ဘီပိုးစီပိုးHIVပိုး အမျိုးမျိုးကူးသွားနိုင်တဲ့ မက်ဂလောင်ခြစ်ခြင်း
းကျွန်တော်တို့မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူတချို့တဝက်လောက်ဟာ ဖျားတာ၊နေမကောင်းတာဖြစ်ပြီဆိုရင် ဆရာဝန်နဲ့အရင်ပြသလေ့မရှိကြဘဲ ငန်းဆေးသောက်ချွေးထုတ်တာ၊နှင်းနှိပ်ခံတာ၊ဂျင်းပြုတ်ရည်သောက်တာ စတဲ့အရပ်နည်းတွေကို အရင်စမ်းကြည့်ကြလေ့ရှိပါတယ်။မက်ဂလောင်ခြစ်တာဟာလည်း အရပ်နည်းတွေထဲက အသုံးများလေ့ရှိပြီး ပေါ်ပြူလာဖြစ်တဲ့ နည်းတခုဖြစ်ပါတယ်။မက်ဂလောင်ခြစ်တာကို ရှားခြစ်တယ်လို့လည်းခေါ်ကြပါတယ်။မက်ဂလောင်ဖောက်တာနဲ့မတူပါဘူး။သပ်သပ်စီပါ။မက်ဂလောင်ဖောက်တဲ့အကြောင်းကိုတော့ သပ်သပ်ဆောင်းပါးတပုဒ်အနေနဲ့ရေးသားတင်ပြပါမယ်။တောင်ပေါ်ဒေသနဲ့ကျေးလက်ဒေသတွေ မှာနေတဲ့သူတွေကြား မက်ဂလောင်ခြစ်တာများလေ့ရှိပြီး အထူးသဖြင့် ရှမ်း၊ကချင် တိုင်းရင်းသားတွေဟာ အများဆုံးမက်ဂလောင်ခြစ်လေ့ရှိတတ်ပါတယ်။တကယ်တော့ မက်ဂလောင်ခြစ်နည်းဟာ မြန်မာတိုင်းရင်းနည်းမဟုတ်ပါဘူး။တရုတ်ရိုးရာအပ်စိုက်နည်းကနေဆင့်ပွားဆင်းသက်လာတဲ့ တရုတ်ရိုးရာနည်းတမျိုးပဲဖြစ်ပါတယ်။တရုတ်လို Gua Sha လို့ခေါ်ပါတယ်။မက်ဂလောင်ခြစ်တဲ့အခါလိုက်နာရမယ့် စည်းကမ်းတွေကိုလည်းတရုတ်ရိုးရာအပ်စိုက်ကျမ်းထဲမှာ အောက်ပါအတိုင်းရေးထားပါတယ်။အရင်ဆုံး ခြစ်မယ့်နေရာအရေပြားပေါ်ကို ဆီတခုခု(အုန်းဆီ၊နှမ်းဆီ)သုတ်လိမ်းရပါမယ်။ပြီးမှ အကြွေစေ့၊ကြွေဇွန်း၊ကျောက်စိမ်းပြား စတဲ့ပစ္စည်းတခုခုသုံးပြီးသုံးတဲ့ပစ္စည်းရဲ့အနားညီညာပြီး ကြမ်းရှမှုမရှိတဲ့ အသွားခပ်တုံးတုံးဖက်နဲ့ပဲ အရေပြားကိုနီရဲလာတဲ့အထိ ဆက်တိုက်ခြစ်ရပါမယ်။အထက်ဖက်ကနေ အောက်ဖက်ကို(နှလုံးကနေဝေးရာဖက်ကို) ပဲ ဆွဲခြစ်ရပြီး ခြစ်တဲ့အခြစ်ရာတခုစီရဲ့အရှည်ဟာ လေးလက်မကနေ ခြောက်လက်မရှိရပါမယ်။မက်ဂလောင်ခြစ်တာကို ကျောကုန်း၊လည်ပင်း၊ဂုတ်၊ခြေ၊လက်၊တင်ပါးနေရာတွေမှာလုပ်နိုင်ပါတယ်။မက်ဂလောင်ခြစ်တဲ့အခါ ဆံခြည်မျှင်သွေးကြောထဲကသွေးတွေထွက်လာတဲ့အတွက် အရေပြားပေါ်မှာ သွေးခြေဥသလို အနီစင်းကြောင်းအနီကွက်အမှတ်တွေ ထင်ကျန်နေတတ်ပါတယ်။အကြမ်းအားဖြင့်တော့ မက်ဂလောက်ခြစ်ပြီးနောက်၂ရက်ကနေ၄ရက်လောက်ကြာရင် အနီစင်းကြောင်း၊အနီကွက်တွေဟာ မှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်။
သွေးခြေဥတာများရင်များသလို အနီစင်းကြောင်းအနီကွက်တွေဟာပိုအရောင်ရင့်ပိုကြီးပြီး ပျောက်တာ ကြာနိုင်ပါတယ်။တရုတ်ရိုးရာဆေးနည်းမှာ ခန္ဓာကိုယ်ကျန်းမာနေဖို့ဆိုရင် ချီစွမ်းအင်ဓါတ်ဟာ ခန္ဓာကိုယ်တလျှောက်လွတ်လပ်စွာစီးဆင်းနေဖို့လိုပြီး အကြောင်းကြောင်းကြောင့် ချီစွမ်းအင်ဓါတ်ဟာ ခန္ဓာကိုယ်တနေရာမှာပိတ်ဆို့သွားတဲ့အခါမှာ နာကျင်ကိုက်ခဲတာနေမကောင်းတာတွေဖြစ်လာတယ်လို့ ယုံကြည်ထားပါတယ်။အရှေ့တိုင်းရင်းဆေးပညာအမြင်အရလည်း နေမကောင်းဖြစ်တာ၊ထိုင်းမှိုင်းလေးလံနေတာဟာသွေးလှည်ပတ်မှုအားနည်းပြီး သွေးပုတ်တွေစုနေလို့လို့ ယူဆကြပါတယ်။မက်ဂလောင်ခြစ်ခြင်းဖြင့် ပိတ်နေတဲ့ချီဓါတ်ကိုလည်းပွင့်စေကာ သွေးပုပ်တွေ၊သွေးညစ်တွေထွက်သွားပြီး သွေးလည်ပတ်မှုကောင်းသွားစေတဲ့အတွက် ဖျားတာ၊နေမကောင်းတာ၊ခေါင်းကိုက်တာ၊ကြွက်သားတွေတင်းတာ၊နာကျင်ကိုက်ခဲတာတွေကို သက်သာပျောက်ကင်းစေတယ်လို့ မက်ဂလောင်ခြစ်တဲ့သူတွေက ယုံကြည်ထားကြပါတယ်။အနောက်တိုင်းသုတေသနပညာရှင်တွေကတော့ မက်ဂလောင်ခြစ်လို့ခံစားရတဲ့ရောဂါဝေဒနာသက်သာပျောက်ကင်းတယ်ဆိုတာဟာ ရိုးရာအစွဲယုံကြည်စိတ်ကြောင့် နဲ့ မက်ဂလောင်ခြစ်ထားတဲ့နေရာမှာသွေးလည်ပတ်မှုများလာကာ ပူနွေးနာကျင်လာသလိုခံစားရပြီး နဂိုခံစားနေရတဲ့ဝေဒနာကိုလမ်းလွဲအာရုံပြောင်းသလိုဖြစ်တာကြောင့် ဖြစ်တယ်လို့သုံးသပ်ထားပါတယ်။ဒါ့အပြင် မက်ဂလောင်ခြစ်တဲ့အခါအရေပြားအောက်ကဆံခြည်မျှင်သွေးကြောလေးတွေပေါက်တာ၊အရေပြားပွန်းပဲဒဏ်ရာတွေဖြစ်တာကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ကြောင်းဆိုထားပါတယ်။မက်ဂလောင်ခြစ်ခြင်းကြောင့်ရနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။သွေးလွန်တုပ်ကွေးဖြစ်ပြီး သွေးမွှားဥ(Platelets)ပမာဏကျကာ သွေးထွက်နိုင်ခြေများနေတဲ့သူ၊သွေးမတိတ်ရောဂါရှိတဲ့သူတွေကို မက်ဂလောင်ခြစ်ရင်အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်နိုင်ပါတယ်။အရေပြားပွန်းပဲ့ဒဏ်ရာတွေကနေတဆင့်ပိုးဝင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါ့အပြင်ခြစ်တဲ့ကိရိယာမသန့်ပါက ဘီပိုး၊စီပိုး၊အိတ်အိုင်ဗီပိုးတွေကူးစက်ခံရနိုင်ခြေလည်းရှိပါတယ်။အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ နေမကောင်းတဲ့အခါ မက်ဂလောင်မခြစ်ဘဲဆေးခန်းပြပါလို့အကြံပေးချင်ပါတယ်။
ဒါပေမယ့် ရိုးရာအစွဲယုံကြည်မှုကြောင့်မက်ဂလောင်ခြစ်လေ့ခြစ်ထရှိတဲ့သူတွေကတော့ မက်ဂလောင်ခြစ်တာကိုစွန့်လွှတ်ဖို့ခက်ခဲမှာပါ။ဒီလိုမျိုးသူတွေကိုအကြံပေးချင်တာကတော့ မက်ဂလောင်ခြစ်တဲ့အခါမှာ သုံးတဲ့ပစ္စည်းကို သန့်ရှင်းတဲ့ပစ္စည်းသုံးပါ။မျှမသုံးပါနဲ့။မခြစ်ခင်ရေနွေးနဲ့ပြုတ်ဆေးပါ။တွေ့ကရာကျွဲရိုင်းဗူးခွံ၊အချိုရည်ဘူးခွံတွေနဲ့မခြစ်ပါနဲ့။ခြစ်တဲ့အခါမှာလည်းအရေပြားပွန်းပဲ့ဒဏ်ရာမရအောင်ဂရုစိုက်ပါ။ မက်ဂလောင်ခြစ်ပြီးမသက်သာရင်ဆေးခန်းပြပါ။မက်ဂလောင်ခြစ်ထားပြီးရင်ဆေးမထိုးရဘူးဆိုတာမဟုတ်ပါ လို့အကြံပေးချင်ပါတယ်။
Dr 528