စိုးရိမ်စိတ် လွန်ကဲပြီး အလွန်အကျွံ ကိုယ်အလေးချိန် လျော့ချမိတဲ့ အခါ
ခန္ဓာကိုယ် အလေးချိန် ရှိသင့်တာထက် ပိုပြီး များတဲ့အခါမှာ ကိုယ်အလေးချိန် လျော့ချဖို့ ဆရာဝန်တွေက အကြံပေးတတ်ကြသလို ကိုယ် ကိုယ်တိုင်ကလည်း ခန္ဓာကိုယ် အရွယ်အစား အချိုးကျ လှပလိုတာကြောင့် လိုက်လုပ်ဖို့ စိတ်ဝင်စားတတ်ပါတယ်။
ကိုယ်အလေးချိန် လျော့ချတဲ့ အခါမှာ အစားအသောက် ချင့်ချိန်စားရသလို ကိုယ်လက်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေပါ လုပ်ရတာကြောင့် လူအများစုကတော့ ဝိတ်ချဖို့ ကို လက်လျော့သွားတတ်ကြပါတယ်။
တစ်ချို့ကတော့ ကြိုးစားပမ်းစား နည်းမှန်လမ်းမှန် နဲ့ ကိုယ်အလေးချိန် ကျဖို့ကို ကြိုးစားကြပါတယ်။
ဒီလိုလျော့ချလို့ ပုံမှန် ကိုယ်အလေးချိန်ရောက်သွားတဲ့အချိန်မှာ ဒီကိုယ်အလေးချိန်ကို ထိန်းထားဖို့သာ လိုပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့နေစဉ်ကလို အစားအသောက်ကို လျော့စားစရာ မလိုသလို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုလည်း လိုအပ်သလောက်သာ လုပ်ဖို့ လိုပါတယ်။
ပုံမှန်ကိုယ်အလေးချိန် ရောက်သွားတဲ့ အချိန်မှာ ကိုယ်အလေးချိန်ကို ထပ်လျော့နေဦးမယ်ဆိုရင်တော့ ကျန်းမာရေး နဲ့ မညီညွတ်တဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။
စိုးရိမ်စိတ် လွန်ကဲပြီး အလွန်အကျွံ ကိုယ်အလေးချိန်လျော့ချခြင်း
စိုးရိမ်စိတ်လွန်ကဲပြီး ဝိတ်လျော့တာ ဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အထိ အလွန်အကျွံ ဖြစ်လာခဲ့ရင် ဒီလို အခြေအနေကို စိတ်ရောဂါတစ်ခု အဖြစ်တောင် သတ်မှတ်လို့ ရနိုင်ပါတယ်။
ဒီလို ကိုယ်အလေးချိန် လျော့ချမှုမျိုးဟာ အသက်ငယ်ရွယ်တဲ့ အမျိုးသမီးငယ်တွေမှာ ပိုပြီးအတွေ့ရများတတ်ပါတယ်။
ဒီအမျိုးသမီးငယ်တွေဟာ ယခင် ကိုယ်အလေးချိန်များခဲ့ရာမှ လျော့လာခဲ့သူတွေ ဖြစ်နိုင်သလို နဂိုကတည်းက ပိန်ပါလျက် မိမိကိုယ်ကို ဝတယ်လို့ ယူဆနေသူတွေလည်း ပါနိုင်ပါတယ်။
ဘယ်လို လက္ခဏာတွေ ရှိသလဲ
အမျိုးသမီးငယ်တွေဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေပေမဲ့ ကိုယ့်ကိုယ်ကို ဝတယ်လို့ ထင်နေတတ်ကြပါတယ်။ Body shaming (ကိုယ်ခန္ဓာ ပုံပန်းသဏ္ဍာန် ကို လှောင်ပြောင်ခံရတဲ့ ) ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တဲ့ သူတွေဟာ ဒီလို အခြေအနေကို ပိုတွေ့ရတတ်ပါတယ်။
ကိုယ်အလေးချိန် တက်လာမှာကို အလွန်အမင်း စိုးရိမ်တဲ့ အတွက် အစားအသောက် ကို အလွန်အကျွံ လျော့စားတတ်သလို စားပြီးတဲ့ အခါ ပြန်အန်ထုတ်တာ မျိုးတွေအထိပါ ရှိုနိုင်ပါတယ်။ ဆီးဆေး ဝမ်းနှုတ်ဆေး တွေကို အလွဲသုံးစား အသုံးပြုပြီး ကိုယ်အလေးချိန်ကို လျော့ချဖို့ လည်း ကြိုးစားတတ်ကြပါတယ်။
ကိုယ့်ကိုယ်ကို ဝနေသေးတယ်လို့ ထင်နေတဲ့ အတွက် စိတ်ဓာတ်ကျခြင်း နဲ့ စိုးရိမ်ပူပန်သောက ဝေဒနာတွေကို ခံစားနေရတတ်ပါတယ်။
ဘယ်လိုပြဿနာတွေ ဖြစ်လာနိုင်သလဲ
ကိုယ်အလေးချိန် အရမ်း ကျသွားတဲ့အခါမှာ ခန္ဓာကိုယ် ဇီဝဖြစ်စဉ် မမှန်ကန်တွေ ဖြစ်လာတဲ့ အတွက် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။
ခန္ဓာကိုယ် ကြီးထွားနေဆဲ အရွယ်ဖြစ်ခဲ့ရင် အရပ်မရှည်တာ ကိုယ်ခန္ဓာ ကြီးထွားမှု ရပ်ဆိုင်းသွားတာတွေ ဖြစ်နိုင်ပါတယ်။
ဆီးဆေး ဝမ်းနှုတ်ဆေး တွေကို အလွန်အကျွံ သောက်တဲ့ အတွက်ကြောင့်လည်း Sodium Potassium အစရှိတဲ့ ခန္ဓာကိုယ်မှာရှိသင့်တဲ့ ဓာတ်တွေ မမှန်ဖြစ်လာတတ်ပါတယ်။ ဒီလို အခါမှာ နှလုံးခုန်မမှန်တာ အခန့်မသင့်ရင် အသက်သေဆုံးသည် အထိပါ ဖြစ်လာနိုင်ပါတယ်။
အစာမစားတာကြောင့် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ မရတဲ့အခါ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
သွေးအားနည်းတဲ့ အတွက် ကြောင့်လည်း မကြာခဏ အားနည်းတာ မူးလဲတာတွေ ဖြစ်နိုင်ပါတယ်။
ဒီလို ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်နိုင်တာကြောင့် ကိုယ်အလေးချိန် လျော့ချတာဟာလည်း အတိုင်းအဆ တစ်ခုရောက်ရင် ရပ်ရမှာပဲ ဖြစ်ပါတယ်။ ငယ်ရွယ်သူ မိန်းကလေး တွေမှာ အတွေ့ရ များတာမို့ သမီးရှင် မိဘတွေ အနေနဲ့ လည်း မိမိတို့ ကလေးမှာ ဒီလို လက္ခဏာတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ သွားပြီး သွားရောက် တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။
ကျန်းမာလှပသော ခန္ဓာကိုယ် ကို ပိုင်ဆိုင်နိုင်ကြပါစေနော် ။