ကိုယ်အလေးချိန်လျော့ချဖို့ ကြိုးစားနေတဲ့သူအတော်များများက အာလူးဆိုရင် ဝိတ်တက်မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်တတ်ကြပါတယ်။ ဒါပေမဲ့ သုတေသနတွေအရ အာလူးစားခြင်းနဲ့ အဝလွန်ခြင်း၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါတို့အကြားမှာ သက်သေပြနိုင်စရာ အချက်အလက် လုံလုံလောက်လောက် မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် သုတေသနတွေအရ စားသောက်မှုပုံစံတွေထဲမှာ အာလူးကိုထည့်သွင်းရင်းနဲ့ပဲ ကိုယ်အလေးချိန်ကျအောင် လုပ်လို့ရတယ်လို့ ဆိုပါတယ်။ ပုံမှန်ကိုယ်အလေးချိန်ထက် ကျော်လွန်နေသူ (Overweight) အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈၆ ယောက်ကို အချိန် ၂ ပတ်ကျော်ကြာ သုတေသနလုပ်ခဲ့ပါတယ်။ အာလူးထည့်သွင်းထားတဲ့စားသောက်မှုပုံစံဟာ ကိုယ်အလေးချိန်ကျဆင်းနိုင်မှု ရှိ ၊ မရှိ နဲ့ ပတ်သက်ပြီးတော့ပေါ့။
အားလုံးကို ကြုံသလို အုပ်စု ၃ စု ခွဲခဲ့ပြီး အဲဒီထဲကမှ အုပ်စုတစ်ခုအတွက် အစားအစာထဲမှာ အာလူးထည့်သွင်းခဲ့ပါတယ်။ တစ်ပတ်ကို ၅ – ၇ ကြိမ်ခန့်ပါ။ ၂ ပတ်ကျော်ကြာတဲ့အခါ အာလူးစားတဲ့အုပ်စုအပါအဝင် အုပ်စု ၃ ခုလုံး ကိုယ်အလေးချိန် တက်မလာဘဲ ကျဆင်းသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် အာလူးစားခြင်းဟာ ဝိတ်မတက်စေဘူးလို့ ကောက်ချက်ချနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အာလူးမှာပါတဲ့အမျှင်ဓာတ်ဟာ အချိန်အတန်ကြာဗိုက်ပြည့်စေတဲ့သဘောရှိတာကြောင့် ကိုယ်အလေးချိန်လျော့ကျအောင် ကူညီနိုင်တာပဲ ဖြစ်ပါတယ်။
တကယ်က ကိုယ်အလေးချိန်တက်ရတာရဲ့ တရားခံအစစ်က အာလူး မဟုတ်ပါဘူး။ အဲဒီ အာလူး ကို ဘယ်လို ချက်ပြုတ်သလဲ ဆိုတာပါပဲ။ဟုတ်ပါတယ်။ အာလူးမှာပါတဲ့ ကယ်လိုရီပမာဏဟာ ချက်ပြုတ်တဲ့ပုံစံပေါ်မူတည်ပြီး အပြောင်းအလဲတွေ ရှိပါတယ်။
အာလူး ၁၀၀ ဂရမ် ဆိုပါစို့။
– ပြုတ်လိုက်တဲ့အခါ ၈၇ ကယ်လိုရီ ရှိပါတယ်
– ဖုတ်တဲ့အခါ ၉၃ ကယ်လိုရီ
– ကင်တဲ့အခါ ၁၄၉ ကယ်လိုရီ
– French Fries လို့ခေါ်တဲ့ အာလူးချောင်းအကြော်ဆိုရင် ၃၁၂ ကယ်လိုရီ
– Hash Browns လို့ခေါ်တဲ့ အာလူးကို အညိုရောင်သမ်းတဲ့အထိ ဆီပူပူနဲ့ ကြွပ်နေအောင် ကြော်ထားတာမျိုးဆိုရင် ၃၂၆ ကယ်လိုရီ
– အာလူးအပြားကြော်ဝိုင်းဝိုင်းလေးတွေဆိုရင် ၅၄၅ ကယ်လိုရီအထိ ပါဝင်ပါသတဲ့။
ဒီတော့ ကယ်လိုရီနည်းနိုင်သမျှနည်းအောင် အာလူးကို ချက်ပြုတ်စားဖို့ နည်းလမ်းတွေကို သိနိုင်ပါပြီ။ကြော်စားတာကတော့ ကယ်လိုရီအများကြီး ဖြစ်စေပါတယ်။
တကယ်တော့ အာလူးမှာ အကောင်းဆုံးသော အာဟာရဓာတ်အများကြီးပါဝင်ပါတယ်။ Vitamin C နဲ့ B6 ၊ ပိုတက်ဆီယမ်၊ ပန်တိုသီးနစ်အက်ဆစ်၊ နိုင်ယာစင် နဲ့ အမျှင်ဓာတ်တွေပါ။ အာလူးမှာ လိုင်ဆင်း ဓာတ်လည်းပါဝင်ပါသေးတယ်။
အာလူး ၁၀၀ ဂရမ်မှာ ပါတဲ့ အဟာရတန်ဖိုးက
– ၇၇ ကယ်လိုရီ
– အသားဓာတ် ၂ ဂရမ်
– ကစီဓာတ် ၁၇ ဂရမ်
– အဆီဓာတ် ဝ.၁ ဂရမ် ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဝမှာစိုးတာတခုတည်းနဲ့ ကိုယ့်အတွက် အကျိုးရှိလှတဲ့ အာလူးစားတာကို မရှောင်ကြဖို့ ပြောချင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း အာလူးလည်းစား ဝိတ်လည်းမတက်စေမဲ့ ချက်ပြုတ်နည်းတခုခုကို ရွေးချယ်နိုင်ကြပါစေ။
Dr.KG