ဒိန်ချဉ် သောက်တိုင်း ကောင်းသလား
ကျွန်တော်တို့နိုင်ငံတွင် ဒိန်ချဉ်ကို လူတိုင်းနီးပါး သောက်သုံးလေ့ရှိသည်။ အထူးသဖြင့် နွေရာသီတွင် ပိုသောက်ကြသည်။ ဒိန်ချဉ်ကို ဒီအတိုင်း ထန်းညှက်ရည်တို့ သကြားတို့နဲ့ စားသုံးသလို စတော်ဘယ်ရီတို့ အုန်းသီးတို့ထည့်ပြီးလည်း စားသုံးကြပါတယ်။
အခုခေတ်မှာ ဒိန်ချဉ်ကို မျက်နာပေါင်းတင်ရာမှာပါ အသုံးပြုလာကြပြီး တချို့အရေပြားအလှကုန်ပစ္စည်းတွေမှာလည်း ဒိန်ချဉ်ကို ထည့်သွင်းဖော်စပ်လာကြပါတယ်။ ဒိန်ချဉ်ကို အင်္ဂလိပ်လို Yoghurt လို့ခေါ်ပါတယ်။ ပါဠိလိုတော့ နို့ဓမ်းလို့ခေါ်ပါတယ်။ နို့ထွက်ပစ္စည်းတမျိုးဖြစ်ပြီး အာဟာရဓါတ်တွေ ကြွယ်ဝများပြားစွာ ပါဝင်ပါတယ်။
ဒိန်ချဉ်မှာ ပရိုတင်းဓါတ် ကြွယ်ဝစွာပါတဲ့အပြင် ကယ်လ်ဆီယံဓါတ် ဗီတာမင်ဓါတ်များလည်းပါဝင်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်မှာ ခံတွင်းထဲရှိ ဘက်တီရီးယား ပိုးမွှားများကို သေစေ၍၊ ခံတွင်း ရနံ့ဆိုးများပြေပျောက် စေသည့်ပြင် သွားနှင့်သွားဖုံးတို့ကို ကျန်းမာစေတဲ့ လက်တစ်အက်စစ် နဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အထောက်ကူများစွာပြုတဲ့ Probiotic အမျိုးအစား ဘက်တီးရီးယားတွေလည်း များစွာပါပါတယ်။
ဒိန်ချဉ်နဲ့ နို့ချဉ်နဲ့ မတူပါဘူး။ ဒိန်ချဉ်ဆိုတာ သင့်တော်တဲ့ အပူချိန်အောက်မှာ ကျိုချက်ထားတဲ့ နို့ကို စနစ်တကျအချဉ်ဖောက်ပြီး လူရဲ့ အစာအိမ်နဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဘက်တီးရီးယားတို့ ပေါက်ဖွားစေတာ ဖြစ်ပါတယ်။ ဒီ့အတွက် ဒိန်ချဉ်မှာ ချဉ်တဲ့ အရသာ ရှိနေတာပါ။
မသန့်ရှင်း မလတ်ဆတ်သောကြောင့် ချဉ်တဲ့ နို့ချဉ်ဟာ ဝမ်းပျက် ဝမ်းလျော ဖြစ်စေနိုင်ပေမယ့် ဒိန်ချဉ် yoghurt ကတော့ ကျန်းမာရေးနှင့် သင့်တော်သော သောက်စရာ စားစရာ တစ်ခုဖြစ်ပြီး အာဟာရဓာတ်ကို ပြည့်ဝစွာ ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ အစာကြေလွယ်စေကာ အစားစားချင်စိတ်ကိုလည်း ဖြစ်စေပါတယ်။
ဆရာကြီးဦးမျိုးညွန့် ပြုစုရေးသားတဲ့ အာဟာရ စွယ်စုံကျမ်းမှာဆိုရင် “နို့စိမ်းမှဖြစ်သော ဒိန်ချဉ်ဟာ လေ၊ သည်းခြေကို ပျက်စေ၏။ ဝမ်းမီးနဲ့ ဓါတ် ၇ ပါးကို ဖျက်တတ်၏။ ဝမ်းပျက်၏။” ဟုဖွင့်ဆိုထားပြီး “ချက်ပြီးနို့မှ ဖြစ်သောဒိန်ချဉ်ကား နှုတ်ခံတွင်းကို မြိန်စေ၏။ အဆီသြဇာရှိ၏။ လေ၊ သည်းခြေကို နိုင်၏။ ဝမ်းမီးနဲ့ ဓါတ် ၇ ပါးကို ပွားစေ၏။ အားကိုဖြစ်စေ၏။ သုက်ကိုပွားစေ၏။” ဟုရေးထားပါတယ်။
အရှင်နာဂသိန် ပြုစုသည့် သိမ်ဖြူဆရာတော်ဘုရားရဲ့ ဆေးအဘိဓါန်မှာလည်း “ဒိန်ချဉ်သည် ခွန်အားကိုပြုတတ်၏။ နှုတ်ကို မြိန်စေ၏။ လေ၊ သလိပ်တို့ကို ငြိမ်းစေ၏။ အပူချောင်းဆိုး၊ ပန်းနာ၊ ထိပ်ကပ်နာ၊ ဝိသမအဖျား၊ အအေးဖျားတို့ကို သက်သာပျောက်ကင်းစေ၏” လို့ ဖော်ပြထားပါတယ်။
ဒါတွေအပြင် ယောမင်းကြီး ဦးဖိုးလှိုင် ရေးသားစီရင်သည့် ဥတုဘောဇနသင်္ဂဟ ကျမ်းတွင်လည်း
“ချက်ပြီး နို့မှဖြစ်သော နို့ဓမ်း(ဒိန်ချဉ်စစ်စစ်)သည် အေး၏။ ကြေလွယ်၏။ ဝမ်းမီးတောက်၏။ ဝမ်းကိုက်နာကိုနိုင်၏။ နှုတ်ကိုမြိန်စေ၏။ သကြားနဲ့ ရောနှောသောက်သုံးခြင်းသည် သင့်မြတ်၏။” လို့ ဖွင့်ဆိုရေးသားထားပါတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးလိုတာကတော့ ကိုယ်သောက်တဲ့ဒိန်ချဉ်ဟာ ကိုယ့်ကျန်းမာရေးကို အကျိုးပြုတဲ့ ဒိန်ချဉ်အမျိုးအစားဖြစ်ဆိုရင် နို့ကိုစနစ်တကျ ကျိုချက်ပြီးမှ အချဉ်ဖောက်ကာ ရလာတဲ့ ဒိန်ချဉ်မျိုးကိုသာ ရွေးချယ်သောက်သုံးသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။
Author : Dr. 528