မောင်ဒေါက်တာတစ်ယောက် အန်တီ၀၀ ဆေးခန်းလာတိုင်း ဝိတ်လျှော့ဖို့ အစီအစဉ်ရှိမရှိ မေးခွန်းထုတ်လေ့ရှိသည်။ ယခုတော့ မေးခွန်းထုတ်ရင်းထုတ်ရင်းကနေ ပိုဝလာသောကြောင့် ကြယ်ပွင့်ပြမေးခွန်းအဆင့်ကနေ အလျင်အမြန်ဝိတ်ချရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုပါ တင်သွင်းရသည့်အနေအထား ရောက်နေလေသည်။
‘သည်မယ် အန်တီရဲ့ ကျနော်ပြောပြမယ်။ အခု အန်တီခံစားနေရတဲ့ ရောဂါတွေအားလုံးက ဟောသည်ကိုယ်အလေးချိန်များနေတာ အပေါ်မူတည်နေတာဗျ။ အဲသည် ဝိတ်တက်တယ်ဆိုတာက တကယ်တော့ ကိုယ်ထဲမှာ အဆီတွေများလာလို့ ဖြစ်လာတာလေ။ အဲသည်အဆီတွေက ငြိမ်ငြိမ်မနေဘူးနော် နှလုံးမှာဆိုရင် သွေးကြောပိတ်တယ်၊ ဦးနှောက်မှာဆိုရင် လေဖြတ်တယ်၊ အသည်းမှာဆိုလည်း အဆီဖုံးတာပဲ၊ ပြီးတော့ သူနဲ့တွဲပြီး သွေးတိုးတို့ ဆီးချိုတို့ကိုပါ အဖော်ခေါ်လာသေးတယ်၊ နောက်ပြီး ကိုယ်အလေးချိန်ကိုယ် ဒူးကထမ်းထားရတာများလို့ ဒူးကျီးပေါင်းတွေ၊ ခြေကျင်းဝတ်ဒဏ်ဖြစ်တာတွေလဲ ဖြစ်တယ်သေးတယ်ဗျ။ ကဲ ဒါဆို ဝိတ်လျော့အောင် မဖြစ်မနေကြိုးစားဖို့လိုနေပြီနော်။ ဒါမှ ရောဂါအားလုံးသက်သာသွားမှာဗျား’
‘ဝိတ်ကတော့ လျှော့ပါတယ်ဆရာရယ်။ ည ခြောက်နာရီနောက်ပိုင်းဆို ကျွန်မဘာမှကို မစားတော့ပါဘူး။ နေ့ဘက်မှာထမင်းစားရင်လည်း အသား၊ အဆီတွေဆို မစားဖြစ်အောင် ရှောင်တာပါပဲ။ အသီးအရွက်တွေပဲ များများစားပါတယ်။ ဒါပေမယ့်လည်း ဝိတ်က လုံးဝမကျဘူး၊ သည်အတိုင်းက သည်အတိုင်းပဲ ဖြစ်နေတာ’
‘အင်း…ဟုတ်ပါတယ်လေ။ ဝိတ်ချတာကလည်း အစားအသောက်တစ်ခုတည်းနဲ့ အောင်မြင်ဖို့ မလွယ်ကူဘူးဗျ။ အဲသည်တော့ အန်တီ့အနေနဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလေးပါ တွဲလုပ်ဖို့ လိုနေပြီ။ အပြင်းအထန်ကြီး မဟုတ်တောင် နေ့တိုင်း ပုံမှန်လမ်းလျှောက်တာမျိုးတော့ လုပ်သင့်တယ်ဗျ’
‘အမယ်လေး ဆရာရယ် လမ်းကတော့ လျှောက်ရလွန်းလို့ပါ။ မနက်မနက်ဆို ဈေးသွားရတာနဲ့ ပြန်ရောက်တော့လည်း အိမ်ထဲမှာ ဟိုလုပ်သည်လုပ်ဆိုတော့ အငြိမ်နေရတယ်ကို မရှိပါဘူး။ သက်သက်လေ့ကျင့်ခန်းတောင် လုပ်စရာမလိုပါဘူး’
‘အဲဒါတော့ မဟုတ်ဘူးဗျ။ သည်ကိစ္စကို နည်းနည်းရှင်းရှင်းလင်းလင်းသိအောင် လုပ်ရမယ်။ ကိုယ့်နေ့တဓူ၀ အလုပ်ကိစ္စတွေနဲ့ သွားလာလှုပ်ရှားနေတယ်ဆိုတာ ကိုယ်လက်လှုပ်ရှားမှုရှိတယ် ဆိုရုံပါပဲ။ အဲဒါ လေ့ကျင့်ခန်းလုပ်တာတော့ မဟုတ်ဘူး အန်တီ’
‘ရှင် လေ့ကျင့်ခန်းဆိုတာ အဲသည်လို ကိုယ်လက်လှုပ်ရှားတာပဲ မဟုတ်ဘူးလားဆရာရဲ့’
‘ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် အဲသည်နှစ်ခုက တူသလိုလိုနဲ့ မတူဘူးဗျ။ ပြောရမယ်ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု ဆိုတာ Physical activity ကိုဆိုလိုတာလေ။ လူတစ်ယောက်က ငြိမ်ငြိမ်ကြီးပဲ ထိုင်နေတာ၊ လှဲနေတာမျိုးတွေတော့ မရှိဘူး၊ ထသွားထလာ လှုပ်လှုပ်ရှားရှား ရှိတယ်၊ အဲဒါဆိုသူက physically active ဖြစ်တယ်၊ သွက်လက်ဖြတ်လတ်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Physical exercise ကိုယ်လက်လေ့ကျင့်ခန်းဆိုတာက သူ့ထက်ပိုပြီး တစ်ဆင့်မြင့်တယ်။ သူကကျတော့ လှုပ်ရှားသွားလာမှုသက်သက်မဟုတ်တော့ဘဲ၊ ဘယ်အချိန်မှာ ဘယ်လိုပုံစံ လှုပ်ရှားမှုမျိုးကို ဘယ်လောက်လုပ်မလဲ စသည်ဖြင့်ပေါ့၊ စနစ်တကျ တွက်ချက်ပြီးမှ သတ်သတ်မှတ်မှတ်လိုက်နာ လေ့ကျင့်တာကို ဆိုလိုတာပါ’
‘ဟုတ်ပါတယ်ဆရာရယ်၊ ဆရာပြောတာ ကျွန်မ သဘောတူပါတယ်။ ဒါပေမယ့် နေ့တိုင်းကျတော့ ဆရာရယ် အဲသည်လို ပြေးလွှားကစားဖို့ အချိန်မှ မရှိတာ။ ဘယ်လိုလုပ်ရမှာလဲ’
‘သြော် ကျွန်တော် ပြောပြီးပြီပဲ အန်တီရဲ့။ ပြင်းပြင်းထန်ထန်ကစားဖို့ မလိုပါဘူး။ ပုံမှန်လမ်းလျှောက်ရင်ကို ရပြီ။ ဒါပေမယ့် ခုနကပြောသလို ဈေးသွားသလို၊ အိမ်အလုပ်လုပ်သလို လမ်းလျှောက်တာမျိုးတော့ မရဘူးပေါ့။ ပုံမှန် အချိန်လေးသက်သက်ပေးပြီး ဟိုနားသည်နား ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာမျိုးလေးဆို ရပါတယ်။ ဥပမာ- တစ်နေ့ကို မနက် ၆ နာရီလောက်ဆိုရင် နာရီဝက်လောက် ပုံမှန်လေး လမ်းလျှောက်ပေး။ ဈေးပုံမှန်သွားတဲ့ အကွာအဝေးလောက်ကိုပဲ ဘာမှ တစ်ခြားကိစ္စတွေ မလုပ်ဘဲ၊ ခေါင်းထဲမထည့်ဘဲ လမ်းလျှောက်တာကိုပဲ အာရုံလေးစိုက်ပြီး လျှောက်ပေး၊ ဒါဆို တစ်နေ့တာအတွက် လုံလောက်တယ်။ ဒါမှမဟုတ်ဗျာ တစ်နေ့ကို ခြေလှမ်း ၆၀၀၀ ကနေ ၈၀၀၀ အထိ ရအောင် လျှောက်ဖို့ ရည်ရွယ်ချက်ထားပြီး လျှောက်ပေး။ အခုခေတ်ဆိုရင် ကိုယ့်ခြေလှမ်းဘယ်နှစ်ကြိမ်လျှောက်တယ်ဆိုတာက ဖုန်းတွေ၊ နာရီတွေနဲ့ မှတ်ပြီးကြည့်လို့ ရနေပါပြီ။ အဲဒါဆိုရင်တော့ အန်တီလမ်းလျှောက်လေ့ကျင့်ခန်းလုပ်တယ်လို့ ဆိုလို့ရပြီဗျ’
‘အင်းပေါ့နော် လျှောက်ချင်တဲ့အချိန်မှာ လျှောက်ချင်သလိုလျှောက်နေတာထက် သီးသန့် လမ်းလျှောက်ဖို့လုပ်ကြည့်ရမှာပေါ့နော် ဒါဆိုလည်း အိမ်က အဖေကြီးကိုလည်း အဖော်လိုက်ဖို့ပြောရဦးမယ်။ တစ်ယောက်တည်းတော့ အန်တီ မလျှောက်ရဲဘူး’
‘ကောင်းတာပေါ့ အန်တီရဲ့… ဦးလေးလည်း လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်တာပေါ့။ ဒါပေမယ့် တစ်ခုတော့ မှာလိုက်မယ်နော်… မနက်ခင်းလမ်းထလျှောက်တယ် ဆိုပြီး ပြန်လာတဲ့အခါ လမ်းထိပ်က လက်ဘက်ရည်ဆိုင်ထိုင်ပြီး မုန့်တွေအများကြီး ပြန်မစားမိစေနဲ့ဦး။ လျှောက်ထားသမျှတွေနှစ်ဆပြန်တက်သွားဦးမယ်’
‘ဟဲ ဟဲ ဟုတ်တာပေါ့ ဆရာရယ်။ လမ်းလျှောက်ရတာ မောသွားလို့ဆိုပြီး မုန့်တွေပြန်စား၊ အိမ်ရောက်တော့ တရေးတမောလေး မှေးလိုက်ရင် ဇိမ်တော့ အတော်ရှိသွားမှာပဲ။ နောက်တာပါ ဆရာပြောသလို အစားအသောက်ရော လေ့ကျင့်ခန်းနဲ့ရော ပေါင်းပြီး အန်တီ ထိန်းပါ့မယ်။ အဲသည်မှာ ဝိတ်မကျရင်လည်း အန်တီ မတတ်နိုင်တော့ဘူး’
‘စိတ်မပူနဲ့ အန်တီ။ အန်တီသေချာ လေ့ကျင့်ရဲ့သားနဲ့မှ မကျရင် ကျွန်တော် အန်တီ့ကို ခွဲစိတ်ဆရာဝန်ဆီ လွှဲပေးမယ်။ အဲဒီမှာ အစာအိမ်ကို သေးသွားအောင် ခွဲစိတ်လို့ရတာရှိတယ်။ အဲဒါဆို အများကြီးစားလို့မရတော့ဘဲ ဝိတ်ကျသွားလိမ့်မယ် ဘယ်လိုလဲ’
‘အမယ်လေး အဲဒါမျိုးတော့ ခွဲစိတ်မခံချင်ပါဘူး၊ ကြောက်ပါတယ်။ အန်တီ ကိုယ့်ဘာသာကိုယ်ပဲ ဆရာပြောသလို လေ့ကျင့်ပါတယ်။ သွားဦးမယ်နော် ဆရာ’
မောင်ဒေါက်တာလည်း အန်တီ၀၀နှင့် နောက်တစ်ခါတွေ့ရင် အန်တီမဝတ၀ အဖြစ်နှင့်သာ တွေ့မြင်ရမည်ဟု မျှော်လင့်ရင်း…