ဆိုင်ကယ်ခဏခဏမှောက်တဲ့မြို့
“ဆိုင်ကယ်မှောက်လို့တဲ့ ဆရာ”
“ဒီနေ့တော့ မှောက်လိုက်တဲ့ ဆိုင်ကယ်တွေ ဗျာ ”
” အမယ်လေး ဆရာက ရန်ကုန်က ပြောင်းလာတာ မကြာသေးလို့ ဒီမြို့အထာကို မသိတာ ။ အခါကြီး ရက်ကြီးနေ့ဆို ကျွန်မ တို့ဆေးရုံက လူ စည်ပြီးသားပဲ။ ”
“ဟေ ဟုတ်လား ”
” ဒီနေ့လို ပွဲတော်ရက်တွေ ဆိုရင် ပိုပြီးလို့တောင် လူစည် သေးတယ်။ ”
” လင်းစမ်းပါဦး”
” အခုနော် နည်းနည်း စောသေးလို့ ရောက်မလာကြသေးတာ။ သန်းခေါင်နားနီးလေ လူနာ တွေ လာလေပဲဆရာရေ။ ”
” ဟေ ” ဆရာဝန်သည် အံသြော်လို့သာ နေတော့သည်။
“ဒီ တစ်ညလုံးတော့ အိပ်ရမယ် မထင်နဲ့နော်။ မိုးစင်စင်လင်းမှာ။ ” ဆရာမ၏ နမိတ်စကားကို မကြိုက်။
“မဦးမချွတ် ဆရာမရယ်။ ”
” စောင့်ကြည့်ပါဆရာရယ်” ဆရာဝန်သည် အရေးပေါ်ဌာန ၏ ပြင်ပလူနာ ဌာနတွင် တာဝန်ထမ်းဆောင်နေသည်။ မိမိမှ တစ်ဆင့် သက်ဆိုင်ရာ ဆေးကုသဆောင်များသို့ ပို့ပေးမည်ဖြစ်သည်။
ပြောရင်းဆိုရင်း နောက်တစ်ယောက် ရောက်လာပြန်သည်။
“ဆိုင်ကယ်နဲ့ ကားနဲ့ပွတ်မိလို့ဆရာ”
” ကျွန်တော့်ကားနဲ့ မတိုက်မိပါဘူး ဆရာ။ သူ့ဘာသာ ဆိုင်ကယ်လဲသွားတာပါ။ ”
ကားမောင်းသမားသည် ဆရာဝန်အား ရှင်းပြနေသည်။ ဆရာဝန်သည် ကားသမားကျေနပ်အောင် ခေါင်းငြိမ့်ပြလိုက်သည်။ မိမိကိစ္စ မဟုတ်။ မိမိသည် လူနာကို စစ်ဆေးကြည့်ရှူရန်သာ ဖြစ်သည်။
လူနာကို ကြည့်လိုက်တော့ ခေါင်းတွင် ဒဏ်ရာမတွေ့။ သွေးထွက် နေသည့်နေရာလည်းမ ရှိ။ သို့သော် လူနာသည် ဂယောင်ခြောက်ခြား ပြောနေသည်။ အရက်မူးနေလို့ ပြောနေသည်လားမသိ။ ခေါင်းကို ထိခိုက်မိလို့ပြောနေသည်လား မသေချာ။ လူနာကို စမ်းသပ်မှုများပြုလုပ်ပြီး ခွဲစိတ်ဆောင်သို့ပို့လိုက်သည်။ ပြင်ပလူနာဌာန နှင့် အရေးပေါ် ဌာတွင် တာဝန်ကျသောကြောင့် လူနာကို First aid ပေးပြီး Ward ထဲ သို့ လွဲလိုက်သည်။ သက်ဆိုင်ရာ Ward ထဲရောက် မှ တာဝန်ကျ ဆရာဝန်များက ဆက်လက် ကုသပေးမည်ဖြစ်သည်။ ည ၁၂ ကျော်လာသည်။ ဆိုင်ကယ် သံများကြားရသည်မှာ ဂျက်လေယဉ်များ မောင်းသွားလား အောက်မေ့ရသည်။
ဒီမြို့က လူတွေ ဆိုင်ကယ် စီးတာ ကြမ်းလိုက်တာနော်။
“ဆရာတို့ ရန်ကုန်လိုပေ့ါဆရာရယ်။ ညဖက် ကားရှင်းချိန် ကားပြိုင် မောင်းသလိုမျိုးပေါ့။ ကျွန်တော့်တို့ဆီမှာလည်း ညဖက် လူငယ်တွေ ဆိုင်ကယ်ပြိုင်မောင်းကြတာ ဆရာရေ ”
“ဘုရားရေ။ မှောက်သွားရင် မလွယ်ဘူးနော်။ ကားက မှောက်ဖို့ ခက်တယ်။ ”
“မှောက်မှတော့ ဘယ်လွယ်မလဲ ဆရာရေ ”
“ရန်ကုန်မှာတော့ဆိုင်ကယ် စီးတဲ့ သူ သိပ်မရှိတော့ ဆိုင်ကယ်မှောက်တာ သိပ်မလာဘူးဗျာ” ဆရာဝန်သည် ရန်ကုန်မှ ပြောင်းလာသူဖြစ်သည်။
” ဒီမှာတော့ နေ့တိုင်းဆိုင်ကယ်မှောက်တယ်။ စိတ်ချ ဆရာ ခဏ နေ ထပ်ရောက်လာဦးမယ် ”
” ခင်ဗျားတို့ဗျာ မဦးမချွတ် ပြောပြန်ပြီ ” ဆရာဝန်ကို အယူသီးသည်ဟု ထင်စရာဖြစ်လာသည်။
ပြောတုန်းရှိသေးသည်။ ရဲများနှင့် လူတစ်စု ဝင်လာသည်။ ခေါင်းတွင်လည်း သွေးများက စီးနေသည်။
ဆရာဝန်သည် လူနာကို ခေါင်းကို သေချာ ကြည့်လိုက်သည်။ ဒဏ်ရာသည် မနက်။အပေါ်ယံ အရေပြားလောက်ပင်။
” ကျွန်တော် ဘာမှ မဖြစ်ဖူးဆရာ။ ကျွန်တော် ဘာမှမ ဖြစ်ဘူး”
” ခင်ဗျားဘာမှ မဖြစ်ပေမဲ့ ခင်ဗျား ခေါင်း နည်းနည်းရှထားတယ်။ အဲဒါ ကျွန်တော် ပြန်ချုပ်ပေးမယ် ”
” မချုပ်နဲ့ ဆရာ။ ကျွန်တော် ယောကျာ်း ခံနိုင်ရည်ရှိပါတယ်။ ” ဒီလူနာသည်လည်း မူးနေသည့်အတွက် ကယောင်ကယမ်း ပြောနေပြန်သည်။
” ခင်ဗျား ခံနိုင်ရည်ရှိတာ ကျွန်တော် သိတယ်။ ကျွန်တော်က ဆရာဝန်ဖြစ်တဲ့ အတွက် လက်ပိုက်ကြည့်မနေနိုင်ဘူး။ ခင်ဗျား ခေါင်းက ဒဏ်ရာကို ပျောက်အောင်ကုပေးရမှာပဲ။ ”
“ဒီ မှာ စကားသိပ်မပြောနဲ့ ။ ငြိမ်ငြိမ်နေ။ ” ဘေးမှ Sister သည် လူနာကို တစ်ချက်အော်လိုက်သည်။
ဆရာဝန်ကို မကြောက်သော လူနာ သည် Sister ကို ကြောက်သဖြင့် ပါးစပ်ပိတ်သွားသည်။
” ဘာနဲ့ အရိုက်ခံရတာလဲ ” ဆရာဝန်သည် ဘေးမှ အဖော်ကို မေးလိုက်သည်။
” သစ်ကိုင်းနဲ့ အရိုက်ခံရတာ ဆရာရေ ”
” တစ်ခြားသူတွေရော ”
” တစ်ခြားသူတွေက ရဲစခန်းမှာ ထားခဲ့တယ်။ ဒီလူနာက ခေါင်းထိထားလို့ ဆေးရုံတင်ဖို့လိုမလို လာပြတာပါဆရာ ”
” မလိုပါဘူး ဆရာ ”
” ဆရာ ကျွန်တော် ခေါင်းမူးတယ်။ ခေါင်းတော်တော်မူးနေတယ်။ ဆေးရုံတက်မှ ဖြစ်မယ်ထင်တယ် ” လူနာသည် ဆရာဝန်အား
“ခင်ဗျားခုနပြောတုန်းက ခေါင်း မမူးဘူး။ ခေါင်းမကိုက်ဘူးဆို။ အခုမှ ဘာလို့မူးရတာလဲ ”
” ခုနတုန်းက မမူး ပေမဲ့ အခု မူးတယ်လေ ဆရာ”
ခေါင်းမူးတယ်ဆိုတော့လည်း ဆေးရုံတစ်ရက်လောက်တော့ တင်ထားရမည်။ ကူလီကူမာလုပ်တာလား တကယ် မူးနေတာလားတော့ ကာယကံရှင်မှပဲသိမည်။ သို့သော် ဆရာဝန်အတွက်တော့ ခေါင်းမူးလျှင် ဆေးရုံတင်ထားခြင်းသည် အကောင်းဆုံးပင်။
” ဆရာမရေ လူနာကို ဆေးရုံတင်ဖို့ပြင် လိုက်ပါ ”
ဒီတစ်ညတော့ ဆေးရုံတင်ထားလိုက်တော့မည်။ တစ်ခါ တစ်လေ လူနာတွေနှင့် ဆက်ဆံရသည်မှာ ခက်လှသည်။ ခွဲစိတ်ဆောင်ကို ပို့လိုက်တော့ အရေးပေါ် ဌာနတွင် လူရှင်းသွားသည်။
” ကျွန်တော် ငယ်ငယ်က ဆိုရင် အခါကြီးရက်ကြီးဆိုရင် ကျောင်းပိတ်တော့ သိပ်ပျော်တာပဲဗျာ ” ဆရာဝန်သည် သူငယ်ငယ်က အကြောင်းများကို လွမ်းလွမ်းဆွတ်ဆွတ် ပြန်ပြောနေသည်။
” ကျွန်မတို့ကတော့ အခါကြီးရက်ကြီးဆိုရင် Duty ဆင်းရမှာ ကို ကြောက်တယ်ဆရာရေ။ မြို့ထဲ ပျော်ပွဲရွှင်ပွဲတို့ ဘုရားပွဲတို့ များရှိလို့ကတော့ ကျွန်မတို့တွေကတော့ သေတောင်သေချင်တယ်။
ဖြစ်လိုက်တဲ့ ရန်ပွဲ။ ဓားထိုးမှုလည်း ပါတယ်။ ရိုက်မှုလည်းပါတယ်။ ပြီးရင် ညကြီးသန်းခေါင် ဆိုင်ကယ်မှောက်တာလည်း ပါတယ်။ ” ဆရာ မသည် အခါကြီးရက်ကြီးများကို စိတ်နာနေပုံရသည်။
” အေးဗျာ ကျွန်တော်တို့လို ကျန်းမာရေးဝန်ထမ်းတွေ အတွက်ကတော့ အခါကြီး ရက်ကြီးဆိုရင် ပိုပင်ပန်းတယ်ဗျာ။ အခါကြီး ရက်ကြီးဆိုရင် ဆေးရုံမှာ ဝန်ထမ်းအင်အား နည်းနေတဲ့အချိန် လာလိုက်တဲ့ လူနာတွေဆိုတာ ရင်မောလိုက်တာ။ ဒီလိုပဲ ပေါ့။ အစိုးရ ဝန်ထမ်းဆိုတာ ပြည်သူလူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်ရမှာပဲလေ။ ”
“ကျွန်မကတော့ ဒီဆိုင်ကယ်တွေ မှောက်တာကိုပဲ စိတ်ညစ်တာပါဆရာရေ ”
” ဦးထုပ် ဆောင်းရင် ထိခိုက်တာ သက်သာတယ်။ ဒီမြို့ကလူတွေက ဦးထုပ်လည်း မဆောင်းကြဘူးနော်”
” ဟုတ်တယ်ဆရာရေ.။ ဦးထုပ် မဆောင်းလို့ ဆိုင်ကယ်တိုက်ပြီဆိုတာ နဲ့ခေါင်းကိုထိတာပဲ။ ဒီမြို့မှာ ဆိုင်ကယ်တိုက်လို့ Head Injuary ရတာကတော့ ပေါမှ ပေါပဲဆရာရေ ”
” ဆိုင်ကယ် ဦးထုပ်ဆောင်းဖို့ အသိပညာပေးရမယ်ထင်တယ်။ ”
” အမယ်လေး ဆရာရယ် ဆိုင်းဘုတ်ကြီးတွေ အကြီးကြီး ချိတ်ထားတာပဲလေ။ လူထု ကိုယ်တိုင်ကိုက ဦးထုပ်ဆောင်းဖို့ ဝန်လေးနေကြတာဆရာ ”
“ကိုယ်ကိုတိုင် ဖြစ်ပြီးမှပဲ ဦးထုပ်ဆောင်းကြမယ်ထင်တယ်။ ”
စကားကောင်းနေတုန်းရှိသေးသည်။
” ဆရာရေ ဆိုင်ကယ်တိုက်လို့။ ဆိုင်ကယ် သုံးစီး မှောက်တယ်ဆရာ ”
ဒီနေ့ တော့ မိုးစင်စင်လင်းပြီ။ အရက်ကလည်း သောက်ထားသေးသည်ဆိုတော့သေချာပြီ။ ခေါင်းထိထားတာလား အရက်မူးတာလည်း သဲကွဲမည်မဟုတ်။ လူနာတွေကြည့်ရန် ပြင်လိုက်သည်။ ခွဲစိတ် ဆောင်မှ ဆရာဝန်များကလည်းအရေးပေါ်ဌာနမှ ဆရာဝန်ကို ဆဲတော့မည်။ တင်လိုက်ရင် ခွဲစိတ်ဆောင်ပဲဟု ငြီးတွားကြဦးမည်။ သို့သော် ဆရာဝန်သည် သူ့အလုပ်ကိုသူလုပ်ရမည်။
နယ်မြို့ တစ်မြို၏ Night Duty ကား ဆရာဝန်အား လှိုက်လှိုက်လှဲလှဲ ရှိလှသည်။ လင်းကြက်တွန်သံ ကို ကြားနေရပြီ။ မကြာခင် မိုးလင်းတေ့ာမည်။
Dr.အေးချမ်းမိုး