fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ညဘက် သွားကိုက်ရင်

သွားကိုက်တာတွေက ညဘက်မှာဆို ပိုပြီး ဆိုးတတ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ အိပ်စက်ဖို့ကလည်း တော်တော်လေးကို ခက်ခဲတတ်ပါတယ်။ ညဘက်ဆိုတော့ ဆေးခန်းတွေကလည်း ပိတ်နေပါပြီ။ အိပ်လို့လည်း မရ။ မနက်ကျရင်လည်း လုပ်စရာအလုပ်တွေကလည်း ရှိသေး။ အတော်လေးကို ခက်ခဲ အချိန်ကာလ တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကို အဆင်ပြေစွာ ကျော်ဖြတ်နိုင်ဖို့ မိမိအိမ်မှာပဲ နာကျင်မှုကို သက်သာအောင် ကုသတဲ့နည်းလမ်းတွေ ရှိပါတယ်။

 

၁။ နာကျင်မှုကို သက်သာစေတဲ့ ဆေးတွေသောက်မယ်

ဆရာဝန်ညွှန်ကြားချက် မပါဘဲသောက်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်လို့ရပါတယ်။ တော်ရုံတန်ရုံ သွားကိုက်တာလောက်ကိုတော့ အသာလေး သက်သာစေပါလိမ့်မယ်။ ဒါပေမဲ့ အကိုက်အခဲပျောက်ဆေးတွေကို မသောက်မီ အစာစားခြင်း သို့မဟုတ် အစာအိမ်ဆေးနဲ့ တွဲပြီးသောက်ဖို့တော့ လိုအပ်ပါတယ်။

 

၂။ ရေခဲကပ်မယ်

ရေခဲက သွေးကြောတွေကို ကျဉ်းသွားစေပါတယ်။ ဒါကြောင့် သွားကိုက်ခြင်းကို သက်သာစေပြီး အိပ်ပျော်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ တကယ်လို့ ညဘက်မှာ သွားကိုက်နိုင်လောက်တယ်လို့ သံသယရှိခဲ့လျှင် ညနေလောက်ကတည်းက တစ်နာရီကို ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်နှုန်းနဲ့ ရေခဲကြိုကပ်ပေးထားတာကလည်း ညအိပ်ရာဝင်တဲ့အခါ သွားကိုက်ခြင်း သက်သာအောင် အထောက်အကူပြုပါတယ်။

 

၃။ ခေါင်းကို မြှင့်ပြီး အိပ်မယ်။

ခေါင်းထဲကို သွေးအမြောက်အမြားရောက်ခြင်းဟာ ယောင်ယမ်းခြင်းကို ပိုမို ဖြစ်ပွားစေသလို၊ နာကျင်မှုကိုလည်း ပိုမိုဆိုးရွားစေပါတယ်။ ဒါကြောင့် ခေါင်းထဲကို သွေးရောက်ခြင်းကို သက်သာစေဖို့ ခေါင်အုံး တစ်လုံး သို့မဟုတ် နှစ်လုံးလောက် ထပ်သုံးပြီး ဦးခေါင်းကို မြှင့်ကာ အိပ်ခြင်းကလည်း သွားနာခြင်းကို သက်သာစေပြီး အိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

၄။ ဆားရည်နဲ့ ပလုပ်ကျင်းမယ်

ဆားဟာ ဘက်တီးရီးယားတွေကို သတ်နိုင်တဲ့ သဘာ၀ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ယောင်ယမ်းမှုတွေကို လျော့ကျစေပြီး သွားနာတာကို  သက်သာစေပါတယ်။ ဒါ့အပြင် အခြားသွားတွေကိုလည်း ဘက်တီးရီးယားကဲ့သို့ ပိုးမွှားရန်ကနေလည်း ကာကွယ်ပေးပါတယ်။ ဒါအပြင် ဆားရည်နဲ့ ပလုပ်ကျင်းခြင်းဟာ သွားနဲ့ သွားဖုံးကြားမှာ ညှပ်နေတဲ့ အစားအစာ အကြွင်းအကျန်တွေကိုလည်း ထွက်သွား​အောင် ကူညီပေးနိုင်ပါတယ်။

 

၅။ ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်နဲ့ ပလုပ်ကျင်းမယ်

ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်နဲ့ ပလုပ်ကျင်းတာဟာ သွားမှာ ချေးတွေ၊ ကျောက်တွေ ကို လျော့နည်းစေသလို့ ခံတွင်းသန့်ရှင်းရေးအားနည်းမှုကြောင့် ဖြစ်တတ်တဲ့ ရေစီးကမ်းပြိုရောဂါကိုပါ သက်သာစေပါတယ်။ ရေစီးကမ်းပြိုရောဂါမှာ သွားနာတာတွေအပြင်၊ သွားဖုံးကနေ သွေးယိုတာ၊ သွားယိုင်နဲ့တာတွေကိုပါ ဖြစ်တတ်ပါတယ်။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ရေနဲ့ကို အညီအမျှရောပြီး ပလုပ်ကျင်းပေးလို့ ရပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ၎င်းကို မမျိုချရပါဘူး။ ဒါကြောင့် မတော်တဆမျိုချမိတာမျိုးဖြစ်မှာစိုးတဲ့အတွက် ကလေးတွေမှာ ဒီနည်းလမ်းကို မသုံးသင့်ပါဘူး။

 

၆။ ပူစီနံလက်ဖက်ရည်ကြမ်းကိုသောက်မယ်

ပူစီနံထဲမှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေအပြင် ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ပူစီနံ လက်ဖက်ရည်ကြမ်းကို သောက်ပေးခြင်းဟာ သွားကိုက်ခြင်းကြောင့် ဖြစ်လာတဲ့ နာကျင်မှုကို ယာယီသက်သာစေပါတယ်။ ဒါအပြင် ပူစီနံထဲမှာပါဝင်တဲ့ မင်သော်ဆိုတဲ့ ပစ္စည်းတစ်မျိုးဟာလည်း သွားကိုက်နေတဲ့ နေရာကို အနည်းငယ် ထုံထိုင်းသက်သာစေပါတယ်။

 

၇။ လေးညှင်းကို သွားနာတဲ့နေရာကို သိပ်မယ်

လေးညှင်းမှာ ပါတဲ့ Eugenol ဆိုတဲ့ ဓါတ်တစ်မျိုးဟာ သွားကိုက်နေတဲ့ နေရာကို ထုံထိုင်းသွားစေတဲ့အတွက်ကြောင့် နာကျင်မှုကို သက်သာစေပါတယ်။ ကြိတ်ထားတဲ့ လေးညှင်းအမှုန့်တွေကို ရေနဲ့ခပ်ပျစ်ပျစ်ဖျော်ပြီး သွားကိုက်တဲ့နေရာကို သိပ်ထားပေးလို့ရပါတယ်။ ဒါမှမဟုတ် လေးညှင်းတစ်ခုလောက်ကို ပါးစပ်ထဲမှာ ဖြေညှင်းစွာ ကိုက်ဝါးပြီး သွားကိုက်နေတဲ့နေရာအနီးမှာ မြုံထားလို့လည်း ရပါတယ်။ ဒီနေရာမှာလည်း  အရေးကြီးတာက လေးညှင်းကို မျိုချလို့ မရပါဘူး။ လေးညှင်းတစ်ခုလောက်ကို မျိုချမိလျှင်တောင် ပူစပ်ပူလောင်နဲ့ နာကျင်ခံစားရပါလိမ့်မယ်။ ဒါကြောင့် ကလေးတွေကို ဒီနည်းလမ်းကို မလုပ်ခိုင်းသင့်ပါဘူး။

 

၈။ ကြက်သွန်ဖြူကို ဝါးပြီး မြုံမယ်။

ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Allicin ဓါတ်ဟာ ဘက်တီးရီးယားတွေကို သတ်နိုင်စွမ်းရှိတဲ့အတွက်ကြောင့် သွားကိုက်တဲ့ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ကြက်သွန်ဖြူကိုလည်း လေးညှင်းကဲ့သို့ပင် သွားဖြင့် ဖြေးညှင်းစွာ ကိုက်ဝါးပြီး ပါးစပ်အတွင်းရှိ သွားကိုက်တဲ့ နေရာအနီးမှာ မြုံထားပေးခြင်းအားဖြင့် သွားကိုက်သက်သာအောင် ပြုလုပ်လို့ ရပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူရဲ့ စူးရှတဲ့ အနံ့ကို လူတိုင်းမခံနိုင်တဲ့အတွက်ကြောင့် ဒီနည်းလမ်းဟာ လူတိုင်းနဲ့ မသင့်တော်ပါဘူး။

 

အထက်ပါနည်းလမ်းတွေထဲက သင့်တော် အဆင်ပြေတဲ့ နည်းလမ်းတွေကို အသုံးပြုခြင်းဖြင့် သွားကိုက်တဲ့ ဝေဒနာကို တွန်းလှန်ကာ ပကောင်းမွန်စွာ အိပ်စက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်ပေးးလိုက်ပါတယ်။

 

Author : Dr. မိုး (ဆေး ၁)

ဆက်စပ် ဆောင်းပါးများ