တချိန်လုံးမောပန်းနွမ်းနယ်သလို ခံစားနေရတယ်ဆိုရင် ဒီဆောင်းပါးလေးကို အချိန်ခဏပေးပြီး ဖတ်ကြည့်ပါ။ဒီဆောင်းပါးမှာ မောပန်းနွမ်းနယ်ခြင်းကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေရယ် သက်သာပြေပျောက်စေမဲ့နည်းလမ်းတွေရယ်ကို ပြောပြပေးသွားပါမယ်။
မောပန်းနွမ်းနယ်ခြင်းဟာ သင့်ကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရ လစဉ် လစဉ်အရွယ်ရောက်ပြီးသား ယာဉ်မောင်း ၂၅ ယောက်အနက် တစ်ယောက်ဟာ မောပန်းနွမ်းနယ်မှုကြောင့် ကားမောင်းနေရင်း အိပ်ပျော်သွားတတ်ကြတယ်လို့ သိရပါတယ်။တစ်နှစ်တစ်နှစ်ကို အိပ်ငိုက်ပြီးကားမောင်းလို့ဖြစ်ရတဲ့ ယာဉ်တိုက်မှုပေါင်း ၇၂၀၀၀ ခန့်ရှိပြီး ၄၄၀၀၀လောက် ထိခိုက်ဒဏ်ရာရကြပါတယ်။
မောပန်းနွမ်းနယ်တယ်ဆိုတာ လူတော်တော်များများ ဖြစ်ဖူးတဲ့ ဖြစ်တတ်တဲ့ လက္ခဏာတစ်ခုပါပဲ။ညဘက်ထွက်တာနောက်ကျတာမျိုး သိပ်ကြိုက်တဲ့ရုပ်ရှင်ဇာတ်လမ်းတွဲကို မိုးလင်းတဲ့ထိထိုင်ကြည့်မိတာမျိုး ဒါမှမဟုတ် အလုပ်မှာ အချိန်ပိုတွေဆင်းရတာမျိုးအခြေအနေတွေမှာ မောပန်းနွမ်းနယ်တတ်ကြပါတယ်။တခါတလေကြပြန်တော့လည်း ဘာကြောင့် မောလို့မောမှန်းမသိအောင် မောနေတာမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။ဒါကြောင့်မို့ သင်ဘာကြောင့် ခဏခဏမောပန်းနွမ်းနယ်နေရတယ်ဆိုတာရဲ့ အကြောင်းအရင်းတချို့ရယ် ဘယ်လိုအင်အားပြန်လည်ဖြည့်တင်းသင့်တယ်ဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။အိပ်ရေးပျက်ခြင်း
ပင်ပန်းနွမ်းနယ်မှုအများစုမှာ အဓိကစဉ်းစားရမဲ့အချက်ကတော့ အိပ်ရေးပျက်ထားသလား ဆိုတာပါပဲ။အသက် ၁၈ နဲ့ ၆၀ အကြား လူတွေအတွက် တနေ့က်ု ၇ နာရီနဲ့အထက် အိပ်စက်ရဖို့ လိုအပ်ပါတယ်။ညစဉ်ရက်ဆက် လုံလောက်တဲ့အိပ်စက်ချိန်မရရှိခြင်းဟာ မောပန်းနွမ်းနယ်မှုကို ဖြစ်စေယုံသာမက မတော်တဆမှုတွေဖြစ်ဖို့ အန္တရာယ်လည်းများပါတယ်။ဒါ့အပြင် ဒီ့ထက်ဆိုးဝါးတဲ့ကျန်းမာရေးပြဿနာတွေလည်း ကြုံရနိုင်ပါသေးတယ်။ဒါတွေကတော့ အဝလွန်ခြင်း သွေးတိုးခြင်း စိတ်ကျရောဂါခံစားရခြင်း နှလုံးရောဂါဖြစ်နိုင်ခြင်း နဲ့ လေဖြတ်နိုင်ခြင်းတို့ပဲဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ တညကို ၇ နာရီလောက် အိပ်ရဖို့ကို ခက်ခဲနေတယ် ဒါမှမဟုတ် အိပ်မပျော်ဘူးဖြစ်နေတယ်ဆိုရင် အခုပြောပြတဲ့နည်းလမ်းတွေကို ကျင့်သုံးကြည့်ဖို့ အကြံပေးလိုပါတယ်။ဒါတွေကတော့
၁)ပုံမှန်အိပ်ရာဝင်ချိန် ပုံမှန်အိပ်ရာထချိန် သတ်မှတ်ပါ။
၂)နေ့လည်နေ့ခင်း ခဏခဏ အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ။
၃)သင့်အိပ်ခန်းဟာ တိတ်ဆိတ်ပြီး အလင်းအရမ်းမဝင်ရင်ကောင်းပါတယ်။ပူလောင်အိုက်စပ်မနေဖို့လည်း အရေးကြီးပါတယ်။
၄)ကော်ဖီတွေ လက်ဘက်ရည်တွေ အရမ်းမသောက်ပါနဲ့။
၅)မအိပ်ခင် ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
၂။အာဟာရညီညွတ်မျှတမှုမရှိခြင်း
မောပန်းနွမ်းနယ်ခြင်းဟာ အာဟာရညီညွတ်မျှတမှု မရှိတာနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်ဖို့ လိုအပ်တဲ့အာဟာရတွေရရှိဖို့နဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေဖို့ အဓိကစားရမဲ့ အစာအုပ်စု ငါးမျိုး ရှိပါတယ်။
ဒါတွေကတော့
(1) သစ်သီးတွေ
(2) ဟင်းသီးဟင်းရွက်တွေ
(3) ပြောင်းဆန်လိုအစေ့အဆန်တွေ
(4) အသားဓာတ် နဲ့
(5) နို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
အာဟာရပြည့်အောင် လွယ်လွယ်ကူကူစားလို့ရနိုင်မဲ့ နည်းလမ်းတွေကတော့
၁)အစားအစာကို အရမ်းမများလွန်း မနည်းလွန်းတဲ့ ပမာဏသာ စားပါ။
၂)သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ နေ့စဉ်စားပါ။
၃)အဆီလျော့စားပါ။
၄)အချိုဓာတ်များတဲ့အစားအစာတွေ လျော့ချပါ။
၅)မနက်စာနေ့တိုင်းစားဖြစ်အောင် စားပါ။
၆)အစာစားတဲ့အချိန် ပုံမှန်ထားပါ။
၇)ရေများများသောက်ပါ။
၃။ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
ပင်ပန်းနွမ်းနယ်နေတဲ့အချိန်ဆို ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ပြီး နားပစ်လိုက်တာမျိုး လှဲအိပ်ပစ်လိုက်တာမျိုးကသာ အကောင်းဆုံးလို့ ထင်ကြပါလိမ့်မယ်။ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်တာမျိုးကလည်း ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်တယ်ဆိုတာလည်း သိထားဖို့လိုအပ်ပါတယ်။ဒါကြောင့် တနေ့ကို အနည်းဆုံး ၁၅ မိနစ်လောက်ထိ လေ့ကျင့်ခန်းပုံမှန်လေး လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။
၄။စိတ်ဖိစီးမှုများလွန်းခြင်း
အလုပ်ကြောင့် စီးပွားရေးပြဿနာကြောင့် မိသားစုကိစ္စတွေကြောင့် အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ ခံစားရနိုင်ပါတယ်။အချိန်အကြာကြီး အလွန်အကျွံစိတ်ဖိစီးမှုတွေ ရင်ဆိုင်နေရရင်တော့ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုတွေ ခံစားရပြီး မကျန်းမမာဖြစ်နိုင်ပါတယ်။
စိတ်ဖိစီးမှုကင်းဝေးအောင်လုပ်နိုင်တဲ့အရာတွေကတော့
၁)ဘာကြောင့်စိတ်ဖိစီးရသလဲကို သိအောင်လုပ်ပါ
၂)မတတ်နိုင်တာ မလုပ်နိုင်တာတွေကို ငြင်းဖို့ အားမနာပါနဲ့
၃)စိတ်ဒုက္ခပေးမဲ့သူတွေကိုရှောင်ပါ
၄)မပြောင်းလဲနိုင်တဲ့အရာတွေကို လက်ခံပါ
၅)ခွင့်လွှတ်တတ်တဲ့အကျင့်မွေးပါ
၅။ရောဂါများ
တကယ်လို့ အထက်ပါအချက်များကြောင့် မဟုတ်ပဲ
တချိန်လုံးမောနေခဲ့ပြီဆိုရင်တော့ ရောဂါအခံတခုခုကြောင့် ဖြစ်နိုင်ပါတယ်။မောပန်းခြင်းကို ဖြစ်စေတဲ့ရောဂါတွေကတော့
၁)သွေးအားနည်းခြင်း
၂)လည်ပင်းကြီးရောဂါ
၃)ဆီးချို
၄)စိတ်ကျရောဂါ
၅)ဆီးပိုးဝင်ခြင်း
၆)နှလုံးရောဂါ တို့ပဲ ဖြစ်ပါတယ်။
ဒါတွေကြောင့် မောနေတယ်ဆိုတာကိုတော့ ဆေးရုံဆေးခန်းမှာ စမ်းသပ်မှုခံယူမှသာ သိနိုင်မှာဖြစ်ပြီး ဆေးရုံဆေးခန်းမှာပဲ ကုသမှုခံယူဖို့ လိုအပ်ပါလိမ့်မယ်လို့ အသိပေးလိုက်ရပါတယ်။
Dr လန်း