တနင်္ဂနွေနေ့ဖြစ်သောကြောင့် ဒေါ်တင်တစ်ယောက် မနက်ကတည်းက ဈေးသို့စောစောသွားသည်။ ဒီနေ့ သား တို့မိသားစု အိမ်သို့လာလည်ကြမည်။ သားကြိုက်တတ်သော ဟင်းများကို ချက်ထားဖို့ မနေ့ကတည်းက စိတ်စောနေမိသည်။ သားက ဟင်းဆိုလျှင် စုံစုံလင်လင်မှကြိုက်သည်။ လင်ရောမယားရော အလုပ်လုပ်နေကြသည်မို့ အိမ်ထမင်း အိမ်ဟင်းမစားရတာ ကြာပြီဖြစ်သော သားကို တနင်္ဂနွေ နေ့လေး တစ်ရက်တွင် တော့ အိမ်ထမင်းအိမ်ဟင်းကောင်းကောင်းချက်ကျွေးချင်သည်။ သားကြိုက်တတ်သော ပုစွန်ဆီပြန် သီးစုံ ပဲကုလားဟင်းနှင့် ငါးပိရည်တို့စရာ အစုံအလင်ကို ဖွယ်ဖွယ်ရာရာလေးဖြစ်အောင် ဝယ်လိုက်သည်။ ချွေးမဖြစ်သူကိုလည်း အပြစ်ပြောလို့မဖြစ်။ သူသည်လည်း မောင်တထမ်း မယ်တစ်ရွက်ဆိုသလိုမျိုး ရုံးတစ်ဖက်နှင့် ထမင်းဟင်းကောင်းကောင်းမချက်နိုင်သည်ကို ခွင့်လွှတ်ထားရသည်။
သမီးတို့ မိသားစု ကလည်း ဒီနေ့အိမ်သို့လာကြမည်။ သမီးအတွက်တော့ ဘာမှထွေထွေထူးထူးချက်မနေတော့။ သားကြိုက်တာလေးပဲချက်ထားလိုက်သည်။ မနက်ကတည်းက တစ်နေကုန်နေပြီး ညနေမိုးချုပ်မှ ပြန်ကြမည့်သားနှင့် သမီးကို ဒေါ်တင်တစ်ယောက် တစ်ပတ်တစ်ကြိမ်မျှော်ရသည်မှာ အမော။
နေ့လည်ထမင်းမစားခင် သားနှင့် သမီးတို့ရှေ့ဆင့်နောက်ဆင့်ရောက်လာကြသည်။ အမေနှင့် အဖေ နေကောင်းလား။ ဘာဟင်းချက်ထားလည်း မေးပြီး သူတို့ဘာသာ စကားပြောနေကြသည်။ ဒေါ်တင် တစ်ယောက် မီးဖိုထဲမှ နေ၍ သားနှင့် သမီးတို့၏ အသံများကို နားစွင့်နေမိသည်။ သူတို့ အသံလေးကြားနေရုံနှင့် ဒေါ်တင်ရင်ထဲတွင် အေးချမ်းလှသည်။ နေ့လည်စာ စားပြီး ဧည့်ခန်းတွင်ထိုင်သည့်အချိန်တွင် ဒေါ်တင်တစ်ယောက် အချိုပွဲ အသီးများကို ချပေးပြီး စကားပြောရန်ထိုင်နေလိုက်သည်။ အဖေကြီးက တော့ သူ့ သတင်းစာကိုဖတ်နေသည်။ သားနှင့် သားမက်က ဖုန်း တစ်လုံးကိုအတူကြည့်နေကြသည်။ သမီးနှင့် ချွေးမကတော့ ဖုန်းတစ်ယောက်တစ်လုံး ကြည့်နေကြသည်။ ဒေါ်တင်တစ်ယောက် သားကိုလှမ်းပြီးစကား စလိုက်သည်။ အလုပ်ထဲတွင် အဆင်ပြေရဲ့လား လို့လှမ်းမေးလိုက်သည်။ သားက အဆင်ပြေပါသည်ဟု အမေကို စကားပြန်ပြောပြီးဖုန်းကို ပြန်ကြည့်နေလိုက်သည်။ ဒေါ်တင်တစ်ယောက် သူ့ကို ဘယ်သူများ စကားစမလဲဟု စောင့်နေလိုက်သည်။ အခန်းထဲတွင် တိတ်ဆိတ်နေသည်။ ဆောင်းနေ့လည်ခင်းတွင် ဒေါ်တင့်ရင်ထဲ ပူလောင်နေသည်။
တစ်ပတ်တစ်ခါလာလည်သော အမေအား နေကောင်းလား အဆင်ပြေလား စကားလေး ၂ ခွန်းလောက် မေးပြီး အမေ့ကို စကားမပြောကြသော သားနှင့် သမီးတို့အား စိတ်ခုလာသည်။ သူတို့အချင်းချင်း ဖုန်းလေးတွေကိုယ်စီ ကြည့်လို့ ရီလိုက်ကြမောလိုက်ကြနှင့် ပျော်လို့ရွှင်လို့။ကိုယ်တွေကို ရှိတယ်လို့တောင် မထင်ချင်။ ယောကျာ်းကို လှမ်းကြည့်လိုက်သည်။ သတင်းစာကို သည်းကြီးမည်းကြီးဖတ်နေသည်။ တိတ်ဆိတ်နေသော အခန်းကို နောက်တစ်ကြိမ် ဖြိုခွင်းရန် ဒေါ်တင်တစ်ယောက်ကြိုးစားလိုက်သည်။ ဒီတစ်ခါတော့ သားကို မမေးပဲ ချွေးမကိုလှမ်းမေးလိုက်သည်။ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လားလို့။ ချွေးမကတော့ ဖုန်းလေးကို ပိတ်ပြီး ဒေါ်တင်ကို စကားပြန်ပြောသည်။
အလုပ်တွင် ပင်ပန်းသည့်အကြောင်း ညဉ်းပြသည်။ ချွေးမ နှင့် စကားကောင်းနေတုန်း သားမက်နှင့် သမီးက သူတို့ဖုန်းလေးတွေကို ကြည့်ပြီး ဘာတွေ သဘောကြနေသည်မသိ။ တစ်ခွိခွိ ရီနေကြသည်။ ချွေးမ ကလှမ်းမေးလိုက်သည်။ နင်တို့ဘာရီတာလဲဆိုတော့ နင့်ဖုန်းနင့်ဖွင့်ကြည့်လို့ သမီးက ပြောသည်။ လှမ်းပြောလိုက်ရင်ရသည့်ကိစ္စကို ဘာကိစ္စ ဖုန်းဖွင့်ခိုင်းရသည်နည်း။ ဒေါ်တင်တစ်ယောက် စဉ်းစားလို့မရပါ။ ဒေါ်တင်တစ်ယောက် သားတွေ သမီးတွေ အိမ်ကိုလာလည်ပြီး ဖုန်းကို ပဲ တစ်ချိန်လုံးကြည့်နေသည်ကို အံသြော်မိသည်။ ညနေ နေစောင်းတဲ့အထိ ဒေါ်တင်ပြောတာလေးကို ပြန်ဖြေလိုက်ကြ သူတို့ဖုန်းလေးကို ပြန်ကြည့်လိုက်ကြနှင့် အချိန်ကုန်သွားကြသည်။ မိုးချုပ်တော့ ဒေါ်တင် မီးဖိုချောင်ထဲ ပြန်ဝင်၍ ညစာအတွက် ပြင်ဆင်လိုက်သည်။ ချွေးမနှင့် သမီးလိုက်လာကြသည်။ ညစာအတွက် ဝိုင်းကာ ပြင်ဆင်ကြသည်။ ထမင်းစားချိန်တွင်တော့ သူတို့အဖေနှင့် internet အကြောင်း Facebook ဆိုတဲ့ အကြောင်းတွေ ပြောနေကြသည်။ ကိုယ်ကတော့ သူတို့ပြောတာ ဘာမှနားမလည်။ သူတို့ပြောသမျှကိုသာ နားထောင်နေလိုက်သည်။ ထမင်းစားပြီး ပြန်သွားတော့ ဒေါ်တင်တစ်ယောက် ခြေပစ်လက်ပစ် အိပ်ယာပေါ်လဲှနေလိုက်သည်။ နေ့ခင်းက ကိစ္စကို ပြန်တွေးနေမိသည်။
ဟိုးအရင် သားနှင့် သမီး အိမ်မခွဲခင် အချိန်က အကြောင်းများကို ပြန်သတိရနေမိသည်။ သားက ကျောင်းကအပြန်ဆိုလျှင် အမေကို အရင်တွေ့အောင်ရှာပြီး ကျောင်းမှ ကိစ္စများကို ခရေစေ့တွင်းကျ ပြန်ပြောနေကြ။ သမီးကတော့ အရင်ကတည်းက အေးအေးဆေးအေးသမား။ အခုတော့ သားက အရင်လို အလုပ်အကြောင်းတွေ အမေကို ခရေစေ့တွင်းကျ ပြောမနေတော့။ အိမ်ကိုရောက်တာနှင့် ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေတော့သည်။ ဒီအမေရှိသည်ကိုပင်မေ့နေပုံရသည်။ ဘာတွေ ဒီလောက် အသည်းအသန်ကြည့်နေရတာလဲဟု တစ်ခါတစ်ခါတွေးတောမိသည်။ မိမိအားစကားသိပ်မပြောပဲ ဖုန်းကိုပဲ အာရုံစိုက်နေသည်မှာ လေး ငါး ခြောက်လ ကျော်ရှိနေပြီ။ ဒေါ်တင်တစ်ယောက် မိမိအားစကားမပြောပဲ ဖုန်းအား တစ်ချိန်လုံးအာရုံစိုက်နေသော သားနှင့် သမီးအား ဒီတစ်ခါလာလျှင်တော့ ပွင့်ပွင့်လင်းလင်းဆွေးနွေးရမည်။ အမေကို စကားမပြောပဲ ဖုန်းကိုပဲ အာရုံစိုက်နေမည်ဆိုပါ က မလာပါနှင့်တော့။
ဖုန်းကြည့်တာပဲ ကိုယ့်အိမ်တွင် ကိုယ်ကြည့်လို့ရသည်ပင်။ ဒီအဖေ အမေအိမ်ကိုလာလည်လျှင်တော့ ဒီဖုန်းကြီး တစ်ကြည့်ကြည့်နှင့် မိဘကို စကားမပြောလျှင် ဘာလုပ်မည်နည်း။ အမေက ခေတ်အမြင်မရှိပါဘူးလို့ ပြောလည်း အပြောခံလိုက်မည်။ ဒီဖုန်းထဲတွင် ဘာတွေကများသူတို့ကို ဆွဲဆောင်နေသနည်းဟု ဒေါ်တင်တစ်ယောက် သိချင်သည်။ ဘေးအိမ်က ဒေါ်စိုးကတော့ ပြောသည်။ သူ့သားတွေ သမီးတွေလည်း တစ်အိမ်ထဲအတူနေပြီး ဒီလိုပဲ ဖုန်းတစ်ချိန်လုံးကြည့်နေသည်တဲ့။ ဒေါ်စိုးကတော့ သူ့ကို စကားမပြောသည်ကို သိပ်ပြီး ခံစားနေပုံမရ။ သူတို့လာမပြောတော့လည်း ကိုယ့်ရုပ်ရှင်ကိုယ်ကြည့်နေလိုက်သည်တဲ့။ ဒေါ်တင်တို့ကတော့ သားတွေ သမီးတွေနှင့် စကားတွေ အမျှင်မပြတ်ပြောချင်သည်။
အလုပ်အကြောင်း မိသားစုအကြောင်းများကို တိုင်ပင်ဆွေးနွေးချင်သည်။ အခုတော့ ဒီဖုန်းတွေပေါ်လာပြီးမှ မိမိအားစိမ်းသွားကြသော သားတွေသမီးတွေကို စိတ်ဆိုးလာသည်။ ဒီတစ်ခေါက်လာလျှင်တော့ သေသေချာချာကို မေးမည်။ တစ်ပတ်တစ်ကြိမ်လာသော အမေ့အိမ်တွင် ဖုန်းကိုပဲ ကြည့်နေမည်လား။ အမေကို စကားပြောမည်လား။ ဒေါ်တင်တစ်ယောက် တနင်္ဂနွေနေ့ရောက်လျှင်တော့ မေးရန် အဆင်သင့့်ဖြစ်နေတော့သည်။
Author: Dr. အေးချမ်းမိုး