လူတို့၏ ဦးနှောက်သည် စွမ်းအင်သိုလှောင်ရာ အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ ဟားဗတ် တက္ကသိုလ်မှ ပြုလုပ်သော သုတေသနလေ့လာတွေ့ရှိချက်များအရ ဦးနှောက်မှတွေးလိုက်သော အတွေးများတွင် စွမ်းအင်များရှိကြောင်းတွေ့ရှိရပါသည်။ ကောင်းမွန်သောအတွေးများက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုနှင့် ခွန်အားများကို တိုးတက်လာစေနိုင်စွမ်းရှိပါသည်။
သို့သော် မိမိတို့၏ စိတ်ထဲတွင်ဖြစ်ပေါ်နေသော အတွေးများ၏ ၈၀% သည် မကောင်းသော အတွေးများ ဖြစ်နေတတ်ပါသည်။ ထို မကောင်းသော အတွေးတို့က မိမိတို့တွင်ရှိသော အရည်အချင်းများ၊ အစွမ်းအစများကို ထုတ်ယူ၍ သုံးစွဲရာတွင် အနှောင့်အယှက် အဟန့်အတားတစ်ခု ဖြစ်စေကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် မကောင်းသောအတွေးများသည် စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန်စိတ်တို့ကို ဖြစ်ပေါ်စေသော ဦးနှောက်၏ အစိတ်အပိုင်းများအပေါ်လည်း အကျိုးသက်ရောက်မှုရှိကြောင်းတွေ့ရှိရပါသည်။
ကောင်းသော အတွေးများကမူ ပျော်ရွှင်ခြင်းနှင့် စိတ်ခံစားမှုကျေနပ်ခြင်းများကို ဖြစ်ပေါ်စေရန်အတွက် ဓာတုဗေဒ ပြောင်းလဲမှုများကို ဖြစ်စေနိုင်ကြောင်းတွေ့ရှိရပါသည်။ သို့သော် ထိုသို့သော ကောင်းမွန်သည့် စိတ်ခံစားချက်များသည် အချိန်ခဏတာသာ ဖြစ်ပေါ်တတ်သည့်အတွက် ကောင်းမွန်သောစိတ်ခံစားမှုများ၏ အကျိုးကျေးဇူးကို အပြည့်အဝ၊ အချိန်ရှည်ကြာစွာ ခံစား၊ ရရှိနိုင်စေရန် ကောင်းမွန်သောအတွေးအခေါ်များကို မကြာခဏ စဉ်းစားတွေးခေါ်ရန် လိုအပ်လာပါသည်။
သုတေသနလေ့လာတွေ့ရှိချက်များအရ မကောင်းသော အတွေးအခေါ်များတွေးတတ်သည့် အလေ့အကျင့်များကို ပယ်ဖျက်၍ ဘဝကို ပိုမိုကောင်းမွန်စွာ ရှုမြင်တတ်ရာတွင် အထောက်အကူဖြစ်စေသည့် နည်းလမ်းများ၊ အလေ့အကျင့်များကို တွေ့ရှိခဲ့ကြပါသည်။ ထိုနည်းလမ်းများကို အသုံးပြုပြီး မကောင်းသော အတွေးအခေါ်များကို ဖျောက်ဖျက်၍ ကောင်းမွန်သော အတွေးအခေါ်များကို တွေးတတ်အောင်လေ့ကျင့်ခြင်းက များစွာသောလူတို့၏ ဘဝကို ပြောင်းလဲစေရန် အကူအညီပေးနိုင်ကြောင်း သက်သေပြခဲ့ပါသည်။
အောက်တွင်ဖော်ပြမည့်နည်းလမ်းများသည် မိမိ၏ စဉ်းစားတွေးခေါ်ပုံနည်းလမ်းများကို ပြောင်းလဲ၍ မကောင်းသောအတွေးအခေါ်များကို ကောင်းမွန်မှန်ကန်သည့် အတွေးအခေါ်များဆီသို့ ပြောင်းလဲရာတွင် အထောက်အကူပေးနိုင်သည့် နည်းလမ်းများဖြစ်ပါသည်။
၁။ မိမိ၏ အတွေးများနှင့်ပတ်သက်၍ အမြဲတမ်းသတိကပ်ထားပါ
မိမိ မည်သည့်အရာကိုတွေးနေသည်ကို ကောင်းစွာ သတိပြုစောင့်ကြည့်ခြင်းအားဖြင့် မကောင်းသော အတွေးအခေါ်များကို တွေးနေသည်ဟု သိသည်နှင့်တစ်ပြိုင်နက် ထိုသို့တွေးတောခြင်းကို ရပ်တန့်ပစ်နိုင်ပါသည်။ ထိုသို့မရပ်တန့်ပါက အတွေးများသည် တစ်ခုမှတစ်ခုသို့ ဆင့်ကဲဆင့်ကဲ ကူးပြောင်းသွားနိုင်သည့်အတွက် မိမိသတိမထားလိုက်မိခင်မှာပင် ပိုမိုဆိုးရွားသော အတွေးများဆီသို့ ရောက်ရှိသွားနိုင်ပါသည်။ ထိုသို့ အတွေးများမကူးပြောင်းသွားနိုင်ခင် အတွေးဆိုးများတွေးမိပြီဆိုသည်နှင့် လျင်မြန်စွာ ရပ်တန့်ပစ်ရန် အရေးကြီးလှပါသည်။
၂။ ကောင်းသော အတွေးများကို ပြောင်းလဲတွေးတောပါ။
မကောင်းသောအတွေးများကို ရပ်တန့်ပြီးသည်နှင့် ထပ်မံပြုလုပ်သင့်သည့် နောက်ထပ် အရာတစ်ခုမှာ ကောင်းသော အတွေးများကို ပြောင်းလဲတွေးတောရန် ဖြစ်ပါသည်။ မကောင်းသောအတွေးများကို ရပ်တန့်လိုက်ခြင်းသည် စိတ်ခံစားမှုများကို ပိုမိုမဆိုးရွားလာစေရန် ကာကွယ်ခြင်းဖြစ်ပါသည်။ ထိုသို့တွေးတောခြင်းကို ရပ်တန့်လိုက်ရုံမျှနှင့် စိတ်ပျော်ရွှင်၊ အားတက်မှုများကို မရရှိနိုင်သေးပါ။ ထို့ကြောင့် စိတ်ခွန်အားများကို တစ်ပါတည်းရရှိစေရန် ကောင်းသော အတွေးများကိုပါ ပြောင်းလဲတွေးတောရန် အရေးကြီးပါသည်။
ဥပမာအားဖြင့် ဘာကြောင့်ဒီလို ကံဆိုးသည့်ကိစ္စများ ငါ့ကျမှ ဖြစ်ရတာလဲ၊ လောကကြီးက မတရားလိုက်တာလို့ တွေးမည့်အစား ဟုတ်တယ်၊ ငါ့မှာ ဒီလိုကြုံတွေ့ဖြစ်ပေါ်နေရတယ်၊ ဒီလိုဖြစ်ပေါ်တာကို ပြောင်းလဲပစ်ဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီလိုကြုံတွေ့နေရတာ ငါ့ဘဝရဲ့ အဆုံးသတ်မဟုတ်ဘူး။ ရှေ့လျှောက် ကောင်းတာတွေအများကြီး ငါကြုံတွေ့ရဦးမှာပါဟု ပြောင်းလဲ၍ တွေးတောပါ။
၃။ အလုပ်များနေပါစေ
ဘာအလုပ်မှမရှိဘဲ အားလပ်နေသည့်အချိန်များတွင် မကောင်းသော အတွေးများ ပိုမိုတွေးမိတတ်ပါသည်။
သုတေသနလေ့လာတွေ့ရှိချက်များအရ အိမ်သန့်ရှင်းရေး၊ ဇာထိုးပန်းထိုး စသည့် အလုပ်များကို အလုပ်နှင့်လက် မပြတ်အောင်လုပ်နေသူများသည် မကောင်းသော အတွေးအခေါ်များကို တွေးတောမိနိုင်သည့် အခွင့်အလမ်း ပိုမိုနည်းပါးကြောင်း တွေ့ရှိရပါသည်။ ထိုသို့အလုပ်များနေခြင်းဖြင့် မိမိကိုယ်မိမိ မကျေနပ်မှုများ၊ လောကကြီးကို မကျေနပ်မှုများနှင့် မိမိဘ၀၏ နာကျင်မှုများအကြောင်းစသည့် မကောင်းသောအတွေးများကို အာရုံစူးစိုက်ရန် အချိန်ရှိတော့မည် မဟုတ်ပါ။
၄။ မကောင်းသော အတွေးများဖြစ်စေနိုင်သည့် အရင်းအမြစ်များကို ရှောင်ကြဉ်၊ ဖယ်ရှားပါ
မကောင်းသောအတွေးများကို ဖြစ်ပေါ်စေသည့် အရင်းအမြစ်များကိုလည်း မိမိ၏ ပတ်ဝန်းကျင်မှ ဖယ်ရှားရှင်းလင်းပစ်ရန် လိုအပ်ပါသည်။ သို့မဟုတ် ထိုအရင်းအမြစ်များနှင့် ခပ်ဝေးဝေးနေရန် လိုအပ်ပါသည်။
ဥပမာ မိမိ၏ ရည်းစားဟောင်း၏ ဓါတ်ပုံတစ်ပုံကြောင့် မကောင်းသောအတွေးများ တွေးမိနေပါက ထိုဓါတ်ပုံကို ဖယ်ရှား၊ ရှောင်ကြဉ်ရန်လိုအပ်ပါသည်။
သုတေသန လေ့လာတွေ့ရှိချက်များအရ မကောင်းသော အတွေးအခေါ်များသည် အကျင့်ပါတတ်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် မကောင်းသော အတွေးများကို တွေးတတ်သည့် အကျင့်မပါသွားခင် ထိုအတွေးများဖြစ်စေနိုင်သည့် အရင်းအမြစ်များကို ဖယ်ရှား၊ ရှောင်ကြဉ်သင့်ပါသည်။
၅။ လုံလောက်စွာနားနေခြင်းနှင့် အိပ်စက်ခြင်းပြုလုပ်ပါ
အိပ်ရေးမဝခြင်းသည် မကောင်းသော အတွေးများ စိတ်ထဲတွင်ပေါ်ပေါက်လာစေသည့် အကြောင်းရင်းတွေထဲက တစ်ချက်ဖြစ်ပါသည်။
ထို့ပြင် အိပ်ရေးမဝခြင်းသည် စိုးရိမ်ပူပန်မှုများ ဖြစ်စေခြင်း၊ ဂနာမငြိမ် ဖြစ်စေခြင်းနှင့် ဒေါသထွက်လွယ်စေခြင်း စသည်တို့ကိုလည်း ဖြစ်စေနိုင်ပါသည်။
အိပ်ရေးမဝခြင်းနှင့် မကောင်းသော စိတ်ခံစားမှုအခြေအနေများသည် များစွာပတ်သက်ဆက်နွယ်မှု ရှိကြောင်း စိတ်ပညာရှင်များက အခိုင်အမာဆိုထားကြပါသည်။ ထို့ကြောင့် တစ်နေ့ကို ၈ နာရီခန့် အိပ်ရေးဝအောင် အိပ်စက်ခြင်းက မကောင်းသော အတွေးအခေါ်များကိုလွင့်စင်စေပြီး မိမိ၏ စိတ်ကျန်းမာရေး အခြေအနေကိုများစွာ တိုးတက်လာအောင် အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။
အထက်ပါနည်းလမ်းများအပြင် မိမိနှစ်သက်သော တေးဂီတ နားထောင်ခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ တရားထိုင်ခြင်းနှင့် ဗီတာမင်၊ သတ္တုဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်၀သည့် အာဟာရပြည့်ဝသော အစားအစာများ စားသုံးခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်ကာ မိမိ၏ အတွေးအခေါ်အယူအဆဆိုင်ရာ ဖြစ်စဉ်များနှင့် မိမိ၏ ခံစားချက်များကို တိုးတက်ကောင်းမွန်စေ၍ မကောင်းသောအတွေးများကို တွန်းလှန်တိုက်ထုတ်နိုင်မည်ဖြစ်ပါကြောင်း ဖော်ပြဆွေးနွေးလိုက်ရပါသည်။