ယနေ့ခေတ်တွင် အရေပြား ကျန်းမာရေးနှင့် အသားအရေလှပမှုကို ပိုမိုအလေးထားလာကြပါသည်။ အသားအရေ လှပဖို့ဆိုလျှင် အသားအရေကို ဂရုတစိုက်ထိန်းသိမ်းခြင်းသည်အရေးပါသော အချက်တစ်ချက်ဖြစ်ပါသည်။ ထို့အပြင် အသားအရေလှပမှုကို ထိန်းသိမ်းပေးသော အလေ့အကျင့်များ၊ အပြုအမူများကိုလည်း ဂရုတစိုက် ပြုလုပ်လိုက်နာရန်လိုအပ်သည်။ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိသော အသားအရေကြောင့် ပိုမိုနုပျိုသော ပုံပန်းသွင်ပြင်ကို ထိန်းသိမ်းထားနိုင်ရုံမျှမက မိမိကိုယ်မိမိ ယုံကြည့်မှု၊ တက်ကြွမှုများပါ ပိုမိုတိုးတက်လာနိုင်ပေသည်။ ထို့ကြောင့် သဘာ၀အတိုင်း လှပတဲ့ အသားအရေကို ရရှိရန် ဆောင်ရန် ရှောင်ရန်များကို တင်ပြပေးလိုက်ပါသည်။
၁။ ညမအိပ်ခင် မိတ်ကပ်ဖျက်ရန် မမေ့ပါနှင့်။
ညအိပ်သည့်အခါ မိတ်ကပ်မဖျက်ပဲ အိပ်လျှင် မိတ်ကပ်ကြောင့် အရေပြားရှိ ချွေးပေါက်များပိတ် ကာ အရေပြားပေါ်တွင် အမဲစက်များနှင့် ဆားဝက်ခြံများထွက်လာနိုင်ပါသည်။ မိတ်ကပ်ဖျက်ဆေးမရှိလျှင် သံလွင်ဆီဖြင့် မျက်နှာကို ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် အညစ်အကြေးများနှင့် မိတ်ကပ်ကို ဖယ်ရှားပေးနိုင်ပါသည်။
၂။ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။
အရေပြားသည် နေရောင်ခြည်နှင့် ထိတွေ့ဖန်များသောအခါ အရေပြားတွန့်ခြင်း၊ အမဲစက်များနှင့် အခြားအရေပြား ပြဿနာများဖြစ်တတ်သောကြောင့် နေရောင်ခြည်နှင့်ထိတွေ့တိုင်း နေရောင်ခြည်မှကာကွယ်သော လိမ်းဆေးများလိမ်းပေးရန် လိုအပ်ပါသည်။
၃။ အသားအရေလှပစေသော အစားအစာများ စားပေးပါ။
အသားအရေလှပစေရန် လတ်ဆတ်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များများစားပေးပါ။ အသားဓာတ်နှင့် ဗီတာမင်ဓာတ် လုံလောက်စွာစားပေးပါ။ အဆီဓာတ်နှင့် အချိုဓာတ်နည်းပါးပြီး ဗီတာမင် C ပေါကြွယ်၀သော အစားအစာများသည် ကြည်လင်သန့်စင်သော အသားအရေ ကိုရရှိနိုင်ကြောင်းတွေ့ရှိ ရပါသည်။
အချဉ်ဖောက်ထားသော အစားအစာများ၊ ငန်လွန်း ၊ ပူစပ်သော အစားအစာများနှင့် ဆီကြော်များကိုမူ မစားသင့်ပါ။ ၎င်းတို့သည် အသားအရေကို ပျက်စီးစေနိုင်ပါသည်။
၄။ ချွေးထွက်စေရန် လေ့ကျင့်ခန်းလုပ်ပေးပါ။
ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးခြင်းသည်လည်း အသားအရေလှပစေရန် အထောက်အကူပြုပါသည်။ ပြေးခြင်း ၊ လမ်းလျှောက်ခြင်း ယောဂကျင့် ခြင်းဖြင့် သေွးလည်ပတ်မှုကို ကောင်းစေပြီး အရေပြားရှိ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
၅။ အိပ်ရေး၀၀အိပ်ပါ။
ညစဉ် အနည်းဆုံး (၈ ) နာရီခန့် အိပ်စက်သင့်ပါသည်။ အိပ်ေရးပျက်ခြင်းသည် အသားအရေ ပျက်စီးခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ပါသည်။
၆။ ပျားရည်ဖြင့် လိမ်းပေးပါ။
မျက်နှာကို ပျားရည်ဖြင့် တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ် သုံးကြိမ်ခန့် လိမ်းပေးခြင်းဖြင့် လှပကောင်းမွန်သော အသားအရေသကို ပေးစွမ်းနိုင်ပါသည်။
၇။ ဝက်ခြံထွက်ခြင်းမှ ကာကွယ်ပါ။
ဝက်ခြံ ထွက်တတ်သော အသားအရေပိုင်ရှင်များသည် ဝက်ခြံထွက်ခြင်းမှ ကာကွယ်ရန် မျက်နှာကို ရေနွေးဖြင့် တစ်နေ့ သုံးကြိမ်ဆေးပေးပါ။ မျက်နှာကို စက်ဝိုင်းပုံစံအတိုင်း ညင်သာစွာ နှိပ်နယ်ပေးပါ။
Alpha hydroxyl acid သို့မဟုတ် Beta hydroxyl acid ပါဝင်သော မျက်နှာသစ်ဆေးဆပ်ပြာဖြင့် ဆေးပေးပါ။ မျက်နှာသစ်ပြီးလျှင် မျက်နှာခြောက်အောင်သုတ်ပြီး Benzoyl peroxide ပါဝင်သော မျက်နှာလိမ်းဆေးအရည် ဖြင့် လိမ်းပေးပါ။
Benzoyl peroxide တွင် ဘက်တီးရီးယားပိုးကိုသတ်နိုင်သော အာနိသင်ရှိသောကြောင့် ဝက်ခြံထွက်ခြင်းကိုကုသနိုင်ကြောင်း တွေ့ရှိရပါသည်။
၈။ စိတ်ဖိစီးမှုကို လျှော့ပါ။
စိတ်ဖိစီးမှုများခြင်း သည်လည်း အသားအရေပျက်စီးခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ စိတ်ဖိစီးမှု များလျှင် cortisol နှင့်အခြားဟော်မုန်းထွက်ပြီး အဆီပြန်သောအသားအရေ ကိုဖြစ်စေနိုင်ကြောင်း တွေ့ရှိ ရပါသည်။
ထို့ကြောင့် စိတ်ဖိစီးမှုလျော့ကျစေသော အသက်ရှူ လေ့ကျင့်ခန်းများ၊ ယောဂလေ့ကျင့်ခန်း များနှင့် တရားထိုင်ခြင်း တို့ကို ပြုလုပ်သင့်ပါသည်။
၉။ ရေများများသောက်ပေးပါ။
တစ်နေ့လျှင် အနည်းဆုံး ရေဖန်ခွက် (၈ ) ခွက် နှင့်အထက် သောက်သင့်ပါသည်။ ဖရဲသီး၊ သခွားသီး ၊ လိမ္မော်သီး ၊ စတော်ဘယ်ရီသီးနှင့် စပျစ်သီးစသော ရေ ဓာတ်များသော သစ်သီးများကို စားပေးခြင်းဖြင့် လှပသော အသားအေရကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါသည်။
အထက်ဖော်ပြပါ အချက်များ လိုက်နာခြင်းဖြင့် သဘာ၀အတိုင်းလှပသော အသားအရေကို ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။