fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ထောပတ်သီးနှင့် ဝိတ်ချခြင်းရဲ့အလွဲများ

ထောပတ်သီးနှင့် ဝိတ်ချခြင်းရဲ့အလွဲများ

 

“အခုတစ်လော အရမ်းဝနေလို့ weight ချနေတယ်လေ။ ဒါကြောင့် ညဖက်ဆိုရင် ထမင်း မစားဘူး ထောပတ်သီး ဖျော်ရည် သောက်တယ်   ”  ကျောင်း canteen သို့ ဝင်ဝင်လာခြင်းပင် ဖြုပြာထွန်း ပြောလိုက်သည်။ ကျော်ထက်၊ ကောင်းခန့်တို့ မျက်လုံးဝေ့ ကြည့်လိုက်သည်။

နီလာထွန်းက မေးလိုက်သည်။

” စားနေတာ ကြာပြီလား။ ” အမေးရှိပြီ ဖြစ်သဖြင့် ဖြေချင်နေသူ ဖြူပြာထွန်း တစ်ယောက် ခရားရေလွှတ် ပြောချင်နေသူပီပီ ပြောရန် ဟန်ပြင်လိုက်သည်။

” တစ်ပတ်လောက်ရှိပြီ။ ထမင်းမစားဘူး။ ညတိုင်း ထောပတ်သီးဖျော်ရည်ပဲ သောက်တယ်။ ထောက်ပတ်သီးက လူတိုင်းအတွက် အရမ်းသင့်တော်တဲ့ အသီး တစ်မျိုးပဲ။ သူ့ထဲမှာ အစာ အဟာရတွေ အများကြီးပါဝင်တယ်။ Vitamin K, C, E, B5, B6 , folate နဲ့ potassium ဆိုတဲ့ သက်စောင့် ဓာတ်တွေ အများကြီးပါဝင်တဲ့ အတွက် လူ့ခန္ဓာကိုယ်အတွက် အထူးသင့်လျော်တယ်။ Potassium ဆိုတဲ့ ဓာတ်က ငှက်ပျော်သီးမှာ ပါတာထက် ပိုပါတယ်။ Potassium ပါတဲ့အတွက် သွေးပေါင်ချိန်ကို ကျစေတယ်။ နှလုံးထိခိုက်တာ လေဖြတ်တာနဲ့ ကျောက်ကပ်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်တယ်။ ဒါအပြင် သူ့ထဲမှာ အမျှင်ဓာတ်တွေ အများအပြား ပါဝင်တဲ့ အတွက် ဝမ်းချုပ်တတ်တဲ့ သူတွေအတွက် အရမ်းကို သင့်တော်ပါတယ်။ ဝမ်းကိုပုံမှန်သွားစေတယ်။ အမျှင်ဓာတ် များတဲ့ အတွက် ကိုယ်အလေးချိန်ကို ကျစေနိုင်တဲ့ အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကိုလည်း ကောင်းမွန်စေတယ်”

အားလုံးကား ကိုယ့်ရှေ့ရှိ ထမင်းကိုသာ အာရုံစိုက်ပြီး စားနေကြသည်။ ကောင်းခန့် တစ်ယောက် ဖြူပြာ ပြောသည်ကို နားလည်တာတစ်ဝက် နားမလည်တာ တစ်ဝက်။ အဓိကက ဗိုက်ပြည့်ဖို့ အရေးကြီးသည်။ ညနေ အတန်းတက် ရဦးမည်။ အခု ထမင်း ဝအောင် စားမည်။ ဖြူပြာကတော့ သူ့ ထမင်းချိမ့်လေးကို ဖွင့်ကာ စကား ဆက်ပြန်သည်။ ဘာဟင်းတွေ များပါသလဲဟု ကျော်ထက် လှမ်းကြည့်လိုက်သည်။ ကြက်သားပြုတ်ကြော်နှင့် ကန်စွန်းရွက်ကြော်။ နီလာထွန်းက ကြက်သားတစ်တုံးလှမ်းထည့်လိုက်သည်။

”  အရေးအကြီးဆုံးကတော့ သွေးတွင်း Cholesterol နဲ့ Triglyceride  level ကို ကျစေတာပဲ။ သွေးတွင်း Cholesterol ကျစေတဲ့ အတွက် သွေးတွင်း အဆီဓာတ်များတဲ့သူတွေ အနေနဲ့ ထောပတ်သီးကို မှန်မှန်စားပေးသင့်တယ်။ သွေးတွင်းအဆီ ဓာတ်များတာ ရဲ့နောက်ဆက်တွဲ ဖြစ်တဲ့ နှလုံးသွေးကြောတွေ ထူလာတာ၊ နှလုံးရောဂါနဲ့ လေဖြတ်တာတွေကို ကာကွယ်ပြီးသားဖြစ်သွားမယ်။ ဆီးချို သွေးချို ဖြစ်နှုန်းလည်း ထောပတ်သီးစားတဲ့ သူတွေမှာ နည်းသွားတယ်။”

ကောင်းခန့်က မကောင်းတတ်သဖြင့် ဝင်ထောက်ခံသည်။

” နင့် ထောပတ်သီးက တော်တော် ကောင်းတာပဲ နော်  ” ပြောရင်းနှင့် ကြက်သားတစ်တုံး ကို ဇွန်းနှင့် ခပ်လိုက်သည်။

“ပြီးတော့ မျက်လုံးအတွက်လည်း အရမ်းကောင်းမွန်တယ်။ Carotenoids, lutein နဲ့ zeaxanthin ဆိုတဲ့ဓာတ်တွေ ကြောင့် အသက်ကြီးသည်အထိ မျက်လုံးကျန်းမာရေးကို စောင့်ရှောက်ပြီးသားဖြစ်သွားမယ်။  ” ဖြူပြာ ထွန်း တစ်ယောက် အစားရပ်ကာ ထပ်ပြောသည်။

”  ပြီးတော့လည်း cancer ကို ကာကွယ်နိုင်တယ်လို့ သုတေသနရလဒ်တွေက ပြောထားတယ်။ ဒါကြောင့် ငါ ပိန်ချင်တာရော ကျန်းမာ ချင်တာရောကြောင့် ညတိုင်း ထောပတ်သီးဖျော်ရည်ပဲ သောက်တယ်။” ဖြူပြာသည် မောသွားသောကြောင့် ရေတစ်ခွက်မော့သောက်လိုက်သည်။  ဖြူပြာ ပြောပြီးသည်နှင့် ကျော်ထက်သည် စကားစရန် ဟန်ပြင်လိုက်သည်။ ထမင်းချိမ့်ကိုပြန်ပိတ်လိုက်သည်။ ရေ တစ်ခွက် မော့လိုက်သည်။ ထို့နောက် ချောင်းတစ်ချက် ဟန့်လိုက်သည်။ သို့သော် မည်သူကမှ မော့ မကြည့်။ သို့သော် ကျော်ထက်သည် ဖြူပြာကို တည့်တည့်ကြည့်ကာ စကား စလိုက်သည်။

” မိဖြူပြာ နင်က ညတိုင်းထောပတ်သီးဖျော်ရည်သောက်ပြီး weight ချနေတယ်ဆိုတော့ ကဲ ပြောစမ်းပါဦး။ ဘယ်နှစ်ပေါင် ကျသွားပြီလဲ။  ” ဖြူပြာသည် ရယ်ကျဲကျဲ နှင့်

“သောက်တာ တစ်ပတ်ပဲ ရှိသေးလို့ထင်တယ်။ တစ်ပေါင်ပဲ ကျသေးတယ်။ တစ်ပတ်နဲ့ မသိသာ ဘူးလို့ပြောကြတယ်။ တစ်လ လောက်ဆိုရင်တော့ သိသာတယ်တဲ့။  ”

” တစ်ပတ်ကို တစ်ပေါင်ကြီးများတောင် ကျသွားတာကိုး။   ”

” အင်းလေ။   ”

”  မေးပါရစေဦး။ ထောပတ်သီးဖျော်ရည်သောက်တော့ သကြားတွေ နို့ဆီတွေ နွားနို့တွေရော ပါသေးလား ” ကျော်ထက်သည် သူသိချင်သည်များကို စေ့စေ့ပေါက်ပေါက်မေးနေသည်။

” ထောပတ်သီးဖျော်ရည်ဆိုမှတော့ ပါတာပေါ့။ သကြားရော၊ နွားနို့ရော၊ နို့ဆီရော ပါမှ သောက်လို့ကောင်းတာပေါ့။ မပါပဲ သောက်ရင် မသောက်နိုင်ပါဘူး။   ”

” ဘယ် နှစ်ခွက်သောက်လဲ  ”

” တစ်နေ့ကို နှစ်ခွက်လောက်သောက်မှ ညဖက် အဆင်ပြေတာ။ တစ်ခွက်ထဲ သောက်ရင် ဗိုက်သိပ်မဝချင်ဘူး။ ဒါကြောင့် ငါ တစ်ညကို နှစ်ခွက်လောက်တော့ သောက်ဖြစ်တယ်။ ” ကောင်းခန့်သည် စားလက်စ ထမင်းကို ရပ်လိုက်သည်။ ဖြူပြာကို အံသြော်တကြီး ကြည့်လိုက်သည်။

”  တစ်နေ့ နှစ်ခွက် ။ သကြားတွေ နို့ဆီတွေလည်း ပါသေးတယ် ”  ကောင်းခန့် တစ်ယောက် ဖြူပြာဆီ က ကြက်သားတုံးလေး စားထားသည့် မျက်နှာကြောင့် ဘာမှတော့ မပြော။ စိတ်ကူး ထဲမှ စကားလုံးများကား နှုတ်မှ ထွက်မလာ။

” နင် ဒီတစ်သက် ပိန်ဦးမယ် မထင်ဘူး ” ကျော်ထက် က ဖြူပြာကို တည့်ပြောသည်။ ကောင်းခန့်သည် ပါးစပ်က ထုတ်မပြောပေမဲ့ ကျော်ထက် စကားကို စိတ်ထဲမှထောက်ခံလိုက်သည်။

” အဲဒီလောက် အချိုတွေများတဲ့ ထောပတ်သီးဖျော်ရည်သောက်ပြီး weight ချတယ်တဲ့။ ထောပတ်သီးက Cholersterol ကျစေတယ်ဆိုတာ ဒီအတိုင်းစားရတာ နင့်လို သကြားတွေ နို့ဆီတွေ ထည့်ပြီး သောက်နေမှတော့ ပိုတောင် ဝလာဦးမယ်။ သကြားတို့ နို့ဆီတို့ဟာ ခန္ဓာကိုယ်မှာ ပိုနေရင် အဆီ အဖြစ် ပြောင်းလိုက်တာ။ အဆီ မစားပေမဲ့လည်း အချို စားတဲ့ သူတွေရဲ့ သွေးထဲ မှာ Cholesterol တွေ တက်နေတတ်တယ်။ သိရဲ့လား။ ”

” ဟုတ်တယ်။ အချိုဓာတ်ဟာ လူတွေကို သိပ်ဝစေတယ်။ အချိုကြိုက်တဲ့ သူတွေဟာ ဝတတ်တယ်။ ” နီလာထွန်းက ထောက်ခံသည်။

” နင် ထောပတ်သီးကို စားချင်တယ်ဆိုရင် ဒီအတိုင်းစား။ ဖျော်ရည်လို အချိုတွေ ထည့်မသောက်နဲ့။ အဲဒါဆို နင် weight ကျသွားပြီ။ ” ကျော်ထက်က သူ့အမြင်ကို စေတနာနှင့် အကြံပေးသည်။

” ဟုတ်တယ် ” ကောင်းခန့်က ဒီတစ်ခေါက် တော့ ကျော်ထက်ဖက်မှ ရပ်တည်လိုက်သည်။

“နင်တို့ ဘယ်သူပြောလဲ  ” ဖြူပြာထွန်းသည် အားလုံးကို တစ်ချက်စီကြည့်၍ မေးလိုက်သည်။

” weight ချတယ်ဆိုတာ ညဖက် အသီးအနှံတွေ စားပြီးချလို့ရပါတယ်။ ထောပတ်သီးဖျောရည်သောက်ပြီးတော့ Weight မချပါနဲ့။ ထောက်ပတ်သီးကို ဒီအတိုင်း အစိမ်းစားလို့ရတယ်။ အချိုတော့ မစားရဘူး။ အချို စားတဲ့သူတွေဟာ သိပ်ဝတတ်တယ်။ နင်ဒီအတိုင်းသာ ဆက်စားသွားရင် Weight မကျတဲ့ အပြင် တက်ကိုလာဦးမယ်။

ဖြုပြာထွန်း မျက်လုံးပြူးသွားသည်။ ပိန်ချင်သူ ပီပီ ၀ သည်ဆိုသည့်အသံကိုပင် မကြားချင်သူ။  ”

” ထောဖက်သီး ဖျောရည်အစား ထောပတ်သီးကို ဒီအတိုင်း အစိမ်းစားလို့ရတယ်။ နောက်တစ်ခု က ထောပတ်သီးအပြင် ထခြား အသီးအနှံတွေ ကို ဒီအတိုင်း စားလို့လည်း ရပါတယ်။ နောက်တစ်ခုက ညဖက်ကို အရွက်ကြော်တွေ စားပေးရင်လည်း Weight ကျပါတယ်။   ”

” အေးပါဟယ်  ” သူငယ်ချင်းများ၏ အကြံပေးချက်ကို ဖြူပြာထွန်းတစ်ယောက် ကြည်ကြည်သာသာ လက်ခံလိုက်သည်။

”  ထောပတ်သီးကို ကြိုက်ရင် အစိမ်းစားကြည့်ပါလား ” ကျော်ထက်က အကြံဉာဏ်ပေးသည်။

” ငါက အစိမ်းဆိုရင် မကြိုက်ဘူးဟ ။နွားနိုလေးပါမှ ကြိုက်တာ  ”

” ဒါဆိုလည်းထောပတ်သီး မစားပဲ ။ တခြား အသီးအနှံတွေကိုသာ ကြိုးစားပြီးစားကြည့်ပါ။ အဆင်ပြေသွားလိမ့်မယ် ” နီလာထွန်းက နောက် တစ်ကြိမ် ထပ်ပြောသည်။

” အေးပါဟယ်   ”

ဖြူပြာထွန်းတစ်ယောက် ညဖက် ဘာစားရင် ကောင်းမလဲ ဟုတွေးရင်း အတွေး နယ်ချဲ့မိသည်။ စာသင်ခန်းထဲ မည်သို့ ရောက်သွားသည်ကိုပင် မမှတ်မိ။ ညဖက် စားရန် အစားအစးားများတွေးတော်ရင်း ညနေခင်း ကျောင်းဆင်းချိန်သို့ သာ ရောက်သွားတော့သည်။

Dr. အေးချမ်းမိုး

ဆက်စပ် ဆောင်းပါးများ