ပျားဆိုတာဟာ ပျံသန်းနိုင်သော အင်းဆက်အမျိုးအနွယ် သတ္တဝါတမျိုးဖြစ်ပါတယ်။
ပျားသတ္တဝါဟာ ကျွန်တော်တို့လူသားတွေနဲ့ကမ္ဘာမြေကြီးကို များစွာအကျိုးပြုတဲ့သတ္တဝါဖြစ်ပါတယ်။
သူတို့ဟာ အပင်တွေ တပင်နဲ့တပင်ကို ဝတ်မှုန်ကူးပေးပြီး အသီးအနှံတွေအထွက်တိုးစေကာ ပတ်ဝန်းကျင်ဂေဟစနစ်ကိုလည်း အကျိုးရှိစေပါတယ်။
ဒါ့အပြင် ပျားတွေကရတဲ့ ပျားရည်၊ပျားဝတ်မှုန်၊ပျားသလက်၊ပျားဖယောင်းစတာတွေကိုလည်း အစားအစာအဖြစ် သို့မဟုတ် ဆေးဝါးအားဖြည့်ဓါတ်စာအဖြစ် စားနိုင်သုံးနိုင်ပါတယ်။
ပျားတွေဟာ ယေဘုယျအားဖြင့်တော့ လူတွေကို အန္တရာယ်မပြုတတ်ပါဘူး။
သို့ပေမယ့် ပျားအုံရှိတဲ့အနားသွားမိတဲ့အခါ၊မတော်မဆ ပျားအုံကို သွားထိမိတဲ့အခါ၊ပျားအုံရှိတဲ့အပင်ကိုင်း သို့မဟုတ် ချုံကိုသွားလှုပ်မိထိမိတဲ့အခါ၊ကိုယ်ခူးလာတဲ့ သို့မဟုတ် ဝယ်လာတဲ့ပန်းထဲမှာ ပျားပါလာမသိဘဲ ပန်းကိုနမ်းမိတဲ့အခါ၊ ကိုယ့်ဝတ်တဲ့အဝတ်အစား အရောင်၊ကိုယ်သုံးတဲ့အမွှေးအနံ့ တခုခုက ပျားတွေကိုသွားလှုံ့ဆော်သလို ဖြစ်တဲ့အခါ စတဲ့အခန့်မသင့်တဲ့အခါတွေမှာ ပျားတွေရဲ့အန္တရာယ်ပြုခြင်းခံရပြီး ပျားတုပ်ခံရတတ်ပါတယ်။
ပျားတုပ်ခံရတဲ့အခါ ယေဘုယျအားဖြင့် အတုပ်ခံရတဲ့နေရာမှာ ပျားစွယ်(ပျားဆူး)စိုက်ဝင်နေတတ်ကာ နာကျင်ရောင်ရမ်းပြီး အရည်ကြည်ဖုလိုမျိုးထနေတတ်ပါတယ်။
ဒီလိုမျိုးဖြစ်တာက အများအားဖြင့် ရက်အနည်းငယ်လောက် နေရင် သူ့ဘာသာသူ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။
သို့သော်
တချို့တလေမှာကျ ပျားတုပ်ခံရတဲ့အခါ အတုပ်ခံရတဲ့နေရာမှာ နာကျင်ပြီးရောင်ရမ်းကာ အရည်ကြည်ဖုထတာအပြင် ခန္ဓာကိုယ် တခုလုံးမှာယားယံတာ၊အနီကွက်ထတာ၊လည်ချောင်းတွေလျှာတွေရောင်လာပြီး အသက်ရှုကြပ်လာတာ၊မူးဝေအော့အန်တာ၊ကိုယ်အပူချိန်တက်လာတာ၊သတိလစ်တာ တွေအထိ ဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်တာမျိုး လည်းရှိနိုင်ပါတယ်။
ပျားတုပ်ခံရတဲ့အခါ တုပ်တဲ့နေရာမှာနာကျင်ရောင်ရမ်းပြီးအရည်ကြည်ဖုထတာလောက်နဲ့ပြီးသွားမလား သို့မဟုတ် အသက်အန္တရာယ်စိုးရိမ်ရတာထိဖြစ်မလားဆိုတာကတော့
တုပ်တဲ့ပျားအမျိုးအစား၊အတုပ်ခံရတဲ့ပမာဏ၊အတုပ်ခံရသူရဲ့အသက်အရွယ်၊ကိုယ်ခံအား၊ပျားအဆိပ်အစွယ်နဲ့ဓါတ်မတည့်မှု ရှိမရှိ၊တခြားရောဂါအခံတွေရှိမရှိ စတဲ့အချက်များစွာပေါ်မူတည်ပါတယ်။
အကြမ်းဖြင်းအားဖြင့်ပြောရရင်တော့ တောကြီးမျက်မည်းထဲက ပျားကြီးမျိုးမဟုတ်ရင် အဆိပ်ပြင်းထန်တာမျိုးက ဖြစ်နိုင်ခြေနဲပါတယ်။
သို့ပေမယ့် ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေလို အားနည်းနေတဲ့သူတွေ၊ကိုယ်ခန္ဓာက ပျားအဆိပ်အစွယ်နဲ့ဓါတ်မတည့်မှုရှိတဲ့သူတွေကျ အဆိပ်ပျော့တဲ့ပျားမျိုးအတုပ်ခံရတာဖြစ်ပေမယ့် ခံစားရမယ့်လက္ခဏာတွေကျ ပြင်းထန်ဆိုးရွားတာမျိုးဖြစ်နိုင်ပါတယ်။
ပျားအတုပ်ခံရပြီးတဲ့နောက် အတုပ်ခံရတဲ့နေရာအပြင် တကိုယ်လုံးအနီကွက်တွေထတာ၊ယားတာ၊ကိုယ်အပူချိန်တက်လာတာ၊အသက်ရှုရခက်လာတာ၊အန်တာ၊သတိလစ်တာ စတဲ့အပေါ်မှာတခါပြောထားတဲ့ ပြင်းထန်လက္ခဏာတွေဖြစ်လာပါက အချိန်မဆွဲဘဲ နီးစပ်ရာဆေးရုံဆေးခန်းပြဖို့လိုပါတယ်။
ပျားအတုပ်ခံရပြီး ပြင်းထန်လက္ခဏာတွေမဖြစ်ဘဲ တုပ်တဲ့နေရာမှာလောက်ပဲ ရောင်ရမ်းနာကျင်ကာ အရည်ကြည်ဖုထတာမျိုးဆိုရင်ကတော့ ဆေးခန်းပြစရာမလိုဘဲ အိမ်မှာကုသနိုင်ပါတယ်။
အရင်ဆုံးပျားတုပ်ခံရတဲ့နေရာကို သေချာကြည့်ပါ။ပျားအစွယ်(ပျားဆူး)စိုက်ဝင်နေတာရှိပါက အဲ့ဒါကို ဖယ်ပါ။
ဖယ်တဲ့အခါမှာ လက်နဲ့ညှပ်ဖယ်တာ၊ဇာဂနာနဲ့ညှပ်ပြီးဖယ်တာမျိုး မလုပ်ရပါ။ဘာလို့လဲဆိုတော့ အဲ့လိုလုပ်ရင် စိုက်နေတဲ့ပျားအစွယ်ထဲက အဆိပ်တွေကိုညှစ်ထုတ်လိုက်သလိုဖြစ်ပြီး ခံစားရတဲ့လက္ခဏတွေ ပိုဆိုးစေနိုင်ပါတယ်။
ပတ်တီးဖြတ်စနဲ့အသန့်နဲ့ပွတ်တာ သို့မဟုတ် လက်သည်းနဲ့ကလော်ထုတ်တာ သို့မဟုတ် မာပြီးပြားတဲ့ ATM ကဒ်လိုမျိုးတွေသုံးပြီးထုတ်တာ မျိုးတွေကိုပဲလုပ်ပါ။
ပြီးရင် အဲ့နေရာကို ဆပ်ပြာအပျော့နဲ့ရေကိုသုံးပြီးသေချာဆေးပါ။
(ဆပ်ပြာအပျော့ဆိုတာက အဝတ်လျှော်ဆပ်ပြာ ပန်းကန်ဆေးဆပ်ပြာတွေလို ပြင်းတဲ့ဆပ်ပြာတွေမဟုတ်တဲ့ ကလေးသုံးဆပ်ပြာလိုမျိုးတွေကိုဆိုလိုတာပါ။)
ထို့နောက် လက်ကိုင်ပဝါအသန့် သို့မဟုတ် အိတ်အသန့်ထဲကို ရေသန့်ခဲထည့်ပြီး မိနစ်၂၀လောက် အကိုက်ခံရတဲ့နေရာပေါ်ကို ကပ်ထားပါ။
မိနစ် ၂၀ ကပ်ပြီးတဲ့နောက် စိုနေတာရှိရင်ပြောင်အောင်အဝတ်သန့်နဲ့သုတ်ပေးပါ။
ပြီးရင် ပျားရည် သို့မဟုတ် သွားတိုက်ဆေး သို့မဟုတ် ရှားစောင်းလက်ပတ်အတွင်းသားအနှစ် သို့မဟုတ် Calamine lotin လိမ်းဆေး တခုခုလိမ်းပေးနိုင်ပါတယ်။
ပျားရည်လိမ်းမယ်ဆိုရင်တော့ အခန်းထဲမှာပဲနေတာကောင်းပါမယ်။ဘာလို့လဲဆိုတော့ ပျားရည်လိမ်းပြီး အပြင်လျှောက်ထွက်ရင် ပျားတွေကို ဆွဲဆောင်သလိုဖြစ်နေနိုင်ပြီး ထပ်အတုပ်ခံရနိုင်ပါတယ်။
ဒီလိုတွေလုပ်ပေးရင် သုံးလေးရက်လောက်ဆိုရင် ရောင်ရမ်းနာကျင်တာ အရည်ကြည်ဖုထတာတွေသက်သာပျောက်ကင်းသွားနိုင်ပါတယ်။
တကယ်လို့ ဒီလိုတွေလုပ်ပေးလို့ သုံးရက်လောက်မှ မသက်သာဘူးဆိုရင် ပိုဆိုးလာတယ်ဆိုရင် ပြင်းထန်လက္ခဏာတွေဖြစ်လာခဲ့တယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံ ဆေးခန်းပြဖို့လိုပါတယ်။
ပျားတုပ်ခံရခြင်းဖြစ်နိုင်ခြေနဲအောင် ပျား ရှိနိုင်မယ့်အပင်တွေ ပန်းတွေနားမသွားပါနဲ့။အထူးသဖြင့် ကံ့ကော်ပင်လိုမျိုးတွေ အနားသွားရင် သတိထားပါ။
တောတောင်ထဲသွားတဲ့အခါ အဝါရောင်အဝတ်တွေဝတ်ဆင်တာ၊အမွှေးနံ့တအားစူးတဲ့ ရေမွှေးတွေလိုးရှင်းတွေသုံးတာတွေ ရှောင်ပါ။
Dr 528