ယနေ့ခေတ်မှာ အသက်အရွယ်မရွေး ကြိုးစားလှုပ်ရှားနေရတာနဲ့အမျှ အစာစားချိန်မမှန်တော့တာတွေ၊ အမြန်စာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ အာလူးကြော်၊ ပေါင်မုန့်တွေကို ဗိုက်ဝအောင် ဖြစ်သလို စားလိုက်ရတာတွေကြောင့် လေထိုးလေအောင့်ဝေဒနာကို အချိန်မရွေး အသက်အရွယ်မရွေး မကြာခဏ ခံစားရလေ့ရှိပါတယ်။ လေထိုးလေအောင့်ဖြစ်ခြင်းဆိုတာဟာ ဗိုက်ထဲမှာ လေတွေပုံမှန်ထက် ပိုများနေတဲ့ အခြေအနေကို ခေါ်ပါတယ်။ လေထိုးလေအောင့်ချိန်မှ မဟုတ်ပါဘူး။ ပုံမှန်အချိန်မှာလည်းကျွန်တော်တို့ ဗိုက်ထဲမှာ လေတွေရှိပါတယ်။
ဒီလေတွေ ဘယ်ကရောက်လာပါသလဲ။ တစ်ခါတစ်ရံ ကျွန်တော်တို့တွေဟာ အမူမဲ့ အမှတ်မဲ့ လေတွေကို မြိုချမိတာမျိုးတွေရှိတတ်ပါတယ်။ အဲ့ဒီ မြိုချလိုက်တဲ့လေတွေ၊ အစာချေဖျက်မှုကတဆင့် ထွက်လာတဲ့လေတွေ ၊ အချို့သောအစားအစာတွေကို အူကကောင်းကောင်းမစုပ်ယူနိုင်ရာက ထွက်တဲ့လေတွေဟာ ဝမ်းဗိုက်ထဲမှာ ရှိနေတတ်ပါတယ်။ ဒီလေတွေကို စအိုကနေ လေလည်ခြင်းမှသော်လည်းကောင်း ၊ ပါးစပ်ကနေလေချဉ်တက်ခြင်းမှသော်လည်းကောင်း ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်လေ့ရှိပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ၁၀ ကြိမ်ကနေ အများဆုံး ၂၅ ကြိမ်ထိ လေလည်တတ်ပါတယ်။ ဗိုက်ထဲမှာလေတွေ ပုံမှန်ထက်ပိုများလာတဲ့ အခါမှာတော့ လေထိုးလေအောင့် ဖြစ်လာတော့တာပါပဲ။ လေထိုးလေအောင့်ဖြစ်တဲ့အခါ လေချဉ်တွေ ခဏခဏတက်မယ်၊ ဗိုက်ကြီးကဖောင်းပြီး တင်းတင်းကြီးဖြစ်နေမယ်၊ ဗိုက်အောင့်ဗိုက်နာတွေဖြစ်လာမယ်၊ ပုံမှန်ထက် လေပိုလည်တာတွေ ဖြစ်လာမယ်။ နေရတာ အဆင်မပြေဘဲ အခက်တွေ့စေတတ်ပါတယ်။ ဘယ်လိုအခါမှာ လေထိုးလေအောင့်ဖြစ်တတ်ပါသလဲ။ လေတွေကို မျိုချမိတဲ့အခါ၊ လေပွစာတွေကို စားမိတဲ့အခါ၊ အစာမကြေတဲ့အခါတွေမှာ လေထိုးလေအောင့် ဖြစ်လာတတ်ပါတယ်။ အချို့သော အူနှင့် အစာအိမ်လမ်းကြောင်းဆိုင်ရာ ရောဂါတွေမှာလည်း လေထိုးလေအောင့်ဖြစ်တာမျိုးတွေ ရှိပါတယ်။ ပုံမှန်လူတစ်ယောက်ဟာ လေတွေကို တကူးတကကြီး မြိုချနေလေ့မရှိပါဘူး။ ဒါပေမယ့် အရည်တစ်ခုခုကို ခပ်မြန်မြန် မျိုချလိုက်တဲ့အခါတွေမှာပဲဖြစ်ဖြစ် ၊ ဆေးရွက်ကြီးကနေထုတ်တဲ့ ပစ္စည်းတစ်မျိုးမျိုးကို ငုံနေရင်းပဲဖြစ်ဖြစ် ပီကေဝါးရင်းကပဲ ဖြစ်ဖြစ် လေတွေကို မြိုချမိတတ်ပါတယ်။
တစ်ခါတစ်လေ အရမ်းမာတဲ့သကြားလုံးကို စုပ်နေရင်းနဲ့ ကိုယ်မသိလိုက်ဘဲ လေကို မျိုချမိလိုက်တာတွေ ၊တပ်ထားတဲ့ သွားတုက ချောင်နေရင်း ဖြစ်ဖြစ် ၊ အသက်ကိုမြန်မြန်ရှုရင်းပဲဖြစ်ဖြစ် ဗိုက်ထဲကို လေတွေဝင်သွားတတ်ပါတယ်။ ဒါ့အပြင် ကစီဓာတ်ကိုအချဉ်ဖောက်ထားတဲ့ ဖျော်ရည်တွေ (ဥပမာ ဘီယာ) လိုမျိုးတွေကလည်း လေပွစေပါတယ်။ တစ်ခါတစ်ရံမှာ အူကနေ အစားအစာကို မချေဖျက်နိုင်တဲ့အခါမှာလည်း လေပွတာမျိုးဖြစ်နိုင်ပါတယ်။ ကိုယ့်ကို ဒီအစားအစာက လေပွစေပေမယ့် အခြားသူမှာ ဖြစ်ချင်မှဖြစ်မှာပါ။ လူတစ်ယောက်ချင်းစီမှာရှိတဲ့ အူရဲ့စွမ်းဆောင်ရည်၊ အူမှာရှိနေတဲ့ ပုံမှန်ကျန်းမာစေတဲ့ ဘက်တီးရီးယားတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ များသောအားဖြင့် လူတော်တော်များများကို လေပွစေတဲ့ အစားအစာတွေကတော့ ပဲအမျိုးမျိုး ၊ အာလူး၊ ပြောင်းဖူး၊ ခေါက်ဆွဲစတဲ့ ကစီဓာတ်ပါတဲ့အစားအစာတွေ ၊ အချိုရည်တွေ ၊ ဘီယာနဲ့ ဝိုင်အမျိုးမျိုး တို့ပဲဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်သော အမျှင်ဓာတ်ပါဝင်တဲ့ ပန်းသီး၊ ငှက်ပျောသီး ၊ သစ်တော်သီး တွေ ပန်းမုန်ညင်းစိမ်း ၊ ဂေါ်ဖီထုပ်တွေကလည်း လေပွစေပါတယ်။ တစ်ခါတစ်လေမှာ တုတ်ကောင်၊ သန်ကောင်တို့ကြောင့်လည်း လေထိုးလေအောင့်ဖြစ်တတ်ပါသေးတယ်။နောက်လေပွခြင်းကို ဖြစ်စေတဲ့ အကြောင်းတစ်ခုကတော့ အူက လက်တို့ဓာတ်ကို လက်မခံနိုင်လို့ပဲဖြစ်ပါတယ်။ လက်တို့ဓာတ်ဟာ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။ လူတွေရဲ့အူမှာ လက်တို့ဓာတ်ကို ချေဖျက်ပေးနိုင်တဲ့ အင်ဇိုင်းဓာတ်တစ်မျိုးရှိပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အဲဒီအင်ဇိုင်းဓာတ်တွေဟာ နည်းသွားတတ်ပါတယ်။
ဒါကြောင့် နို့ထွက်ပစ္စည်းတွေစားပြီးရင် လေပွတာမျိုးတွေ ဖြစ်လာတာပါ။လေထိုးလေအောင့်ဖြစ်ခြင်းဟာ များသောအားဖြင့် အစားအစာတွေကြောင့် ဖြစ်တာများတယ်။ ဒါကြောင့် ကိုယ့်ကို လေထိုးလေအောင့်ဖြစ်စေတဲ့ အစားအစာတွေကို သတိပြုမှတ်သားပြီး ရှောင်ရှားတာမျိုးလုပ်သင့်တယ်။ ဖြစ်လာခဲ့ရင်လည်း လေထိုးတာကို သက်သာစေမည့် အစားအစာတွေ စားတာမျိုး ၊ simethicone ပါတဲ့ လေဆေးသောက်တာမျိုးတွေ ပြုလုပ်သင့်တယ်။ လေထိုးတာကို သက်သာစေတဲ့အစားအစာတွေကတော့ ချင်း၊ ဒိန်ချဉ်၊ ပျားရည် ၊ ပရုတ်၊ နာနတ်သီးတွေဟာ လေထိုးတာကို သက်သာစေနိုင်ပါတယ်။ ဟင်းနုနွယ်၊ ကိုက်လန် ၊ သခွားသီးနဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည်တွေကိုသောက်ခြင်းဖြင့်လည်း သင့်ရဲ့ လေထိုးလေအောင့် ဝေဒနာတွေကို လျော့ပါးသွားစေနိုင်ပါတယ်။ တကယ်လို့ လက်တို့ဓာတ်ကြောင့် ဖြစ်တဲ့ လေနာဆိုရင်တော့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ၂ ပတ်လောက်ရှောင်ပြီး လေထိုးလေနာခြင်းရှိမရှိ ပြန်စမ်းသပ်စစ်ဆေးသင့်ပါတယ်။
အစားကို အချိန်မှန်မစားဘဲ တစ်ချီတည်းအများကြီးစားခြင်းဟာလည်း အစာမကြေဖြစ်ပြီး လေနာခြင်းကိုဖြစ်စေတဲ့အတွက် အစားအစာတွေကို နည်းနည်းနဲ့ မကြာခဏ စားပေးသင့်ပါတယ်။ ဝမ်းဗိုက်ထဲမှာတင်းကြပ်နေတာတွေ၊ မအီမသာဖြစ်တာတွေကို လျော့နည်းစေဖို့ အဆီဓာတ်များတဲ့ အစားအစာတွေကိုလည်း အနည်းငယ်သာ စားသုံးသင့်ပါတယ်။ အမြန်စာတွေဖြစ်တဲ့ ပေါင်မုန့်တွေ ၊ ဆီကြော်မုန့်တွေကိုလည်း လျော့စားသင့်ပါတယ်။ ဝမ်းသွားတဲ့အလေ့အထ မှန်အောင်လည်း ရေများများသောက်ပေးရပါမယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးလာရင် အသက်ရှုမြန်လာတာတွေ ၊လေတွေကို အမှတ်မဲ့ မျိုချမိတာတွေ လုပ်တတ်ပါတယ်။ အဲ့ဒီအခါမှာလည်း လေထိုးလေအောင့်ဖြစ်လာတတ်လို့ စိတ်ဖိစီးမှုကိုလည်း တတ်နိုင်သမျှ လျော့ချသင့်ပါတယ်။ သန်ကြောင့် လေထိုးခြင်းကို ကာကွယ်ဖို့လဲ မှန်မှန်သန်ချတာမျိုး လုပ်သင့်ပါတယ်။ သင်လေထိုးတတ်တယ်ဆိုရင်တော့ simethicone ပါတဲ့ လေဆေးကို အနီးအနားမှာဆောင်ထားတာ မမှားပါဘူး။ ဒီဆေးတွေဟာ အစာအိမ်ထဲမှာရှိနေတဲ့ လေတွေကို တစ်စုတစ်ဝေးတည်း ဖြစ်စေနိုင်လို့ လေထိုးခြင်းကို သက်သာစေနိုင်ပါတယ်။ လေထိုးလေအောင့်ဖြစ်တာဟာ မသက်သာရင် ၊ မခံမရပ်နိုင်အောင်ဗိုက်အရမ်းအောင့်လာရင် ၊ ဝမ်းသွားတဲ့ အလေ့အထပြောင်းသွားရင်တော့ အခြားအူလမ်းကြောင်းဆိုင်ရာရောဂါ တစ်ခုခုကြောင့်ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းသွားမယ် ဒါမှမဟုတ် ဝမ်းချုပ်မယ်၊ ဝမ်းထဲမှာသွေးပါမယ်၊ပျို့တာ အန်တာတွေရှိလာမယ်၊ အဖျားပါဝင်လာမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Author: Dr. မေ