ဦးနှောက်စွမ်းဆောင်ရည်နဲ့ မှတ်ဉာဏ်ကို အားကောင်းစေသောအချက် ၁၀ ချက်
ကျွန်တော်တို့အများစုဟာ တခါတရံမှာ သိပြီးသားနာမည်တခုကို ပါးစပ်ဖျားတင် မေ့နေတာ၊အပြင်သွားတဲ့အခါ မီးပိတ်ဖို့မေ့တာ၊ ရေပိတ်ဖို့မေ့တာ၊ အရင်အပတ်က ဘာလုပ်ခဲ့လဲဆိုတာမေ့တာ မျိုးတွေဖြစ်လေ့ရှိတတ်ပါတယ်။
ဒါဟာပုံမှန်ပါပဲ။ သို့သော် ဒီလိုမေ့တာမျိုးတွေ မကြာခဏဖြစ်လာတယ်ဆိုရင်တော့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ ပြသဆွေးနွေးဖို့လိုသလို ဦးနှောက်စွမ်းဆောင်ရည်နဲ့ မှတ်ဉာဏ်ကို အားကောင်းစေတဲ့ အောက်ပါအချက်၁၀ချက်ကိုလည်း လုပ်ကြည့်ဖို့လိုပါတယ်။
၁။ အစားစာကိုအချိန်မှန်စားပါ။
ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ စဉ်းစားဖို့၊ မှတ်ဖို့စတဲ့ သူ့လုပ်ငန်းတာဝန်တွေကို ကောင်းစွာလုပ်နိုင်ဖို့အတွက် ဂလူးကို့စ်ဓါတ် (Glucose) လိုအပ်ပါတယ်။ ဂလူးကို့စ်ဓါတ်ကို နေ့စဉ်အစားအသောက်တွေ စားသောက်ရာမှတဆင့် ရရှိပါတယ်။ အစာစားချိန်လွန်သွားတဲ့အခါမျိုးမှာဆိုရင် ခန္ဓာကိုယ်တွင်း ဂလူးကို့စ်ဓါတ်ဟာ ကျဆင်းလာပြီး အဲ့အခါမှာဆိုရင် ဦးနှောက်က မမှတ်နိုင်တာ၊ ရှုပ်ထွေးတာ၊ စဥ်းစားနိုင်စွမ်းကျလာတာတွေ ဖြစ်နိုင်ပါတယ်။
အစာစားချိန်လွန်တာ မကြာခဏ ရေရှည်ဖြစ်ပါက အစာအိမ်ရောဂါ ဖြစ်လာနိုင်တဲ့အပြင် ဦးနှောက်စွမ်းဆောင်ရည်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ အစာစားတဲ့အခါမှာလည်း ဆန်၊ ဂံျု၊ ပြောင်း၊ အသား၊ ငါး၊ ဟင်းရွက်၊ သစ်သီး၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အစေ့အဆန် စသဖြင့် တတ်နိုင်သလောက် စုံလင်မျှတအောင် စားဖို့လိုပါတယ်။
၂။ ရေများများသောက်ပါ။
ကျွန်တေ်ာတို့ရဲ့ဦးနှောက်ကို ရေဓါတ် ၈၀ ရာခိုင်နှုန်း၊ အဆီဓါတ် ၁၂ ရာခိုင်နှုန်း၊ ပရိုတင်းဓါတ် ၈ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ရေသောက်နဲပြီး ခန္ဓာကိုယ်တွင်း ရေဓါတ်လုံလောက်မှု မရှိပါကလည်း ဦးနှောက်စွမ်းဆောင်ရည်နဲ့ မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်တနေ့ကို အနည်းဆုံးရေနှစ်လီတာ (ဖန်ခွက်ရှစ်ခွက်) သောက်ဖို့လိုပါတယ်။
၃။ မိမိတနေ့တာလုပ်ရမယ့် အလုပ်တာဝန်တွေကို အချိန်ဇယားဆွဲပြီးလုပ်ပါ။
မိမိတနေ့တာလုပ်ရမယ့်အရာတွေကို စာရွက်ပေါ်ချရေးပြီး ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို အချိန်ဇယားဆွဲထားခြင်းဖြင့် အလောသုံးဆယ်လုပ်စရာမလိုဘဲ သူ့အချိန်နဲ့ သူလုပ်လို့ရတဲ့အတွက် မေ့တာဖြစ်ခြင်းကို လျော့နည်းစေနိုင်သလို ဦးနှောက်မှတ်ဉာဏ်ကိုလည်း
ပိုမိုကောင်းစေရန် အထောက်အကူပြုနိုင်ပါတယ်။
၄။ အိပ်ရေး၀၀အိပ်ပါ။
အိပ်ရေး၀၀အိပ်ခြင်းဟာ ဦးနှောက်စွမ်းဆောင်ရည်နဲ့ မှတ်ဉာဏ်ကောင်းဖို့ကို များစွာအထောက်အကူဖြစ်စေပါတယ်။ အရွယ်ရောက်ပြီးတဲ့ သူတယောက်ဟာ အနည်းဆုံးအိပ်ချိန်တနေ့ကို ၇ နာရီမှ ၈ နာရီ ရှိသင့်ပါတယ်။ လေ့လာမှုတွေအရ အိပ်ရေးဝတဲ့အခါမှာ ဦးနှောက်ဟာ အာရုံစူးစိုက်မှုလည်းပိုကောင်းလာပြီး အချက်အလက်အတော်များများကိုလည်း မှတ်သားနိုင်ကြောင်းသိရပါတယ်။
၅။ ပညာရပ်တခုခုကို လေ့လာလိုက်စားပါ။
ဘာသာစကားတမျိုးမျိုးသင်တာ သို့မဟုတ် ကိုယ်ဝါသနာပါရာ ဂီတာတီး၊ စန္ဒာရားတီး၊တယောထိုး၊ ပန်းချီဆွဲစသဖြင့် အတတ်ပညာ တခုခုသင်တာဟာ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းတဲ့အဆင့်မှာ ထိန်းထားနိုင်ပြီး မေ့တာဖြစ်ခြင်းနဲ့ အသက်ကြီးလာတဲ့အခါမှတ်ဉာဏ်လျော့ကျခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၆။ အိပ်ရာမဝင်ခင်စာဖတ်ပါ။
အိပ်ရာမဝင်ခင် နာရီဝက်လောက် စာဖတ်ခြင်းဟာလည်း ဦးနှောက်စွမ်းဆောင်ရည်ကောင်းဖို့နဲ့ မှတ်ဉာဏ်ကောင်းဖို့အတွက် အထောက်အကူပြုနိုင်ကြောင်း သုတေသနတွေအရသိရပါတယ်။
၇။ ကိုယ်လက်လေ့ကျင့်ခန်းတခုခုလုပ်ပါ။
လမ်းလျှောက်တာ၊ အေရိုးဗစ်ကစားတာ၊ ပြေးတာ၊ ရေကူးတာ၊ ကြက်တောင်ရိုက်တာ စတဲ့ ကိုယ်လက်လှုပ်ရှားမှုတခုခုကို နေ့စဉ်ပုံမှန်ပြုလုပ်ခြင်းဖြင့် သွေးလေလှည့်ပတ်မှုကောင်းပြီး
စိတ်ဖိစီးမှုလည်း လျော့နည်းကာ ဦးနှောက်ဆီကိုလည်း အောက်စီဂျင်နဲ့ သွေးများများရောက်တဲ့အတွက် ဦးနှောက်မှတ်ဉာဏ်နဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေနိုင်ပါတယ်။
၈။ ဦးနှောက်လေ့ကျင့်ခန်း လုပ်ပါ။
ခန္ဓာကိုယ်ကျန်းမာစေရန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့လိုသလို ဦးနှောက်စွမ်းဆောင်ရည်မြင့်မားစေရန်နဲ့ ဦးနှောက်ကျန်းမာစေရန်အတွက် ဦးနှောက်လေ့ကျင့်ခန်းတွေဖြစ်တဲ့
သချာၤပဟေဠိတွက်တာ၊ Rubik cube ကစားတာ မကြာခဏလုပ်ပေးဖို့လိုပါတယ်။
၉။ စိတ်ဖိစီးစရာနည်းအောင်နေပါ။
စိတ်ထောင်းလျှင် ကိုယ်ကြေဆိုတဲ့ စကားအတိုင်း စိတ်ဖိစီးမှုကို ကြာရှည်စွာခံရပါက အာရုံကြောရောင်ရမ်းတာ ဗိုက်အောင့်တာ ခေါင်းကိုက်တာ နှလုံးနဲ့ပတ်သက်သောရောဂါ သွေးကြောကျဉ်းရောဂါအပြင် စိတ်ကျရောဂါဖြစ်ပီး တဖြည်းဖြည်း စိတ်ကစဉ့်ကလျားပါဖြစ်နိုင်ပြီး ဦးနှောက်စွမ်းဆောင်ရည်နဲ့ မှတ်ဉာဏ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးစရာနည်းအောင် အားလပ်ချိန်မှာ ခရီးထွက်အနားယူတာ၊ သူငယ်ချင်းတွေနဲ့ မကြာခဏတွေ့ဆုံစကားပြောတာ၊ သီချင်းနားထောင်တာ၊ ဝါသနာပါရာတခုခုလုပ်တာ စသဖြင့်လုပ်ဖို့လိုပါတယ်။
၁၀။ တရားထိုင်ပါ။
အခုနောက်ပိုင်းမှာ သိပ္ပံနည်းကျ သုတေသနပြုချက်တွေအရ တရားထိုင်ခြင်းဟာ စိတ်ကိုသာမက ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ကောင်းကျိုးပေးနိုင်တယ်ဆိုတာကို သိရှိလာတဲ့အတွက် အနောက်တိုင်းသားတချို့ကပါ တရားထိုင်ခြင်းကို ပြုလုပ်လာကြပါတယ်။ တရားထိုင်ခြင်းကို ပုံမှန်လုပ်ခြင်းဖြင့် ရေရှည်မှာရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင် စိတ်အာရုံပျံ့လွင့်မှုနည်းလာပြီး စိတ်တည်ငြိမ်အေးချမ်းလာတဲ့အတွက် စိတ်လှုပ်ရှားမှုများတာ၊ စိတ်ပူပန်မှုများတာတွေကို လျော့ပါးသက်သာစေပါတယ်။ စိတ်ကိုသက်သောင့်သက်သာရှိစေကာ စိတ်ခံစားမှုကို ကောင်းစေတဲ့အတွက် စိတ်ပျော်ရွှင်ကျေနပ်မှုကို ခံစားရစေပါတယ်။
စိတ်ဓါတ်ကျခြင်းကို လျော့ပါးသက်သာစေပြီး မိမိကိုယ်မိမိ ယုံကြည်မှု ကိုတိုးလာစေပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း ခံနိုင်ရည်ရှိလာကာ အလွယ်တကူ ဒေါသထွက်ခြင်းကိုလည်း ထိန်းနိုင်လာပါတယ်။
စိတ်အာရုံစူးစိုက်မှု ကောင်းလာတဲ့အတွက် တီထွင်ကြံဆနိုင်စွမ်းနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းလည်း တိုးတက်လာပါတယ်။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်လည်း သွေး၊ လေ လည်ပတ်မှုကိုကောင်းစေကာ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကို ကာကွယ်လျှော့ချပေးပါတယ်။
စိတ်ကအေးချမ်းတဲ့အတွက် ညအိပ်ချိန်မှာ ကောင်းစွာအိပ်ပျော်စေပါတယ်။ အိပ်ရေးဝပြီးစိတ်ပူပင်မှု မများတဲ့အတွက် တနေကုန်နေရထိုင်ရတာ လန်းဆန်းတက်ကြွစေပါတယ်။ စိတ်ဖိစီးမှုနည်းလာတဲ့အတွက် စိတ်ပျိုကိုယ်နုဆိုတဲ့ စကားအတိုင်း ရုပ်အဆင်းဟာလည်း နုပျိုလာပါတယ်။ မှတ်ဉာဏ်နဲ့ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပြီး အသက်ကိုလည်းရှည်စေနိုင်ပါတယ်။
Dr 528