အိပ်ရေးပျက်ခံပြီး စာကျက်တာ မှန်ကန်တဲ့အပြုအမူလား
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေခါနီးလာသောအခါ ကျောင်းသားကျောင်းသူအများစုသည် အိပ်ချိန်များကို လျော့ချကာ စာကျက်ချိန်ကို တိုး၍ ကြိုးစားအားထုတ်ကြပါတယ်။ အချို့ကျောင်းသားများအနေဖြင့် နှစ်ဆတိုးသည့်အနေဖြင့် အိပ်ရေးပျက်သည်အထိ ပိုကြိုးစားကြပါတယ်။ ထိုအခါ စာတွေပိုရလာသလားဆိုသော မေးခွန်းက မေးစရာဖြစ်လာပါတယ်။ ထို့ကြောင့် အိပ်ရေးပျက်ခံစာကျက်သင့်သလားဆိုတာ ကြည့်လိုက်ရအောင်။
အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်လာနိုင်သော အကျိုးဆက်များမှာ
– မိမိရဲ့ တွေးတောဆင်ခြင်မှုစိတ်သည် ပုံမှန်အလုပ်မလုပ်ခြင်း
အိပ်ရေးဝဝအိပ်ခြင်းသည် မိမိမှတ်ဉာဏ် စုစည်းမှု အကောင်းဆုံး စွမ်းဆောင်ရည်ရရှိရန် အရေးကြီးပါတယ်။ ပင်ပန်းနွယ်နယ်နေသော အချိန်တွင် အိပ်ရေးဝဝအိပ်ရန် အထူးလိုအပ်ပါတယ်။ အာရုံစူးစိုက်မှုအတွက် အိပ်ရေးဝရန် အထူးလိုအပ်ပါတယ်။ အိပ်ရေးဝဝအိပ်ခြင်းမရှိပါက လူတစ်ယောက်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်ကာ မှန်ကန်သော ဆုံးဖြတ်ချက်ချရန် ခဲယဉ်းစေပါတယ်။ အလုပ်ပျက်အကိုင်ပျက် ဖြစ်လာပါလိမ့်မယ်။ ကျောင်းသား ကျောင်းသူများသည်လည်း မိမိကျက်မှတ်ထားသော စာများအလုံးစုံမှတ်မိစေရန် အိပ်ရေးဝဝအိပ်ရန် လိုအပ်ပါတယ်။
– စိတ်ခံစားမှု အလိုမကျခြင်း
အိပ်ရေးဝဝအိပ်ခြင်းသည် စိတ်ကြည်လင်လန်းဆန်းစေကာ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ အိပ်ရေးပျက်ပါက စိတ်ကြည်လင်မှု မရှိကာ စိတ်ဖိဆီးမှုဒဏ်မခံနိုင်ဘဲ စိတ်ရှုပ်ထွေးကာ အမှားများနှင့် ရင်ဆိုင်ရနိုင်ပါတယ်။ ကျောင်းသားများအနေဖြင့် မိမိဖြေကြားမည့်မေးခွန်းများကို စိတ်ကြည်လင်စွာဖြေနိုင်ရန် အိပ်ရေးဝရန် လိုအပ်ပါတယ်။
– လှုပ်ရှားမှုများ မထိန်းနိုင်ခြင်း
အိပ်ရေးပျက်ခြင်းသည် မိမိလူပ်ရှားမှုများကို မထိန်းနိုင်ဘဲ ထိခိုက်ဒဏ်ရာရနိုင်ရန် အခွင့်အလမ်းများပါတယ်။ မိမိရင်ဆိုင်ရသော စာမေးခန်းမေးခွန်းလွှာများကို မှန်ကန်စွာ ဖြေဆိုရန်ခက်ခဲပါတယ်။
– အသက်အရွယ်ထက်ပိုပြီး အိုမင်းရင့်ရော်ခြင်း
အိပ်ရေးပျက်ခြင်းသည် အသားအရေခြောက်သွေ့ကာ အရေးအကြောင်းများကိုဖြစ်စေကာ အိုမင်းရင့်ရော်စေပါတယ်။ အိပ်ရေးဝဝအိပ်မှသာ အသားအရေ ချောမောလှပစေနိုင်ပါတယ်။ အရွယ်တင် နုပျိုစေနိုင်ပါတယ်။
– နှလုံးထိခိုက်ခြင်း
တနေ့အိပ်ချိန် ညခြောက်နာရီထက်နည်းပါက သွေးတိုးရောဂါရရှိစေပါတယ်။ အိပ်ရေးပျက်ပါက အခြားသော နှလုံးနှင့်ပတ်သတ်သော ရောဂါများပိုမိုဖြစ်စေပါတယ်။
– ကိုယ်အလေးချိန်တိုးခြင်း
အိပ်ရေးဝဝမအိပ်ခြင်းသည် ပိုမိုဆာလောင်မှုဖြစ်စေကာ အဆီဓာတ်နှင့် ကာဗွန်ဟိုက်ဒြိတ်ဓာတ်များကိုသာ ပိုမိုနှစ်သက်စားသုံးမှု ဖြစ်စေသောကြောင့် ကိုယ်အလေးချိန်တိုးကာ အဝလွန်ခြင်းကို ဖြစ်စေပါတယ်။
– ကိုယ်ခံအားကျဆင်းစေခြင်း
ပင်ပန်းနွမ်းနယ်သောအခါ အိပ်ရေးဝဝအိပ်ရန် အထူးလိုအပ်ပါတယ်။ အိပ်ရေးပျက်ပါက ကိုယ်ခံအား ကျဆင်းလာပါလိမ့်မယ်။ ကိုယ်ခံအားမကောင်းသောကြောင့် အအေးမိ ဖျားနာ နှာစေးချောင်းဆိုးခြင်းအပြင် အခြားသော ကူးစက်ရောဂါများလည်း အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ထို့ကြောင့် ကျောင်းသားကျောင်းသူများအနေဖြင့် ဖျားနာခြင်း ကင်းဝေးစေရန် အိပ်ရေးဝဝအိပ်သင့်ပါတယ်။
Dr. Pyae Shin