fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ

ကျွန်တော်တို့ရဲ့ အရေပြားကို အိုမင်းရင့်ရော်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အသက်အရွယ် ကြီးရင့်လာမှုကြောင့် အိုမင်းရင့်ရော်ခြင်းကဲ့သို့ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ထိန်းချုပ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကြောင့်နှင့် နေထိုင်စားသောက်မှုပုံစံများကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနှင့် ပတ်သတ်လျှင်တော့ ကျွန်တော်တို့ ကာကွယ်၊ လုပ်ဆောင်နိုင်တဲ့ အကြောင်းခြင်းရာ များစွာရှိပြီး အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ကို နှေးကွေးအောင် လုပ်ဆောင်လို့ ရပါတယ်။

အောက်ပါအချက်အလက်တွေကတော့ အရေးပြားနှင့် အလှအပဆိုင်ရာ ဆရာဝန်များမှ  ၎င်းတို့၏ လူနာများကို အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းအတွက်ပေးလေ့ရှိသော အကြံဉာဏ်များဖြစ်ပါသည်။

 

      ၁။ နေရောင်ခြည်နှင့် ထိတွေ့ခြင်းကို ကာကွယ်ပါ။

နေရောင်ခြည်သည် အရေပြားကို ရင့်ရော်စေသော အဓိကအကြောင်းအချက်ဖြစ်သည်။ နေရောင်ခြည်နှင့် ထိတွေ့ချိန်သည် အချိန်ခဏလေးဖြစ်သည် ဆိုလျှင်ပင် အကာအကွယ်ရရှိအောင် လုပ်ဆောင်သင့်သည်။ အရိပ်ထဲတွင် တတ်နိုင်သမျှနေခြင်း၊ အင်္ကျီလက်ရှည် ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်း၊ နေရောင်ကာ ဦးထုပ်များဆောင်းခြင်း၊ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်သော နေကာမျက်မှန်များ ဝတ်ဆင်ခြင်းများကို ဂရုပြု၍ လုပ်ဆောင်သင့်သည်။

ထို့အပြင် နေပူထဲသို့ထွက်တိုင်း SPF 30 အနည်းဆုံးရှိသော နေလောက်ကာ လိမ်းဆေးများကို  အဝတ်အစားမဖုံးအုပ်သော အရေပြား ဧရိယာများကို လိမ်းပေးရပါမည်။

 

၂။ ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပါ။

ဆေးလိပ်သောက်ခြင်းသည် အိုမင်းရင့်ရော်ခြင်းကို မြန်ဆန်စေသည်။ အရေပြားတွင် အစင်းကြောင်းများ ပေါ်ခြင်းနှင့် အသားအရည် မွဲခြောက်ခြင်းတို့ကို ဖြစ်စေသည်။ ထို့ကြောင့် ဆေးလိပ်ကို ဖြတ်လိုက်ခြင်းဖြင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို တားဆီးနိုင်သည်။

၃။ ထပ်ခါထပ်ခါ မျက်နှာ အမူအရာများ လုပ်ခြင်းကို လျှော့ချပါ။

မျက်နှာအမူအရာလုပ်သည့်အခါ မျက်နှာကြွက်သားများ ကျုံ့ခြင်း၊ ဆန့်ခြင်းများ ပြုလုပ်ရပါသည်။ တူညီတဲ့ မျက်နှာ ကြွက်သားများကို နှစ်ပေါင်းများစွာ ကျုံဆန့်ပြုလုပ်ရာတွင် အသုံးပြုသောအခါ ထိုကြွက်သား ကျုံ့ဆန့်ခြင်းကြောင့် ဖြစ်ပေါ်လာသော အရေးအကြောင်းများသည် မျက်နှာပေါ်တွင် မပျောက်ပျက်တော့ဘဲ တည်မြဲသွားတော့သည်။ ထို့ကြောင့် မလိုအပ်ပဲ မျက်မှောင်ကျုံ့ခြင်း၊ နှဖူးတွန့်ခြင်းများကို ရှောင်ကျဉ်သင့်သည်။ နေကာမျက်မှန်တပ်ခြင်းအားဖြင့်လည်း အလင်းစူးအားများခြင်းကြောင့် မျက်မှောင်ကျုံ့ခြင်းကို သက်သာစေနိုင်သည်။

 

၄။ ကျန်းမာရေးနှင့် ညီညွတ်သော မျှတသည့် အစားအစာများကို စားသုံးပါ။

သုတေသနစာတမ်းများအရ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံများ စားသုံးခြင်းဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို လျှော့ချပေးနိုင်ကြောင်း ယုံကြည်ကြပါတယ်။ သကြားနှင့် ပြန်လည်သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်များ အလွန်အကျွံစားခြင်းကတော့ အိုမင်းရင့်ရော်ခြင်းကို မြန်ဆန်စေတယ်လို့ ဆိုပါတယ်။

 

၅။ အရက်ကို လျှော့သောက်ပါ။

အရက်က အရေပြားကို ရေဓါတ်နည်းပါးစေပါတယ်။ အချိန်ကြာလာတာနှင့်အမျှ အရေပြား ပျက်စီးစေသည့်လမ်းကို ဦးတည်လာစေပါတယ်။ အရေပြားကို ကြမ်းတမ်းလာစေပါတယ်။ ဒါကြောင့် ပုံမှန်ရှိသည့် အသက်အရွယ်ထက်ကို ပိုပြီး အိုမင်းရင့်ရော်သည့် ပုံသဏ္ဍာန်ကို ပေါ်လွင်စေပါတယ်။

 

၆။ လေ့ကျင့်ခန်းများ ပြုလုပ်ပါ။

လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဟာ သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါတယ်။ အရေပြားကိုလည်း ပိုမိုငယ်ရွယ်နုပျိုတဲ့ အသွင်သဏ္ဍာန်ကို ပေါ်လွင်စေပါတယ်။

 

၇။ အရေပြားကို ပွတ်တိုက်သန့်စင်သည့်အခါ ဖြေးညင်းစွာ လုပ်ဆောင်ပါ။

အရေပြားကို ပွတ်တိုက်သည့်အခါ အရေပြားကို လှုံ့ဆော်နှိုးဆွသကဲ့သို့ ဖြစ်စေပြီး ရင့်ရော်ခြင်းကို မြန်ဆန်စေပါတယ်။ ဒါကြောင့် ဖြေးညင်းစွာ သန့်စင်ခြင်းအားဖြင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ပါတယ်။

 

၈။ တစ်နေ့ကို နှစ်ကြိမ် မျက်နှာကို သန့်စင်ပါ။ အထူးသဖြင့် အလွန်အမင်းချွေးထွက်ပြီးသည့် အချိန်တွင် ချွေးခြောက်သည်နှင့် မျက်နှာကို သန့်စင်ပါ။

အထူးသဖြင့် ဦးထုပ်၊ ခေါင်းဆောင်းများ ဆောင်းထားသည့်အချိန်တွင် အလွန်အမင်းထွက်လာသည့် ချွေးက မျက်နှာအရေပြားကို လှုံ့ဆော်နှိုးဆွ အနှောင့်အယှက်ပြုနိုင်ပါတယ်။ ဒါကြောင့် ချွေးအနည်းငယ်ခြောက်ကာ ခန္ဓာကိုယ်၏ အပူအအေးစနစ် အနည်းငယ်မျှတသွားသည်နှင့် တစ်ပြိုင်နက် မျက်နှာကို ဖြေးညင်းစွာ သန့်စင်ဆေးကြောပါ။

 

၉။ မျက်နှာ အစိုဓါတ်ပြန်လည်ဖြည့်တင်းပေးသည့် moisturizer များနေ့စဉ်လိမ်းပါ။

Moisturizer များက မျက်နှာအရေပြားတွင် အစိုဓါတ်ကို ထိန်းသိမ်းထားရှိပေးထားပါတယ်။ ဒါကြောင့် ပိုမို နုပျိုသည့် ပုံပန်း သဏ္ဍာန်ကို ပေါ်လွင်စေပါတယ်။

 

၁၀။ မိမိအသားအရေနှင့် မတည့်သော အသားအရေထိန်းသိမ်းရေးနှင့် အလှကုန်ပစ္စည်းများသုံးစွဲခြင်းကို ရှောင်ကျဉ်ပါ။

အသားအရေထိန်းသိမ်းရေးနှင့် အလှကုန်ပစ္စည်းတိုင်း မိမိ၏ အသားအရည်နှင့် တည့်မည်ဟု မဆိုလိုပါ။ စတင်သုံးစွဲသည့်အချိန်တွင် ပူစပ်ပူလောင်ဖြစ်ခြင်း၊ ယားယံခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ကို ခံစားခဲ့ရပါက ဆက်လက် သုံးစွဲခြင်းကို ရပ်တန့်ပါ။ အကယ်၍ ၎င်းပစ္စည်းသည် မိမိ၏ အလှအပရေးရာဆရာဝန်က ညွှန်ကြားထားသည့်ပစ္စည်းဖြစ်နေပါက ဆရာဝန်နှင့် ပြန်လည်တိုင်ပင်ပါ။ မိမိအသားအရေနှင့် မတည့်သော အသားအရေထိန်းသိမ်းရေးနှင့် အလှကုန်ပစ္စည်းများသုံးစွဲခြင်းသည်လည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို မြန်ဆန်စေပါသည်။

 

အထက်ပါအချက်အလက်များသည် အရေပြားကျန်းမာရေးအတွက် တကယ့်ကို တန်ဖိုးရှိအရေးပါသော အချက်အလက်များဖြစ်ပါသည်။ အနောက်ကျဆုံးလို့ ထင်သည့်အချိန်သည် အစောဆုံးအချိန်ပင်ဖြစ်သည် ဟူသောစကားအတိုင်း နောက်ကျသည်ဟူ၍မရှိဘဲ ယနေ့မှစပြီး အရေပြားကျန်းမာရေးကို ထိန်းသိမ်းခြင်းဖြင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ကြပါစို့ ခင်ဗျား။

Author : ဒေါက်တာဟိန်းထွဋ်