ရေဓာတ်ခန်းခြောက်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အတွင်းသို့ ဖြည့်သွင်းသော ရေပမာဏထက် ဆုံးရှုံးသွားသော ရေပမာဏက ပိုမိုများပြားသောအခါ ဖြစ်ပေါ်လာသော အခြေအနေတစ်ရပ်ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
ထိုသို့ ရေဓာတ်ခန်းခြောက်သည့်အခြေအနေတွင် ခန္ဓာကိုယ်မှ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန်အတွက် ရေဓာတ် လုံလောက်သောပမာဏ မရှိတော့ပေ။ အကယ်၍ ထိုရေဓာတ်ကို အချိန်မီပြန်လည် မဖြည့်တင်းနိုင်ပါက ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိလာနိုင်ပါသည်။ အထူးသဖြင့် ကလေးငယ်များနှင့် အသက်ကြီးသော အဘိုးအဘွားများတွင် ပို၍ အန္တရာယ် ရှိတတ်ပါသည်။
ကလေးငယ်များတွင် ရေဓာတ်ခန်းခြောက်ရခြင်း အဓိကဖြစ်ရသည့် အကြောင်းအရင်းတစ်ရပ်မှာ အလွန်အမင်း ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ အသက်ကြီးသော အဘိုးအဘွားများတွင်မူ ခန္ဓာကိုယ်အတွင်း ရေဓာတ်ပမာဏ ပုံမှန်ထက် ပိုမိုနည်းပါးနေသောကြောင့် သာမန် အသေးစား ရောဂါလေးများကပင် ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေနိုင်ပါသည်။
ရေဓာတ်ခန်းခြောက်မှုသည် အသက်အရွယ်မရွေးတွင် ဖြစ်ပွားနိုင်ပါသည်။ အထူးသဖြင့် ပူပြင်းသည့် ရာသီဥတုတွင် လုံလောက်သော ရေပမာဏ ကို မသောက်ဘဲ ပြင်းထန်သောလေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ပါက ပိုမိုဖြစ်ပွားနိုင်ခြေရှိပါသည်။
ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာရပ်များ
ရေဓာတ်ခန်းခြောက်သည့်ကိစ္စရပ်တိုင်းတွင် ရေငတ်ခြင်း လက္ခဏာကို အမြဲတမ်း တွေ့ရှိရမည် မဟုတ်ပါ။ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် ရေဓာတ်ခန်းခြောက်သည့် အခြေအနေ အတော်အသင့်ဆိုးဝါးသည်အထိ ရေငတ်ခြင်း လက္ခဏာကို မခံစားရတတ်ပေ။
ထိုကြောင့် ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် ပူပြင်းသော ရာသီဥတုများနှင့် ဖျားနာသည့်အချိန်အခါများတွင် ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ သောက်သုံးသော ရေပမာဏကို တိုးမြှင့်ရန် လိုအပ်ခြင်း ဖြစ်ပါသည်။
ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာရပ်များသည် အသက်အရွယ်ကို လိုက်၍ ကွဲပြားမှုရှိပါသည်။
ကလေးငယ်များတွင် တွေ့ရသော ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာရပ်များ
- ပါးစပ်နှင့်လျှာခြောက်သွေ့နေခြင်း
- ငိုသောအခါ မျက်ရည်မထွက်ခြင်း
- အနည်းဆုံး ၃ နာရီခန့် ဆီးမသွားခြင်း
- မျက်တွင်းများချောင်ကျလာခြင်း
- ငယ်ထိပ် ဦးရေပြားချိုင့်လာခြင်း
- ဂနာမငြိမ်ဖြစ်လာခြင်း
လူကြီးများတွင် တွေ့ရသော ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာရပ်များ
- အလွန်အမင်းရေငတ်ခြင်း
- ဆီးသွားသည့်အကြိမ်ရေ နည်းလာခြင်း၊
- ဆီးအရောင်ညိုမည်းလာခြင်း
- ခြေကုန်လက်ပမ်းကျနေခြင်း
- မူးဝေခြင်း
- ထင်ယောင်ထင်မှားဖြစ်ခြင်း
ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်ရခြင်းအကြောင်းအရင်းများ
ရေဓာတ်ခန်းခြောက်ရခြင်း ဖြစ်စေသည့် အကြောင်းများမှာ
- ဝမ်းလျှောခြင်း
- အန်ခြင်း
- ဖျားနာခြင်း
- အလွန်အမင်းချွေးထွက်ခြင်း
- ဆီးသွားများခြင်း စသည်တို့ကြောင့် ဖြစ်တတ်ပါသည်။
တစ်ခါတစ်ရံ ရေဓာတ်ခန်းခြောက်ရခြင်းသည် နေမကောင်း၍ သော်လည်းကောင်း၊ အလုပ်များ၍သော်လည်းကောင်း လုံလောက်သော ရေပမာဏကို မသောက်သုံးမိသောကြောင့် ဖြစ်တတ်ပါသည်။
ကုသခြင်း
အတော်အသင့် ရေဓာတ်ခန်းခြောက်သည့် အခြေအနေများကို ရေပမာဏပိုမို သောက်သုံးခြင်းအားဖြင့် ကုသနိုင်ပါသည်။ ရေဓာတ်ကိုသာမက ဓာတ်ဆားများကိုပါ ပြန်လည်ဖြည့်တင်းပေးနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။ ထိုသို့ဖြည့်တင်းရန် ဓာတ်ဆားရည်ကို သောက်နိုင်ပါသည်။ ဓာတ်ဆားရည်တွင် ခန္ဓာကိုယ်အတွက် လိုအပ်သော သတ္တုဓာတ်ဆားများ အစုံအလင် အချိုးအဆမှန်ကန်စွာ ပါဝင်ပါသည်။
ကလေးငယ်များကို တစ်မိနစ်တစ်ခါ သို့မဟုတ် ငါးမိနစ်တစ်ခါ ဓာတ်ဆားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း တိုက်ကျွေးနိုင်ပါသည်။ ကလေးမှ ပိုမိုသောက်နိုင်လာသည့်အခါ တဖြည်းဖြည်း တိုးမြှင့်တိုက်နိုင်ပါသည်။ အလွန်ငယ်ရွယ်သော ကလေးငယ်များကိုမူ ဆေးထိုးပိုက်ကို အသုံးပြု၍ ပါးစပ်အတွင်းသို့ အစက်ချတိုက်ကျွေးနိုင်ပါသည်။
လူကြီးများတွင် ရေ၊ ဓာတ်ဆားရည်နှင့် အခြားအရည်များကို ပိုမိုသောက်သုံးပေးနိုင်ပါသည်။ သို့သော် သစ်သီးဖျော်ရည်များနှင့် အချိုရည်များသည် ဝမ်းလျှောခြင်းကို ပိုမိုဆိုးရွားစေနိုင်သဖြင့် သတိပြုရန်လိုအပ်ပါသည်။
သို့သော် ပြင်းထန်သည့် ရေဓာတ်ခန်းခြောက်ခြင်းများကိုမူ ကျန်းမာရေးဝန်ထမ်းများနှင့် ပြသ၍ ဆေးကုသမှု ချက်ချင်းခံယူရန် လိုအပ်ပါသည်။ သွေးကြောများမှ တစ်ဆင့် အကြောဆေးများဖြင့် ရေဓာတ်ဖြည့်ခြင်းအားဖြင့် လျင်မြန်စွာ သက်သာပျောက်ကင်းအောင် ကုသနိုင်ပါသည်။
ရေဓာတ်ခန်းခြောက်ခြင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
ရေဓာတ်ခန်းခြောက်ခြင်းကို ကောင်းစွာမဖြည့်တင်းခဲ့ပါက အောက်ပါနောက်ဆက်တွဲ ပြဿနာရပ်များ ဖြစ်ပေါ်လာနိုင်ပါသည်။
- အပူရှပ်ခြင်း
- ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရခြင်း
- တက်ခြင်း
- ခန္ဓာကိုယ်အတွင်း ရေပမာဏ နည်းပါးသောကြောင့် ဖြစ်ပေါ်လာသော သွေးလန့်ခြင်း စသည်တို့ကို ကြုံတွေ့ခံစားရနိုင်ပါသည်။
ဘယ်အချိန်မှာ ကျန်းမာရေးဝန်ထမ်းများနှင့် ပြသမလဲ
အောက်ပါအခြေအနေများတွင် ဆရာဝန်ကို ပြသရန်လိုအပ်ပါသည်။
- ၂၄ နာရီ သို့မဟုတ် ထိုထက်ပိုကြာသောအချိန်ကာလအထိ ဝမ်းလျှောနေခြင်း
- ဂနာမငြိမ်ဖြစ်လာခြင်း
- အချိန်များ၊ နေရာများ၊ လူများအား ကောင်းစွာခွဲခြားနိုင်ခြင်း မရှိတော့ခြင်း
- အလွန်အမင်းမှိန်းလာခြင်း
- ပုံမှန်ထက်များစွာ ငြိမ်ကျသွားခြင်း
- အရည်နှင့် ရေများကို မသောက်နိုင်တော့ခြင်း
- ဝမ်း၏အရောင်သည် သွေးရောင် သို့မဟုတ် အမည်းရောင် ဖြစ်လာခြင်း စသည့် လက္ခဏာများ ပေါ်ပေါက်လာပါက မပေါ့ဆဘဲ နီးစပ်ရာကျန်းမာရေးဝန်ထမ်းများနှင့် အလျင်အမြန်ပြသသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။
Author : Dr. CK