ဇီယာရွက်ထူပင်ကို အင်္ဂလိပ်လို Country borage,Indian borage,Mexican Mint,Spanish thyme စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ်။
ရုက္ခဗေဒနာမည်ကတော့ Coleus aromaticus Benth. ဖြစ်ပါတယ်။
မျိုရင်းကတော့ Labiatae ပါ။
မြန်မာနိုင်ငံအနှံအပြားမှာ အလေ့ကျပေါက်ပင်အနေနဲ့သော်လည်းကောင်း စိုက်ပျိုးပင်အနေနဲ့သော်လည်းကောင်း တွေ့ရနိုင်ပါတယ်။
နှစ်ရှည်ခံပင်ပျော့ ပင်ငယ်မျိုးဖြစ်ပါတယ်။အရွက်မှာထူပြီး မျက်နှာပြင်နှစ်ဖက်စလုံးမှာ အမွှေးနုလေးတွေပါရှိပါတယ်။အရွက်ပုံစံက ဘဲဥပုံရှိပြီး ကြီးမားကျယ်ပြန့်ပါတယ်။ရွက်နားတွန့်ရှိပြီး စူးရှရှရနံ့ရှိပါတယ်။အပွင့်မှာအလွန်သေးငယ်ပါတယ်။အသီးအနေနဲ့တော့ရှည်လျားပြီး အမြှောင်းခြောက်မြှောင်းပါရှိပါတယ်။
ဇီယာရွက်ထူပင်မှာ Volatile oil,diterpenes(forskolin)စတဲ့ဓါတုဒြပ်ပေါင်းတွေပါဝင်ပါတယ်။
ဒီလိုဒြပ်ပေါင်းတွေပါတဲ့အတွက် ဇီယာရွက်ထူပင်ဟာ ဘက်တီးရီးယားပိုးများကိုသေစေနိုင်သောအစွမ်းသတ္တိ၊လေရှုပြွန်ကိုကျယ်စေသောအစွမ်း၊ရောင်ရမ်းနာကျင်မှုတွေကိုလျော့ပါးသက်သာစေသောအစွမ်းသတ္တိ တွေရှိပြီး ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ်။
ဇီယာရွက်ထူပင်ကို နှာစေးချောင်းဆိုးရောဂါ၊ပန်းနာရင်ကျပ်ရောဂါ၊ဝမ်းပျက်ဝမ်းလျှောရောဂါ၊ဝမ်းကိုက်ရောဂါ၊နားရောဂါတို့အတွက် တိုင်းရင်းဆေးဖော်စပ်ရာမှာ တခြားဆေးဘက်ဝင်အပင်ပစ္စည်းတွေနဲ့အချိုးကျရောပြီး သုံးလေ့ရှိပါတယ်။
ဇီယာရွက်ထူပင်ရဲ့အိမ်တွင်းသုံးဆေးမြီးတိုအနေနဲ့ အသုံးဝင်ပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ချောင်းဆိုး၊လည်ချောင်းနာသက်သာပျောက်ကင်းစေခြင်း
ချောင်းဆိုးတာ၊လည်ချောင်းနာတာဖြစ်ပါက ဇီယာရွက်ထူပင် အရွက်ကိုရေစင်အောင်ဆေးပြီး
ဝါးစားပေးခြင်းဖြင့်သက်သာပျောက်ကင်းနိုင်ပါတယ်။
အရွက်အစိမ်းလိုက် ဝါးမစားချင်တဲ့သူတွေအနေနဲ့တော့ ဇီယာရွက်ထူပင်အရွက်ကို ရေနဲ့ပြုတ်ပြီးရလာတဲ့ပြုတ်ရည်ကိုသောက်နိုင်ပါတယ်။
အရွက်ကိုရေစင်အောင်ဆေးပြီး ထောင်းပြီးရတဲ့သတ္ထုရည်ကိုရေနဲ့ရောသောက်တာလည်းလုပ်နိုင်ပါတယ်။
၂။နှာခေါင်းပိတ်တာကိုသက်သာပျောက်ကင်းစေခြင်း
နှာခေါင်းပိတ်ပါက ဇီယာရွက်ထူပင်အရွက်ကို လက်ထဲပွတ်ချေကာ ရှုပေးခြင်းဖြင့် နှာခေါင်းပိတ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၃။အရေပြားထိခိုက်ရောင်ရမ်းနာတွေကိုသက်သာစေခြင်း
အရေပြားထိခိုက်ရောင်ရမ်းတာတွေဖြစ်ပါက ဇီယာရွက်ထူအရွက်ကို ရေစင်အောင်ဆေးကာ ကြေအောင်ထုထောင်းပြီး ဖြစ်တဲ့အရေပြားနေရာပေါ်ကို ပုံပါ။ပြီးရင် အဝတ်ထူနဲ့စည်းထားပါ။
၄။ဗောက်ပျောက်စေခြင်း
ဗောက်ခဏခဏထတတ်တဲ့သူတွေအတွက်ဆိုရင် ဇီယာရွက်ထူအရွက်ပြုတ်ရည်ဖြင့် မကြာခဏခေါင်းလျှော်ပေးပါက ဗောက်ထခြင်းကိုပျောက်ကင်းသက်သာစေနိုင်ပါတယ်။
၅။အိပ်မပျော်တာ၊ခေါင်းမကြာခဏကိုက်တာ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တာကိုသက်သာစေခြင်း
အိပ်မပျော်တဲ့သူတွေ၊ခေါင်းမကြာမကြာကိုက်တတ်တဲ့သူတွေ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တတ်လေ့ရှိတဲ့အမျိုးသမီးတွေဆိုရင် ဇီယာရွက်ထူအရွက်ကိုအခြောက်လှမ်းကာ ရေနွေးထဲလက်ဖက်ခြောက်ခတ်မယ့်အစား အဲ့အရွက်ခြောက်ထည့်ခတ်ပြီး မကြာခဏသောက်ပေးပါက အိပ်မပျော်တာ၊ခေါင်းမကြာခဏကိုက်တာ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ပြောရရင် ဇီယာရွက်ထူပင်ဟာ ကျန်းမာရေးအတွက်ပဲအသုံးဝင်တာမဟုတ်ပါဘူး။သူ့ရဲ့စူးရှတဲ့ရနံ့ကြောင့် သူ့ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း သုံးကြပါတယ်။
Dr သီတာနွယ်(အမရပူရ)