fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ငယ်ချစ်ဦးကပေးတဲ့ဒုက္ခ

ငယ်ချစ်ဦးက ပေးတဲ့ ဒုက္ခ

ဦးချစ်ဆွေတစ်ယောက် အခုတလော နေရတာ အဆင်မပြေလှ။ အသက်က ၆၀ ဆိုတော့ ရာသီဥတုက ပြင်းလို့ပဲ ခံရတာလား မရေရာ။ နေရတာတော့ ဟာတာတာနှင့်။ အထူးသဖြင့် အသက်ရှူရတာ မကောင်း။ ရင်ဘတ်က အောင့်အောင့်နေသလိုလို။ ဦးချစ်ဆွေက ပိန်တော့ အတော်လေးပိန်တယ်။ ဆီးချိုတွေ သွေးတိုးတွေ မရှိ။ မရှိဆို အဆီအစိမ့်တွေလည်း တတ်နိုင်သမျှ ရှောင်တတ်တယ်။

အရက်မသောက် ဖဲမရိုက် ဘုရားတရား လိုက်စားသူ။ ဦးချစ်ဆွေမှာ တစ်ခုလေးသာ ပြောစရာရှိတယ်။ အဲဒါကတော့ ဆေးလိပ်။ အသက် ၁၃ နှစ်လောက်ကတည်းက သောက်ခဲ့ပေမယ့် အခုတော့ အတော်လျော့သောက်နေပြီ။ အရင်ကတော့ တစ်နေ့ကို တစ်ဗူး တစ်ခါတစ်လေများဆို အလုပ်လေး လုပ် အတွေးလေးတွေးရင်း တစ်ဗူးကျော်သွားတာတောင် ရှိသေး။အခုအသက်လေးရလာတော့ ဆေးလိပ်ကို အတော်လေး လျော့သောက်မိတယ်။ ငယ်ကတည်းက စွဲလမ်းရသည့် ငယ်ကျွမ်းဆွေဖြစ်ပေမယ့် မဖြတ်နိုင်တောင် တစ်နေ့ ၅ လိပ်လောက်သာ သောက်ဖြစ်တော့တယ်။ မလျော့လို့ကလည်းမဖြစ် ဟိုတလောက ဂျာနယ်တစ်ခုထဲ ဖတ်လိုက်ရသေးတယ်။

ဆေးလိပ်သောက်တတ်သူတွေက မသောက်သူတွေနဲ့ ယှဉ်ရင် အဆုတ်ကင်ဆာဖြစ်ဖို့ အဆ ၃၀ လောက်များသတဲ့။ ပြီးတော့ ဆေးလိပ်ထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းက အမျိုး ၇၀၀၀ လောက်ပါသတဲ့။ အဲ့ထဲက အမျိုး ၇၀ လောက်က ကင်ဆာ ဖြစ်နိုင်တယ်ဆိုပဲ။ ငယ်ငယ်တုန်းကတည်းက ဒါမျိုးတွေ ကြားဖူးခဲ့ပေမယ့် မမှု့ခဲ့။ အခု အသက်က ၆၀ ဆိုတော့ ငယ်ငယ်ကလို မိုက်ရူးရဲစိတ်တွေမရှိတော့။ ကိုယ့်မျက်မြင်ကို ဆေးလိပ်ကြောင့် ဒုက္ခရောက်တဲ့သူတွေက အများသားဆိုတော့ ကိုယ်လည်းကြောက်စိတ်လေးနဲ့ လျော့တော့ သောက်မိတယ်။ အပြတ်တော့ မဖြတ်နိုင်သေး။ ဘာပဲပြောပြော အမျိုးသမီးထက်တောင် အရင်သံယောဇဉ်ရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတော့လည်း.

ဆေးလိပ်သောက်တတ်တဲ့သူဆိုတော့လည်း ချောင်းလေးက အမြဲ တဟွတ်ဟွတ်။ ချောင်းဆိုးနေကျမို့ ဂရုမပြုမိပေမယ့် ခုတလော အသက်ရှူလို့ တယ်မကောင်းချင်။ ညာဖက်အခြမ်းက အသက်ရှူလိုက်ရင် အောင့်အောင့်နေသလိုလို။ အသက်ရှူမဝချင်လှပေ။ ပုံမှန်ထက်ဆိုရင် ချောင်းလည်းပိုဆိုးနေသလိုပဲ။ လျှက်စားလေး ယက်နေတာတောင် မသက်သာချင်။ မနေ့ညကလည်း ရင်တွေပဲ ထကြပ်သလိုလို တရွှီးရွှီးနဲ့။ အရင်က ဒီလိုတွေ မဖြစ်ဖူးပါဘူး။ ပူတယ်ဆိုပြီး ရေတွေ ခဏခဏချိုး ပန်ကာတွေပဲ ဖွင့်အိပ်မိလို့ အဆုတ်များ အအေးပတ်သလားပေါ့။

ရာသီကလည်း ပူချက်ဆိုတာ ထမင်းစားတောင် ပျက်တယ်။ စားရင်လည်း အဆင်မပြေလှ အစာမျိုချရင် တစ်ခုခု ခံနေသလိုလို။အော် ငါလည်း အသက်ကြီးပြီ ဂရုစိုက်မှလို့ တစ်ဆက်တည်း တွေးမိသေးတယ်။အစကတည်းက ပိန်ပါတယ်ဆိုတဲ့ ဦးချစ်ဆွေကြီးတစ်ယောက် ကိုယ့်ကိုကိုယ် သေချာဂရုစိုက်နေတဲ့ကြားက ပိုပိုပိန်ပိန်သွားတယ်။ ချောင်းလေးကလည်း တဟွတ်ဟွတ် ဒီကြားထဲ ခဏခဏလည်း ဖျားသေး။ အိမ်က မိန်းမနဲ့ သမီးတွေကတော့ ဖေကြီးရယ် တီဘီများ ဖြစ်နေလို့လားမသိဘူး။ သွားစစ်ကြည့်ပါ စစ်ကြည့်ပါနဲ့။ သွားစစ်ကြည့်မယ်လို့ ဦးချစ်ဆွေကြီး စဉ်းစားပါသေးတယ်။ ဒါပေသိ နည်းနည်းလှုပ်ရှားတာနဲ့ကို မောနေတာပြီးတော့ တစ်ကိုယ်လုံး နုံးချိပြီး မလှုပ်ချင် မကိုင်ချင်နဲ့ဆိုတော့ ဟိုဖက် နှစ်လမ်းကျော်လောက်က ဆေးခန်းလေးကို သွားဖို့ကို ဝန်လေးနေတော့တာ။ မိန်းမရော သားတွေ သမီးတွေရောက အလုပ်ကိုယ်စီနဲ့ဆိုတော့ ပြောရမှာလည်း အားနာနေတာနဲ့ မပြောဖြစ်တော့။

ဒီလိုနဲ့ ဆေးခန်းကို မသွားဖြစ်ဘဲ ဟိုလူ့ကို လမ်းကြုံမှာလိုက်တဲ့ စပ်ဆေးလေးသောက်လိုက် ဒီလူကကောင်းတယ်ဆိုတဲ့ မြန်မာဆေးလေး မှာပြီးစားလိုက်နဲ့။
တစ်နေ့တော့ မဖြစ်မနေ ဆေးခန်းသွားရမယ့် အကြောင်းကိစ္စပေါ်လို့ လာပါတော့တယ်။ အမောဖောက်ပြီး ချောင်းဆိုးရာကနေ သွေးစတွေ ပါလာတာပါပဲ။ ကံကောင်းတာတစ်ခုက ပိတ်ရက်ဆိုတော့ အိမ်မှာ သားတွေ သမီးတွေ ရှိနေတဲ့အချိန်။ ဒီလိုနဲ့ ဆိုက်ကားငှားဟယ် လူနာကို မ ဟယ်နဲ့ အလုပ်ရှုပ်သွားတော့တယ်။ အတော်လေးမောပြီး အသက်ကို ရှိုက်ရှိုက်ရှူနေတဲ့အဖေကို့ စိုးရိမ်တကြီးနဲ့ အိမ်က ရှိသမျှ အကုန်ဆေးခန်းလိုက်လာကြတယ်။ ဆေးခန်းရောက်တာနဲ့ ဆရာဝန်လေးက အောက်ဆီဂျင်ပေးတာတွေ ချွဲပျော်စက်ဆိုလား ထုတ်လာပြီး အငွေ့ကို ရှူခိုင်းတာတွေ ဆေးထိုးတာတွေ အဆက်မပြတ်လုပ်လည်းလုပ် ပါးစပ်ကလည်း ဖြစ်တာဘယ်လောက်ကြာလဲ ဘာဖြစ်သေးလဲဆိုပြီးမေးနဲ့ ရှုပ်ယှက်တွေကို ခက်လို့။

ဆေးလေးရှူနေရင်းနဲ့ အမောလေး ပြေလာတော့ ဆရာဝန်က ပြန်စမ်းသပ်တယ်။ ပြီးတော့ အဆုတ်က အလုပ်ကောင်းကောင်းမလုပ်ဘူးဖြစ်နေတယ် ဓာတ်မှန်လေး ရိုက်ကြည့်ပေးပါဆိုပြီး အိမ်သားတွေကို ချော့မော့ ပြောပြီး ဖြစ်နိုင်တဲ့ ရောဂါတွေကို ရှင်းပြနေတော့တယ်။ ဆရာဝန်လေး ရှင်းပြတဲ့ ဖြစ်နိုင်ချေရှိတယ်ဆိုတဲ့ ရောဂါတွေထဲမှာ အဆုတ်ကင်ဆာလည်း ပါနေတယ်။ ကင်ဆာဖြစ်နိုင်တယ်ဆိုတော့လည်း ပြူးပြူးပျာပျာနဲ့ ဒီတော့မှ သွေးစစ်တာတွေ ဓာတ်မှန်ရိုက်တာတွေ သလိပ်စစ်တာတွေ လုပ်မိတော့တယ်။

အဖြေတွေရတော့ ဆရာဝန်လေး ခန့်မှန်းသလိုပဲ။ အဆုတ်မှာ အလုံးတွေ့တယ်တဲ့။ ကင်ဆာလား သေချာအောင် ကွန်ပျူတာ ဓာတ်မှန်ရိုက်ကြည့်ဖို့ အသားစယူကြည့်ဖို့ သေချာရှင်းပြတယ်။ ဒီလိုနဲ့ ဆရာလေး ညွှန်ကြားတဲ့အတိုင်း တစ်မျိုးပြီး တစ်မျိုး စစ်သွားလိုက်တာ အဆုတ်ကင်ဆာတဲ့။ ကံကောင်းတာတစ်ခုကတော့ အရမ်းကြီး မပျံ့သေးဘူး။ ကုသလို့ ရနိုင်သေးတယ်။ ဘာပဲပြောပြော အသိမြန်လု့ိ အဆိုးထဲက အကောင်းပဲလို့ ယူဆရမယ်။ ဒီရောဂါက များသောအားဖြင့် အဆင့်လွန်မှ သိတာများတာတဲ့။ အခုလို စောစောသိတာ တော်ပါသေးရဲ့။

ခက်ခဲတဲ့ ကင်ဆာ ကုထုံးကြီးကိုတော့ အားတင်းကာ ခံယူရပေဦးမယ်။ ဦးချစ်ဆွေကြီးကတော့ သက်သာတဲ့အချိန်တွေဆို သတင်းလာမေးသူတွေကိုဆေးလိပ်က ကြောက်ဖို့ကောင်းကြောင်း ၊ ချောင်းဆိုးကြာရှည်ပြီး ရင်ဘတ်တွေ အောင့်နေရင် သတိထားကြဖို့ မပေါ့ကြဖို့ ပညာတွေ ပေးပြီးရင်း ပေးနေမိတော့တယ်….
Author : Dr. မေ


ဆရာဝန်ကြီးများနှင့်မေးမြန်းရာမှာ အသုံးပြုနိုင်ဖို့
အပ်ပလီကေးရှင်း ဒေါင်းလုပ် လုပ်ပြီး
လက်ဆောင် ၁၅ ပွိုင့်ပါ တခါတည်း ရယူလိုက်ပါ

ဆက်စပ် ဆောင်းပါးများ