တစ်နေ့သော ညချမ်းချိန်ခါ သမယတွင် ဇီဝက ဆေးခန်းဖွင့်ရာ
ရန်ကုန်မြို့ဆင်ခြေဖုံး ရပ်ကွက်ကလေးတွင် နေထိုင်သော ဒေါ်ဘုမဆိုတဲ့ ခပ်၀၀
အမျိုးသမီး တစ်ဦးဆေးခန်း လာပြလေ၏ ။
ရောက်မဆိုက်ပင် ဒေါ်ဘုမက
ဒေါ်ဘုမ။ ။ ဆရာရေ ၊မနေနိုင်လွန်းလို့လာပြတာ ။ဟောဒီမှာ ဒီ့ဘက် ဖနောင့်
နာလွန်းလို့ ဆရာရေ ။
ဇီဝက ။ ။ ဟုတ်ပါပြီ ၊ဒေါ်ဘုမရဲ့ ။ခဏလေး အမောလေးဖြေပါဦး ။
ဟုတ်ပြီ အဲ့ဒီ ညာဘက် ဖနောင့်က ဘယ်လို စအောင့်လဲ ။ဖြစ်နေတာ
ရော ဘယ်လောက်ကြာပြီလဲ ။
ဒေါ်ဘုမ။ ။ ဒီလို ဆရာရေ လွန်ခဲ့တဲ့ တစ်ပတ်လောက်က စဖြစ်တာ ။
မနက်မိုးလင်း အိပ်ရာထတော့ ကြမ်းပြင်ကို ဖနောင်ချနင်းတာ ဆရာရယ် ၊
နာလိုက်တာမှ အိပ်ရာထဲ ဖင်ထိုင်လျက် ပြန်ကျတယ် ။ဒါနဲ့ ဟိုဟာလေး
လိမ်းလိုက် သက်သာနိုးနဲ့ ။ခုလို ဖင့်သွားတာ ။
ဇီဝက ။ ။ ဟုတ်ပြီ ၊ဒေါ်ဘုမရေ ။
တခြား ဘယ်လိုလုပ်ရင် သက်သာပြီး ဘယ်လို လုပ်ရင် ပိုဆိုးလဲ ။
ဒေါ်ဘုမ ။ ။ ဆေးပူလေး လိမ်းတော့ သက်သာသလိုတော့ရှိသလိုပဲ ဆရာလေးရေ ။
ဖိနပ်စီး လမ်းနည်းနည်း ကြာကြာ လျှောက်တာနဲ့ နာရောပဲ ။
ဇီဝက ။ ။ ခြေဖနောင့် ရောင်ရမ်းတာရှိလား ။ခိုက်မိသေးလား ။ဒေါ်ဘုမ အလေး
အပင်တွေ မရသေးလား ။ဖိနပ် ခုံအထူ ၊အမာတွေစီးသေးလား ။
ဒေါ်ဘုမ။ ။ခြေဖနောင့် ရောင်တာတော့ မရှိဘူး ဆရာ ။ခိုက်မိတာလည်း မဟုတ်ပါ
ဘူး ။အလေးအပင် ကတော့ ဆရာရေ ကျွန်မပဲ ဒိုင်ခံ မရတော့ပေါ့ ။
ကလေးတွေဆို ခြေထောက်မှာ ပန်ကာ တပ်ထားသလားမှတ်ရတယ် ၊
အလုပ်ခိုင်းမယ်ဆို ဖမ်းလို့ကို မမိတော့ပါဘူး ။ဖိနပ်ကတော့ ကျွန်မက
နည်းနည်းထူတာလေး စီးတတ်တယ် ၊ဆရာလေး ။
ဇီဝက ။ ။ ဟုတ်ပါပြီ ။စမ်းသပ်ကြည့်ရအောင်လေ ။
စမ်းသပ်ပြီးနောက်
ဇီဝက ။ ။ စမ်းသပ်ကြည့်ရသလောက် ဖြစ်နိုင်တာကတော့ ဒေါ်ဘုမရဲ့ ခြေဖဝါးနဲ့
ဖနောင့်မှာ ရှိတဲ့ အရွတ်ပြင်ရောင်လို့ ဖြစ်တာပေါ့ ။အဓိက ကတော့
အဲ့ဒီ အရွတ်ကလေး ဒဏ်ဖြစ်လို့ ဖြစ်တာပေါ့ဗျာ ။အားကစားသမားတွေ ၊
အလေးအပင်မသူတွေ ၊ဖိနပ် အမာ ၊အထူစီးသူတွေ ပိုဖြစ်တတ်တယ်ဗျာ ။
ဖြစ်ရင်လည်း ဒေါ်ဘုမ ဖြစ်သလိုပင် အိပ်ရာထ ၊ဒါမှမဟုတ် ထိုင်ရာက
အထ တွေမှာ ဖနောင့်ကို ဖိနင်းရင် နာတော့တာပဲ ။
ဒေါ်ဘုမ။ ။ဆရာလေးရေ ၊ကျွန်မကို အမြန်သက်သာအောင် လုပ်ပေးပါဦး ။
အိမ်မှာက ကျွန်မ မပါရင် အလုပ်တွေက ပုံနေရော ။
ဇီဝက ။ ။ ဟုတ်ပါပြီ ။အရမ်းလည်း မစိုးရိမ်ပါနဲ့လေ ။
ခု ကျွန်တော် သောက်ဆေး နဲ့ ၊အကိုက်အခဲသက်သာစေမယ့် လိမ်ဆေး
တွေ ပေးလိုက်မယ် ။ဟုတ်ပြီလား ။
ဒေါ်ဘုမ ။ ။ ဘာတွေ ဆင်ခြင်ရဦးမလဲ ၊ဆရာ ။
ဇီဝက ။ ။ ဒေါ်ဘုမ အနေနဲ့ နည်းနည်း စိတ်ရှည်ဖို့ လိုတယ် ။ဖြစ်ရင် ဒီဖနောင့်
အရွတ်ရောင်တာက နည်းနည်းကြာလို့ပါ ။
-ခြေဖနောင့် ဒဏ်ဖြစ်စေမယ့် အပြုအမူမျိုး လောလောဆယ်ရှောင်ပါ။
-ရေခဲအုံ ။ရေခဲဖတ် ကပ်ပါ ။
-ရေနွေးပုလင်းလေးကို ဖြစ်တဲ့ခြေထောက်က ဖိလှိမ့်ပေး ။
-ဖိနပ်အထူ ၊အမြင့်တွေရှောင် ။
-ဖိနပ် အောက်ခံ အပျော့စား ၊ဖော့ဖိနပ်လေးတွေ စီးပေး ။
ဟုတ်ပြီနော် ။ဘာမရှင်းတာ ၊မေးချင်တာ ရှိလဲ ။
ဒေါ်ဘုမ။ ။ မရှိပါဘူး ၊ဆရာ ။ဆရာပြောတဲ့ အတိုင်း လိုက်နာပါ့မယ် ။
Author: ခေတ်သစ်ဇီဝက