လို့ခေါ်ပါသည်။ ကလေးကိုဘာများ ထွေထွေထူးထူး ကျွေးခဲ့လည်းလို့ ဆရာဝန်ကမေးသည်။ သီတာ စဉ်းစားမရ။ အိမ်ထောင်သက်ကြာမှရသည့် ကလေးမို့ ဂရုစိုက်ခဲ့ သည်မှာလည်း အလွန်။
ရုတ်တရက်သတိရမိလိုက်သည်ကတစ်ခု။ ပျားရည်။ ကလေးအဘွားက ကလေးကို ပျားရည်ကိုဇွန်းလေးနဲ့ တခါတိုက်ဖူးတာကို ဆရာဝန်ကိုပြောပြတော့ ပျားရည်ကိုသွားယူခိုင်းသည်။ ဓာတ်ခွဲခန်းထဲ မှာစစ်ကြည့်တော့ ပျားရည်ထဲမှာ အစာအဆိပ်သင့်စေတဲ့ ပိုးမွှားတွေ အများကြီးပါနေသည်ကို သိလိုက်ရသည်။ ကလေးသူငယ်များအား ပျားရည်မတိုက်သင့်တာကို သီတာတို့မသိခဲ့တာကိုတော့ ဝန်ခံရပေမည်။
ခဲရာခဲဆစ်ရထားသည့် သမီးလေးဆုံးပါးသွားရတာဟာ တစ်ချက်ကလေးသတိမပြုမိလိုက်သည့်၊ အသိပညာအားနည်းခဲ့သည့် လူကြီးတွေကြောင့်ပါ။ အခြားကလေးတွေကိုလည်း သီတာ့ကလေးလို မဖြစ်စေချင်ပါ။ ဒါ့ကြောင့်ပဲ သီတာတစ်ယောက် ကိုယ်တွေ့အဖြစ်ဆိုးကြီးကို အခွင့်အခါကြုံတိုင်း မျှဝေပေးနေရတာ ဒီနေ့အထိပါ။ အခုတော့ သားလေးတစ်ယောက် သမီးလေးတစ်ယောက် ထပ်ရလာခဲ့ပြီ။ သူတို့လေးတွေ အရွယ်ရောက်လာတာကိုမြင်တိုင်း သူတို့အစ်မကို သတိရမိပြီး မျက်ရည်တို့ကကျရမြဲပင်။
Author – Dr.အေးချမ်းမိုး