” အမွှာဆို လာထား ”
အမွှာသားသမီးရတနာဆိုတာ အိမ်ထောင်တိုင်းက တောင့်တလွန်းတဲ့ အိမ်မက်တော့ မဟုတ်ပါဘူး။ တစ်ချို့တွေက အမွှာလိုချင်လွန်းတဲ့အတွက် ကြားသမျှဆေးမြီးတိုတွေ ဆုတောင်းပြည့်ဘုရားတွေမှာ ဆုတောင်းကြသလောက် တချို့ကလည်း ခါးခါးသီးသီးပါပဲ။ ဒီဆောင်းပါးလေးကတော့ အမွှာဆို လာထားလို့ ကြုံးဝါးနေတဲ့ မေမေ ဖေဖေ တို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ် ။
အမွှာသန္ဓေရဖို့ တောင့်တနေကြတဲ့ မိဘတွေအတွက် အမွှာ ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုတာ အရင်ရှင်းပြချင်ပါတယ် ။
နှစ်မျိုးရှိပါတယ် ။
တစ်သွေမတိမ်း ထပ်တူကျတဲ့ အမွှာတွေကို Identical twins ( သို့မဟုတ် ) monozygotic twins ( သို့မဟုတ် ) Non-fraternal twins လို့ခေါ်တယ် ။ သူတို့တွေက မမျိုးဥ ၁ဥနဲ့ သုတ်ကောင် ၁ကောင် ပေါင်းတယ်၊ ပြီးတော့မှ ကွဲထွက်ပြီး သန္ဓေသား နှစ်ခု ဖြစ်သွားတာပါ ။သူတို့ နှစ်ယောက်လုံးပေါင်းမှ အချင်းတစ်ခုတည်းရှိပြီး အဲ့ဒီအချင်းကနေပဲ မိခင်ဆီက အဟာရတွေကို မျှယူစားသောက်တာပါ ။ သူတို့ရဲ့ မျိုးရိုးဗီဇ အကုန်လုံးကလည်း ထပ်တူကျလေ့ ရှိပါတယ် ။
နောက်တစ်မျိုးကတော့ တစ်ဦးနဲ့တစ်ဦး ထပ်တူကျလေ့မရှိတဲ့ အမွှာပါ ။ သူတို့ကိုတော့ Non-identical ( သို့မဟုတ် ) Dizygotic twins (သို့မဟုတ်) Fraternal twins လို့ခေါ်ပါတယ် ။ မမျိုးဥ ၂ဥ နဲ့ သုတ်ကောင် ၂ကောင် ပေါင်းပြီး ဖြစ်ပေါ်လာတာပါ ။ အချင်းသက်သက်ဆီဖြစ်သွားပြီး မျိုးရိုးဗီဇတွေကလည်း မောင်နှမအရင်းအချာတွေလောက်ပဲ ထပ်တူကျပါတော့တယ် ။ ရုပ်သွင်ပြင်လက္ခဏာတွေကတော့ အနည်းငယ်သာတူလေ့ရှိပြီး တော်တော်များများကတော့ ကွဲပြားပါတယ် ။
အမွှာမွေးနိုင်ခြင်း၊ မမွေးနိုင်ခြင်းက ကိုယ်ဝန်ဆောင်တဲ့ အမေအပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ် ။ အမေဘက်က မျိုးရိုးက မမျိုးဥ များများကြွေလေ့ရှိတယ် ဆိုရင်တော့ အမွှာရနိုင်ခြေက အရမ်းကို မြင့်တတ်သွားပါပြီ ။
အခုကစပြီးတော့ အမွှာသန္ဓေရအောင် လုပ်ဆောင်နိုင်တဲ့ အချက်လေးတွေကို ဆွေးနွေးတင်ပြပါတော့မယ် ။
– အသက် ၃၅ ကျော်လာခြင်း ။
အသက်ကြီးတာက ဒီတစ်ခါတော့ အထောက်အကူပြုပါတယ် ။ ဘာလို့လည်းဆိုတော့ အမျိုးသမီးတွေက သွေးဆုံးခါနီးအရွယ်နားတစ်ဝိုက် တစ်လတည်းမှာပဲ မမျိုးဥ တစ်လုံးထက်ပိုပြီးတော့ ကြွေလေ့ရှိလို့ပါပဲ ။ လေ့လာချက်များအရ အသက် ၃၅ အထက် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ရင် အမွှာမွေးဖွားဖို့ ရာခိုင်နှုန်းပိုများပါတယ် ။
– မိမိအမျိုးသား ၊ အမျိုးသမီးကို ဂရုစိုက်ရွေးချယ်ခြင်း ။
အမွှာဆိုတာ လူတိုင်းမွေးနိုင်ခြေ ရှိပေမဲ့ အမွှာမွေးဖူးတဲ့ မိသားစုနဲ့ တော့ ယှဉ်လို့မရပါဘူး ။ ဒါကြောင့်မို့ အမွှာသားသားမီးမီးလေးတွေ လိုချင်တဲ့ ဖေဖေမေမေတို့ ကိုယ့်အိမ်ထောင်ဖက်ကို ဂရုစိုက်ပြီး ရွေးချယ်ဖို့ လိုပါတယ် ။
– ကိုယ်ဝန်ဆောင်ဖူးခြင်း ။
ကိုယ်ဝန်ဆောင်ပြီးသား မိခင်တွေမှာလည်း နောက်ကိုယ်ဝန်မှာ အမွှာပိုပြီး မွေးနိုင်ပါတယ် ။ ဒါကြာင့်မို့ ဒုတိယကိုယ်ဝန်ကစပြီး အမွှာကိုယ်ဝန်ကို မျှော်လင့်လို့ ရပါတယ် ။
– သန္ဓေတားဆေး ( OC pills ) သောက်ရင်း ကိုယ်ဝန်ဆောင်နိုင်ရန် ကြိုးစားခြင်း ။
ဒါကတော့ တော်တော်ခက်ခဲနိုင်ပါတယ် ။ လေ့လာချက်များအရ OC pills သောက်နေတဲ့ အမျိုးသမီးများ သောက်နေတုံး ရသွားတဲ့ကိုယ်ဝန်ကလည်း အမွှာကိုယ်ဝန်ဖြစ်တာ ပိုများပါတယ် ။
-သန္ဓေတားဆေး ( OC pills ) ရပ်ပြီးပြီးချင်း ကိုယ်ဝန်ရအောင် ကြိုးစားခြင်း ။
OC pills ဆိုတာကလည်း ဟော်မုန်းတွေနဲ့ သန္ဓေမရအောင် ပုံမှန်သောက်ရတဲ့ ဆေးပါ ။ သူဖြတ်ဖြတ်ပြီးချင်း အချိန်မှာ ခန္ဓာကိုယ်က ဟော်မုန်းတွေကို လအတန်ကြာ ပြန်လည်ညှိရပါတယ် ။ အဲ့အချိန်မှာလည်း အမွှာမွေးနိုင်ခြေကို မြင့်တက်စေပါတယ် ။
– အမွှာကိုယ်ဝန်ဆောင်ဖူးခြင်း ။
အမွှာမွေးဖူးတဲ့ မေမေတွေက နောက်ကိုယ်ဝန်တွေလည်း အမွှာမွေးဖို့ ရာခိုင်နှုန်း များပါတယ် ။
– BMI များခြင်း ။
BMI ( Body Mass Index ) ဆိုတာ လူတစ်ယောက်ရဲ့ အရပ်နဲ့ အလေးချိန်ကို အသုံးပြုပြီး တိုင်းတာတဲ့ ပုံသေနည်းပါ ။ ပုံမှန်အားဖြင့်တော့ ၁၈ – ၂၅ အတွင်းရှိရင် အနေတော်ပါပဲ ။အချို့ ပညာရှင်များကတော့ BMI ၃၀ ကျော်ရင် အမွှာမွေးဖို့ ပိုများတယ်ဆိုပေမဲ့လည်း ဒါကတော့ ကျန်းမာတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး ။
– Folic Acid သောက်ခြင်း ။
Folic acid ဆိုတာ မေမေတို့ရဲ့ ရင်သွေးလေးတွေ အာရုံကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် သောက်တဲ့ဆေးပါ ။ သူကလည်း မမျိုးဥကို တစ်လုံးထက်ပိုပြီး ကြွေစေတတ်ပါတယ် ။ အချို့တရာဝန်တွေကတော့ အမွှာလိုချင်တဲ့ မေမေများကို ကိုယ်ဝန်မဆောင်ခင် တစ်လကြိုပြီး သောက်ခိုင်းလေ့ ရှိပါတယ် ။
– အိမ်ထောင်ဖက် အမျိုးသားကို Zinc သောက်ခိုင်းခြင်း ။
Zinc က သုတ်ကောင်တွေကို ကျန်းမာသန်စွမ်းစေပါတယ် ။ ဒီလိုကျန်းမာ ဖြတ်လတ်တဲ့ သုတ်ကောင်တွေမှသာ မမျိုးဥတစ်ဥအပြင် နောက်တစ်ဥဆီပါသွားပြီး ပေါင်းစပ်နိုင်မှာပါ ။ မိမိအိမ်ထောင်ဖက်က ဆေးမသောက်ချင်ဘူးဆိုရင်တောင် Zinc ပါဝင်မှုနှုန်း မြင့်မားတဲ့ ခရုကမာကို စားသုံးဖို့တိုက်တွန်းလိုက်ပါ ။ ဒါ့အပြင် အရွက်အစိမ်းရင့်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပေါင်မုန့်တွေကလည်း Zinc များစွာပါဝင်ပါတယ် ။
– ပီလောပီနံ၊ ကန်စွန်းဥ တို့ကို ပို၍စားသုံးခြင်း ။
သေချာရှင်းပြထားတာမရှိပေမဲ့ လေ့လာချက်တစ်ခုအရတော့ ပီလောပီနံ၊ ကန်စွန်းဥ တို့ကို အဓိကစားလေ့ရှိတဲ့ နေရာတွေမှာ အမွှာတွေပိုမွေးလေ့ ရှိတယ်လို့ ရှာဖွေတွေ့ ရှိထားပါတယ် ။ ဖြစ်နိုင်တာကတော့ ပီလောပီနံ၊ ကန်စွန်းဥ တို့မှာပါတဲ့ ဓာတ်တစ်မျိုးမျိုးက မမျိုးကြွေခြင်းကို အထောက်အကူပြုနေနိုင်ပါတယ် ။
အမွှာနဲ့ ပတ်သတ်လို့ အယူအဆမှားလေးတွေလည်း ရှိပါတယ် ။
– အမွှာက မျိုးဆက်တစ်ခုခြားပြီး မွေးတယ်ဆိုတာ မဟုတ်ပါဘူး ။ တစ်ခါတစ်လေ တချို့မိသားစုတွေမှာ တစ်ခုခြားတွေ့ရပေမဲ့ တိုက်ဆိုင်တာပါ ။ ဘယ်မျိုးဆက်ပဲ ဖြစ်ဖြစ် အမွှာရနိုင်ခြေ ရာခိုင်နှုန်းက တူတူပဲဖြစ်ပါတယ် ။
– တချို့က ကိုယ်ဝန်ဆောင်တုံး နို့နဲ့ နို့ထွက်ပစ္စည်းတွေ အမြောက်အမြား စားသုံးခြင်းက အမွှာရစေနိုင်တယ်လို့ ယုံကြည်ကြပါတယ် ။ ဒါပေမဲ့ အဲ့ယုံကြည်မှုကို မှန်ကန်တယ်လို့ သက်သေပြနိုင်တဲ့ အထောက်အထား မရှိပါဘူး ။
– အပ်စိုက်ကုသခြင်း ၊ ရနံ့ကုထုံး ၊ ပန်းရနံ့များ အသုံးပြူခြင်း ၊ အကြောအဆစ်ပညာဖြင့် ကုသခြင်း တို့ကလည်း အမွှာရနိုင်နှုန်းကို မြင့်တက်စေတဲ့ သက်သေအထောက်အထားလည်း မရှိပါဘူး ။
ဒီလောက်ဆို ပြည့်စုံသွားပြီလို့ထင်ပါတယ်တယ် ။ ချစ်စရာအမွှာ သားသားမီးမီးများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Dr.Z က ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Dr. Z