” ဆရာရေ နေ့လည်က ပင်စင်ရုံးကအပြန် နေလို့မကောင်းလို့ ဆေးခန်းလာပြတာ။ အပူများရှပ်သလားလို့။ သတင်းစာ ရေဒီယိုကလည်း အပူရှပ်တတ်တယ်လို့ ကြေငြာထားတော့ ကြောက်တယ်။ ”
ဦးလှမောင်သည် ဆေးခန်းထဲသို့ဝင်လိုက်သည်နှင့် ဆရာဝန်အား သူလာရင်း အကြောင်းအရင်းကို ပြောလိုက်သည်။ ဦးလှမောင်သည် ဒီဆေးခန်း ဒီဆရာဝန်နှင့် ရင်းနှီးကျွမ်းဝင်လှသည်။
” ဘာတွေ ခံစားနေရလဲ ” ဆရာဝန်သည် ဦးလှမောင်အား စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။
” ချွေးတွေ အဆမတန်ထွက်ပြီး မောနေတယ်။ နှုန်းနေတယ်။ ”
” တစ်ခြားရော ဘာဖြစ်သေးလဲ ”
” ခေါင်းမူးသလိုလို ဖြစ်နေတယ်ဆရာ ”
” ဘာတွေသောက်ထားလဲ။ ”
” ရေနွေးကြမ်းတော့ သောက်ထားပါတယ်ဆရာ။ တစ်ခြား အအေးတွေ ရေခဲရေတော့ မသောက်ထားပါဘူး ”
” ဓာတ်ဆားရည်ရော သောက်ထားလား။ ”
” ကျွန်တော့်မှာ သွေးတိုးရှိတော့ ဓာတ်ဆားရည် သောက်သင့်မသောက်သင့် မသိတာနဲ့ မသောက်ထားပါဘူး ဆရာ။ ဆရာ သောက်ခိုင်းမှပဲ သောက်တော့မယ်လို့ ဆုံးဖြတ်ထားလို့ပါ”
ဒီလို လူနာမျိုးများရှိနေသည်ကလည်း ဆရာဝန်တွေအတွက် ကျေနပ်စရာဖြစ်သည်။ ကျန်းမာရေး ဗဟုသုတရှိသည်။ လေ့လာသည်။ လိုက်စားသည်။ ဆရာဝန် ပြောစကားများကိုလည်း တသွေမသိမ်းလိုက်နာသည်။
” ပင်စင်ရုံးမှာတော်တော် ကြာသွားလို့လား”
” ကြာတာပေါ့ဆရာရယ်။ မနက်စောစော သွားရင်တော့ နေ့လည်လောက်ဆိုရင် ပြီးပါပြီ။ ဒါပေမဲ့ ဒီနေ့မနက် အိမ်က မချိုက နေလို့သိပ်မကောင်းဘူးဆိုတာနဲ့ သူ့ကို လုပ်ပေးကိုင်ပေးနေတာနဲ့ နည်းနည်း နောက်ကျသွားတယ်။ စောင့်လိုက်ရတာ ဆရာရယ်။ နေ့ခင်းမှ ပြီးတယ်။”
ဦးလှမောင်သည် သူ့အခက်အခဲကို ရှင်းပြသည်။ ပင်စင်စား လူကြီးများ၏ ဒုက္ခကလည်းမသေး။
” ပင်စင်ရုံးမှာ လူတွေ အများကြီးပဲ ဆရာရေ။ ပူလိုက်အိုက်လိုက်တာလည်း မပြောပါနဲ့တော့။ ဒီရက်ပိုင်းက ပိုပူလာတော့ ပိုဆိုးတယ်။ ”
“ဟုတ်တယ်။ ဒီရက်ပိုင်းပိုပူတယ် ”
“ဒီနေ့ရုံးမှတောင် အဘွားကြီး တစ်ယောက် မူးလဲသေးတယ်။ ”
” ဟုတ်လား။ ”
” လူတွေကများ။ ရာသီဥတုကလည်း ပူဆိုတော့ မူးလဲမှာပေါ့လေ။ ပင်စင်ထုတ်တာကလည်း လူစားထုတ်လို့မရဘူးလေ ”
” ဟုတ်တာပေါ့ ”
ဆရာဝန်သည် သွေးပေါင်ချိန်နေသည်။
“သွေးပေါင်ကောင်းနေတာပဲ ”
“သွေးကျဆေးလည်း မှန်မှန်သောက်ပါတယ်ဆရာ ။ ကိုယ်လက်လေ့ကျင့်ခန်းအနေနဲ့လမ်းမှန်မှန်လျှေက်ဖြစ်ပါတယ်” ဦးလှမောင်သည် သူ့ကိုယ်သူ အလွန်ဂရုစိုက်သူဖြစ်သည်။
“အခုလိုမျိုး နွေရာသီမှာ ကိုယ်လက် လှုပ်ရှားမှုတွေကို နေပူထဲမှ ပြင်းပြင်းထန်ထန် မလုပ်သင့်ဘူးနော်”
” မနက်ခင်း စောစော ပဲ လမ်းလျှောက်တာပါဆရာ။ ”
” အခုလို နွေရာသီမှာဆိုရင် အသက်ကြီးတဲ့သူတွေနဲ့ အသက်ငယ်တဲ့သူတွေမှာ အပူလွန်ကဲတာ အပူရှပ်တာတွေ ပိုပြီးဖြစ်ပွားတတ်တယ်။ အပြင်က ရာသီဥတု ပူပြင်းတဲ့အခါ လေဝင်လေထွက် မကောင်းတဲ့ အခန်းထဲမှာ ပိတ်လှောင်နေသလိုမျိုး ဖြစ်နေရင်လည်း ကိုယ့်အိမ်ထဲမှာ နေရင်း အပူလွန်ကဲတတ်တယ်နော်။ ဒီလိုမျိုး နွေရာသီမှာ လေဝင်လေထွက်ကောင်းဖို့လိုအပ်တယ်။ အခန်းအပူချိန်အရမ်းမြင့်လို့မရဘူး။”
” ပင်စင်ရုံးမှာတော့လူတွေကများတော့ ဘယ်လိုလုပ် လေဝင်လေထွက် ကောင်းမလဲဆရာရေ။ မနည်းကို အသက်ရှူနေရတာ။ ”
” ဟုတ်တာပေါ့။ ဒါကြောင့် နွေရာသီရောက်ရင် အဝတ်အစားဆိုရင် အဖြူရောင်နဲ့ အရောင်ဖျော့ဖျော့သာ ဝတ်ဆင်သင့်တယ်။ အပူစုပ်တဲ့ အနက်ရောင်တွေ အရောင်ရင့်တွေ မဝတ်သင့်ဘူး။ အဝတ်အစားကိုလည်း ပေါ့ပေါ့ပါးပါးနဲ့ ပွပွချောင်ချောင် ဝတ်ဆင်သင့်တယ်။ မလိုအပ်ပဲ အပေါ်ကနေ Coat အင်္ကျီတွေ ထပ်မဝတ်သင့်ဘူး။ ”
“တစ်ချို့ရုံးဝတ်စုံတွေက အပေါ်ကနေ အနက်ရောင် ကုတ်အင်္ကျီတွေ ဝတ်ရတယ်။ ” ဦးလှမောင်သည် အိမ်က မြေးကို မျက်လုံးထဲ မြင်ယောင်လာသည်။
” အလုပ်သဘောအရ ဝတ်ရတယ်ဆိုရင်လည်း Aircorn ရှိတဲ့ အခန်းထဲမှာ ပဲ ဝတ်ဆင်သင့်တယ်။ နေ့လည် နေ့ခင်း အပြင်ထွက်တဲ့ အချိန်မှာတော့ အနက်ရောင် ကုတ်အင်္ကျီကို ချွတ်ထားသင့်တယ်။ ”
” အိမ်က မြေးကိုပဲ ပြောရမှာဆရာရေ။ တစ်နေ့ တစ်နေ့ ကုတ်အင်္ကျီအနက်ကြီးဝတ်လို့။ သူ့အစား အိုက်ပါတယ်။ ”
” ရုံးအတွင်းမှာ လေအေးစက် တပ်ထားရင်တော့ ကိစ္စ မရှိပါဘူး။ ”
” တပ်ထားတယ်လို့တော့ ပြောတာပါပဲ ဆရာရယ်။ ”
” မလိုအပ်ပဲ walking shoe တွေလည်း မစီးသင့်ပါဘူး။ ”
” အဲဒါပေါ့ ဆရာရယ်။ အခုခေတ်လူငယ်တွေများ walking shoe တွေ ဝတ်ထားလိုက်ကြတာ။ မပူတဲ့အတိုင်းပဲ။ လည်ရှည် ဖိနပ်တွေ ဝတ်တဲ့သူတွေလည်း ရှိသေးတယ်နော်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ လည်ရှည်ဖိနပ်ဆိုတာ တောထဲကိုင်းထဲ ဝင်တဲ့အခါ မြွေကိုက်ခံရမှာစိုးလို့ စီးတာပါဆရာရယ် ”
ဆရာဝန်သည် ပေါ့ပါးစွာရယ်လိုက်သည်။ ဦးလှမောင်ပြောသည်ကလည်းအမှန်ပင်။
” လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့။ ဒါပေမဲ့ အခုလိုမျိုး ရာသီဥတု ပူတဲ့အချိန်မှာတော့ ဖိနပ်တွေကိုလည်း ဂရုစိုက်ရမယ်။ ညဖက် အပြင်ထွက်လို့ ဝတ်ထာမျိုးတွေ၊ မိုးတွင်း ဆောင်းတွင်းမှာ ဝတ်တာမျိုးတွေက လူကို အန္တရာယ်မဖြစ်စေလို့ ဝတ်လို့ရပါတယ်။ အခုလိုမျိုးနွေရာသီမှာတော့ မဝတ်သင့်ပါဘူး။ ”
“ဟုတ်ကဲ့ပါ ဆရာ ”
“အပူလွန်ကဲတဲ့ လက္ခဏာတွေကိုလည်း သိထားသင့်တယ်။ မူးဝေတာ၊ ပျို့တာ၊ ခေါင်းကိုက်တာ၊ ရေငတ်တာ၊ ခန္ဓကိုယ်အပူချိန်မြင့်တတ်လာတာ၊ ချွေးထွက်လွန်တာ၊ ဆီးနည်းသွားတာတွေက သတိထားသင့်တဲ့ လက္ခဏာတွေပဲ။ ဒီလိုမျိုး အပူလွန်ကဲလက္ခဏာတွေ ခံစားနေရတယ်ဆိုရင် ရှေးဦးသူနာပြုစုနည်းတွေကို အသုံးချသင့်တယ်။
“အဲဒီလို အခါမျိုးဆိုရင် လူနာကို လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့ နေရာ အေးတဲ့နေရာကို ရွေပြောင်းပေးရမယ်။ အင်္ကျီတွေ ထူထပ်နေရင် အင်္ကျီကို ချက်ချင်းချွတ်ပစ်ရမယ်။ ပြီးရင် ရေစွတ်ထားတဲ့ အဝတ်စလေးနဲ့ လူနာရဲ့ ကိုယ်ခန္ဓာ အနှံ့ ပွတ်ပေးရမယ်။ ချွေးထွက်လွန်ပြီးရေဓာတ်ခန်းခြောက်နေလို့ သွေးပေါင်ကျနေတတ်တာ မူးတာမျိုးတွေ ရှိနေရင် လူနာကို လှဲလှောင်းနေစေပြီး ခြေထောက်ကို မြှောက်ထားသင့်တယ်။ ရေများများ ဒါမှမဟုတ် သစ်သီးဖျောရည်တွေကို တိုက်ပေးရမယ်။ ဦးတို့လို အပြင်က ပြန်လာတဲ့သူတွေဆိုရင်လည်း လတ်ဆတ်တဲ့ သစ်သီးဖျောရည်တွေကို များများသောက်သုံးသင့်တယ်။ လိုအပ်ရင် ဓာတ်ဆားရည်လည်းသောက်သုံးသင့်တယ်။”
” ဟုတ်ကဲ့ပါဆရာ။ ကျွန်တော် ဓာတ်ဆားရည်သောက်ဖို့လိုပါသလား ”
” သွေးတိုးရှိလို့ဓာတ်ဆားရည် မသောက်ပါနဲ့ ။ သစ်သီးဖျော်ရည်ပဲ များများသောက်ပေးပါ။ ”
” ကျေးဇူးပါဆရာ”
ဦးလှမောင်ထွက်သွားတော့ ဆရာဝန်သည် မောင်အေးကို လှမ်းအော်လိုက်သည်။
” လမ်းထိပ်က သစ်သီးဖျော်ရည်လေး သွားဝယ်ပေးစမ်းပါ။ ဒီမှာ ပူလွန်းလို့ ချွေးထွက်များနေပြီ။”
မောင်အေးသည် သွက်လက်စွာ ထွက်သွားသည်။ ဆရာဝန်သည် ပန်ကာ လေကို မြင့်လိုက်သည်။ ထို့နောက် မောင်အေးကို စောင့်နေလိုက်သည်။
ဒီနေ့ သိပ်ပူတာပဲ ဟုတွေးလျှက်။
Dr. အေးချမ်းမိုး