“အစာလည်း ဆေး၊ ဆေးလည်း အစာ” ဆိုသလို လူသားတို့ အသက်ရှည်ကျန်းမာစွာ နေထိုင်ဖို့အတွက် အစာက အရေးပါသလို နေမကောင်းတဲ့အခါ သောက်သုံးရတဲ့ဆေးဝါးကလည်း လွန်စွာမှ အရေးကြီးလှပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ ဆေးဝါးကဏ္ဍကို ကြည့်လိုက်ရင် ၉၀ ရာခိုင်နှုန်းလောက်က ပြည်ပနိုင်ငံတွေက တင်သွင်းနေတဲ့ဆေးဝါးတွေကို အားကိုးနေရဆဲ ဖြစ်ပါတယ်။
ပြည်ပက ဆေးဝါးတွေ ပြည်တွင်းကို ဝင်ရောက်လာတဲ့အခါမှာ နိုင်ငံတော်က ပြဌာန်းထားတဲ့စည်းကမ်းချက်တွေထဲမှာ အရေးကြီးဆုံးအချက်ကတော့ မှတ်ပုံတင်ခြင်းပဲ ဖြစ်ပါတယ်။ တခြား နိုင်ငံက တင်သွင်းတဲ့ဆေးဝါးဖြစ်တဲ့အတွက် အရည် အသွေး ရှိရမယ်၊ အာနိသင် ရှိရမယ်။ ဘေးအန္တရာယ်ကင်းရှင်းရမယ်ဆိုတဲ့အချက်တွေက အရေးကြီးပါတယ်။ တင်သွင်းလာတဲ့ ဆေးဝါးတွေကို မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ Guide Line ASCAN Common Technical Dossiers Guide Line အတိုင်း သေချာပြင်ဆင်ပြီး မှတ်ပုံတင်ရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဆေးဝါးအများဆုံးတင်သွင်းနေတဲ့နိုင်ငံကတော့ အိန္ဒိယနိုင်ငံဖြစ်ပြီး သူ့ နောက်မှာ ထိုင်း၊ တရုတ်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနိုင်ငံတို့က အစဉ်လိုက်ရှိနေပါတယ်။ တင်သွင်းနေတဲ့ဆေးဝါးအများစုကိုကြည့်လိုက်ရင်တော့ Vitamins နဲ့ Supplement တွေကို တွေ့ရပါတယ်။ ဒီဆေးတွေကတော့ ပြည်သူလူထု အများဆုံးသုံးစွဲနေတဲ့အနေအထားကြောင့် ဖြစ်ပါတယ်။ ဒုတိယနေရာကနေ Antibiotics ပဋိဇီဆေး၊ သူ့နောက်မှာ အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေး၊ တခြားဆေးဖြစ်တဲ့ နှလုံးသွေးကြောဆေး၊ အစာအိမ်လမ်းကြောင်းဆေး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာဆေးစတာတွေကို နောက်ပိုင်းမှာ တင်သွင်း လာကြပါတယ်။ ပြည်တွင်းက ပုဂ္ဂလိကဆေးဝါးထုတ်လုပ်မှုကဏ္ဍကို ကြည့်လိုက်ရင် အားနည်းနေသေးပေမယ့် နောက်ပိုင်းမှာ ဆေးဝါးထုတ်လုပ်မှုစက်ရုံတွေ ထပ်တိုးလာပါက ပြည်ပကဆေးဝါး တင်သွင်းမှုပမာဏ လျော့နည်းသွားဖို့ လုပ်ငန်းရှင်တစ်ဦးက မျှော်လင့်ထားပါတယ်။
ဆေးဝါးရောင်းချမှုအပိုင်းကို FDA (ဗဟို) က တိုက်ရိုက်မကိုင်တွယ်ဘဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးက ကော်မတီကနေ ခွင့်ပြု ချက်နဲ့ ဆေးဆိုင်တွေကို ရောင်းချခွင့်ပြုတာလို့ သိရပါတယ်။ “လက်ရှိကျွန်တော်တို့ဆေးဆိုင်မှာတော့ မြန်မာ Register နံပါတ်ရှိ တဲ့ ဆေးတွေကိုပဲ ရောင်းတယ်။ FDA က ဆိုင်ကို တိုက်ရိုက်လာမစစ်ဆေးပေမဲ့ ဆိုင်ဖွင့်ဖို့ လိုင်စင်လျှောက်တဲ့အခါမှာ သက်ဆိုင် ရာက လာရောက်စစ်ဆေးတယ်။ ဥပမာ- ဗယ်လင်တိုင်းနေ့၊ သင်္ကြန်တို့ဆိုရင် စီမံချက်အရ ဆေးဝါးတွေကို စစ်ဆေးတယ်။ ဆေး အတုတွေ၊ လိုင်စင်ပိတ်ခံရတဲ့ ဆေးတွေရှိရင် သူတို့က သတင်းစာမှာ အသိပေးကြော်ငြာတာရှိသလို ကျွန်တော်တို့ ဆေးဆိုင် လုပ်ငန်းရှင်တွေက တော့ အချင်းချင်း Information ပေးကြတယ်။ ဆေးဝါးအတုမှာကလည်း လုံးဝဆေးအတုနဲ့ Register မလုပ်ထားတဲ့ဆေးနှစ်မျိုး ရှိတယ်။ Register မလုပ်ထားတဲ့ဆေးက အစစ်ပဲ၊ ဒါပေမဲ့ သူက Register လုပ်ထားတဲ့ဆေးထက် ဈေးချိုတယ်” လို့ ဆိုပါတယ်။ ဆေးဆိုင်ဖွင့်တာ သက်တမ်းကြာပြီဖြစ်တဲ့သူက ဆက်လက်ပြီး “ ဆိုင်မှာ အများအားဖြင့် အခုလို နွေရာသီဆိုရင် ဓာတ်ဆားရည်၊ ဝမ်းပိတ်ဆေးတွေရောင်းရတယ်။ ဆောင်းတွင်းဖက်ဆိုရင်တော့ နှာစေးပျောက်ဆေး၊ ချောင်းဆိုး ပျောက်ဆေးတွေ ရောင်းရပါတယ်။ ပုံမှန်ကတော့ အားဆေးတွေ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ဆေးတွေ ရောင်းနေ ရတယ်” လို့ ပြောပြပါတယ်။
မြန်မာနိုင်ငံရဲ့ Mobile Technology လျင်မြန်စွာတိုးတက်ပြောင်းလဲမှုကြောင့် အခုဆိုရင် တစ်နိုင်ငံလုံးရဲ့ အင်တာနက် သုံးစွဲမှုဟာ ကြောက်ခမန်းလိလိ တက်လာပါတယ်။ အင်တာနက် ပလက်ဖောင်းကနေတစ်ဆင့် အထူးသဖြင့် လူသုံးများတဲ့ Facebook ကနေ ပစ္စည်းပေါင်းစုံ၊ Service ပေါင်းစုံကို ရောင်းချလာကြပါတယ်။ အဲဒီထဲမှာ ဆေးဝါးပစ္စည်းတွေလည်း ပါဝင်လာတာကို တွေ့ကြမှာပါ။ တရားဝင်ဆေးကုမ္ပဏီ Page ကလွဲရင် ကျန်တဲ့ဆေးဝါးတွေရောင်းချမှုအတွက် ဘယ်လို ကြီးကြပ်မလဲ၊ ဘယ်လိုယုံကြည်ရမလဲဆိုတဲ့မေးခွန်းက ရှိနေတုန်းပါ။ လက်ရှိအွန်လိုင်းဈေးကွက်မှာ ရောင်းချနေတဲ့ဆေးဝါး အများစုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စောင့်ကြပ်ကြည့်ရှုထားပြီး FDA မှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးဝါးက တော်တော်များများ ရှိတယ်လို့ သိရပါတယ်။
“မှတ်ပုံတင်ထားတဲ့ အနောက်တိုင်းဆေးဝါးတွေ ရှိတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရတယ်။ ဆရာဝန် ညွှန်ကြားချက် မပါဘဲ သုံးရင် အရေးယူတယ်။ ဆေးဆိုင်တွေကလည်း လိုင်စင်နဲ့ ရောင်းတာဖြစ်လို့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရောင်းခွင့် မရှိဘူး။ တရားမဝင်ရောင်းတာတွေလည်း ပြည်ထဲရေးက စစ်တယ်” လို့ FDA ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
၂၀၁၅ ခုနှစ်မှာ ဆေးဝါးအတု၊ Register မလုပ်ထားတဲ့ဆေးဝါးတွေ ဖမ်းဆီးမှုက ၅၁ မှု ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ၉၉ မှု အထိရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်ထဲ ဖမ်းဆီးခဲ့တဲ့အမှုတွေထဲမှာ တန်ဖိုးအများဆုံးကတော့ စက်မှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့တဲ့အမှု ဆေးဝါးအတု အမျိုးအစား ပေါင်း ၆၄ မျိုးကျော်ပါဝင်ကာ ကျပ် ၂.၈၀၇ ဘီလီယံအထိရှိခဲ့ပါတယ်။
နှစ်အလိုက်ကြည့်လိုက်ရင် အမှုတွေက ပိုများလာတာကို တွေ့ရတဲ့အတွက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် ခေါင်းခဲစရာ ဖြစ်လာသည်မှာ အမှန်ပင်။ ဒါပြင် မြန်မာနိုင်ငံရဲ့လူဦးရေက ကျေးလက်ဒေသမှာ နေထိုင်မှုက ၇၀ ရာခိုင်နှုန်း ရှိနေတဲ့အတွက် ကျန်မားရေးစောင့်ရှောက်မှုပေးနိုင်ဖို့ သတင်းအချက် အလက်တွေ၊ ကျန်းမာရေးအသိပေးဗဟုသုတတွေ ရောက်သွားဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဆေးဝါးအတုနဲ့ စံမညီ ဆေးဝါးတွေကို မှီဝဲတဲ့ရောဂါဝေဒနာရှင်တွေ အတွက် လည်း စရိတ်စခ ပိုကုန်ကျတဲ့အပြင် ရောဂါပျောက်ကင်းတာ လုံးဝမရှိနိုင်ပါဘူး။ ဆေးဝါး အတုနဲ့ စံမညီဆေးဝါးတွေ တင်သွင်း ဖြန့်ဖြူးရောင်းချရင် အမျိုးသားဆေးဝါးဥပဒေပုဒ်မ (၁၈)အရ ပြစ်မှုကျူးလွန်သူကို တရား စွဲဆိုအရေးယူမယ်လို့လည်း သက်ဆိုင်ရာကလည်း အသိပေးနှိုးဆော်ထားပါတယ်။
အချုပ်ဆိုရသော် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၁၀၇- ၂၀၂၁) ဆောင်ရွက်မှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောခဲ့သလို “ပြည်သူများရဲ့ ကျန်းမာရေးကောင်းမွန်ခြင်းသည် နိုင်ငံတော်အတွက် လာဘ်လာဘဖြစ်တယ်” ဟု ရေးသားရင်း ပြည်သူလူထုတွေအတွက် မှန်ကန်တဲ့ဆေးဝါးကို သောက်သုံးနိုင်ဖို့ အဖက်ဖက်က ပူးပေါင်းပါဝင်ကြပါစို့။