`တစ်နေ့ကို ရေဘယ်နှစ်ခွက်သောက်သင့်သလဲ။`
လွယ်ကူရိုးရှင်းသော မေးခွန်းဖြစ်သော်လည်းအဖြေရခက်သည့်အရာပင်ဖြစ်သည်။လူသားတို့၏ကိုယ်ခန္ဓာကိုယ်သည် ရေဖြင့်အဓိကဖွဲ့စည်းထားခြင်း ဖြစ်သည်။ လူ့ခန္ဓာကိုယ်၏ ၆၀ ရာခိုင်နှုန်းသည် ရေဓာတ်ဖြင့် ဖွဲ့စည်း ထားသလို အသက်ရှင်နေထိုင်ဖို့လိုအပ်သော ခန္ဓာအစိတ်အပိုင်းများသည်လည်း ရေကိုမရှိမဖြစ်လိုအပ်လှပေသည်။ ရေဓာတ်ချို့တဲ့ပါကခန္ဓာအစိတ်အပိုင်းများ၏ ပုံမှန်လုပ်ဆောင်ချက်ကို လျော့နည်း စေနိုင်ပြီးအားအင်လျော့နည်းခြင်း၊အလွယ်တကူပင်ပန်းစေနိုင်ခြင်း တို့ကိုဖြစ်စေနိုင်သည်။
ရေ ဘယ်လောက်လိုအပ်သလဲ
နေ့စဉ်နေ့တိုင်းတွင်အသက်ရှုခြင်း၊ ချွေးထွက်ခြင်း၊ဆီးဝမ်းသွားခြင်းစသည်တို့မှ ရေဓာတ်များဆုံးရှုံးနေရသည်။ထိုသို့ဆုံးရှုံးနေသည့်ရေဓာတ်များကို ပြန်လည်ဖြည့်ဆည်းရန်အတွက် ရေ၊သို့မဟုတ် ရေဓာတ်ပါဝင်သောအရာများကို သောက်သုံးသင့်သည်။ လေ့လာစမ်းသပ်ချက်များအရ အမျိုးသားတို့အတွက် တစ်နေ့ကို သုံးလီတာ(၁၃ခွက်)လိုအပ်ပြီးအမျိုးသမီးများအတွက်တစ်နေ့ကို၂.၂လီတာ(ကိုးခွက်)မျှလိုအပ်ပေသည်။ ရေအစားအခြားရေဓာတ်ပါဝင်သည့်အချိုရည်၊ ကော်ဖီ၊လက်ဖက်ရည်အစရှိသည်တို့ကို သောက်သုံးနိုင်သော်လည်း သန့်ရှင်းသောရေကိုသောက်သုံးခြင်းကသာကိုယ်ခန္ဓာအတွက် အကျိုးအရှိဆုံးဖြစ်ပေသည်။
ရေသောက်သုံးခြင်း၏ အကျိုးကျေးဇူးများ
၁။ ကိုယ်အလေးချိန်လျော့ကျစေခြင်း
ရေသောက်သုံးခြင်းသည်အလေးချိန်လျော့ကျစေသောအရာတစ်ခုပင်ဖြစ်သည်။ကယ်လိုရီမြင့်မားသောအချိုရည်၊ ဆော်ဒါ၊ အရက်များကိုသောက်သုံးမည့်အစားကယ်လိုရီမပါဝင်သည့်ရေကို သောက်သုံးခြင်းက အကျိုးထူးနိုင်ပေသည်။ ကယ်လိုရီပါဝင်မှု မရှိ သော်လည်း အစားစားချင်စိတ်ကိုလျော့နည်းစေသည့်အပြင် အဆီ ဓာတ်၊ ကယ်လိုရီ၊ သကြားဓာတ်မပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွက်အလေးချိန်လျှော့ချရန်အတွက် မရှိမဖြစ်လိုအပ်သောအရာ ပင်ဖြစ်သည်။
၂။ နှလုံးကျန်းမာရေး
လိုအပ်သောရေပမာဏကို သောက်သုံးခြင်းကလည်း နှလုံး ရောဂါဖြစ်ပွားမှုကိုလျော့ကျစေနိုင်သည်။ အမေရိကန်ဆရာဝန်များ၏စမ်းသပ်လေ့လာချက်များအရ ခြောက်နှစ်တာကာလအတွင်းတစ်နေ့လျှင် ရေငါးခွက်ထက်ပိုမိုသောက်သုံးသူများသည်တစ်နေ့လျှင် ရေနှစ်ခွက်အောက်လျော့နည်းပြီး သောက်သုံးသူများထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၄၁ ရာခိုင်နှုန်းလျော့နည်းကြောင်းတွေ့ရှိရ သည်။
၃။ အားအင်ပြည့်ဖြိုးစေခြင်း
ရေဓာတ်ချို့တဲ့ခြင်းသည်အားအင်လျော့နည်းပြီးပင်ပန်း နွမ်းနယ်စေနိုင်သည်။ ရေငတ်သည်ဟုခံစားရပါက သင့်တွင်ရေဓာတ် ချို့တဲ့နေပြီဖြစ်သည်။ ထို့အတွက် လုံလောက်သောရေသောက်သုံး ခြင်းဖြင့် ပင်ပန်းနုံးချည့်ခြင်း၊ ကြွက်သားအားလျော့နည်းခြင်း၊ ခေါင်း ကိုက်မူးဝေခြင်းတို့ကို ကာကွယ်နိုင်မည်ဖြစ်သည်။
၄။ ခေါင်းကိုက်ခြင်းမှ သက်သာစေခြင်း
ခေါင်းကိုက်ခြင်းသည် ရေဓာတ်ချို့တဲ့ခြင်း၏လက္ခဏာတစ်ခုပင်ဖြစ်သည်။ နေ့စဉ်လုံလောက်သောရေပမာဏကို သောက်သုံးမှုမရှိခြင်းကြောင့်လည်း ဖြစ်စေနိုင်သည်။တခြားသော ရောဂါများကြောင့် ခေါင်းကိုက်ခြင်းကိုဖြစ်စေ နိုင်သော်လည်း ရေဓာတ်ချို့တဲ့ခြင်းကလည်း အကြောင်းအရာတစ်ခုပင်ဖြစ်သည်။
၅။ ကျန်းမာစိုပြည်သောအသားအရေ ရရှိစေခြင်း
ရေသောက်သုံးခြင်းဖြင့် အသားအရေကို သန့်ရှင်း စင်ကြယ်စေပြီး စိုပြည်လှပသော အသားအရေ ကို ပိုင်ဆိုင်နိုင် မည်ဖြစ်သည်။ ထိုကဲ့သို့သော အသား အရေကို နေ့ချင်းညချင်း ရရှိနိုင်မည် မဟုတ်သော်လည်း လအတော်ကြာ သောက်သုံး ပြီးပါက သိသာလာမည်ဖြစ်သည်။
၆။ အစာချေနိုင်စွမ်းတိုးတက်စေခြင်း
နေ့စဉ်စားသောက်နေသောအစာများကိုချေဖျက်စေနိုင်ရန်အတွက်လုံလောက်သောရေပမာဏကို သောက်သုံးရန်လိုအပ်ပေသည်။ထို့ပြင်အစာအိမ်အတွင်းအက်ဆစ်ဓာတ်များပြားခြင်း၊ဝမ်းချုပ်ခြင်းစသည်တို့ကိုလည်း ရေသောက်သုံးခြင်းဖြင့် သက်သာ လျော့နည်းစေနိုင်သည်။
၇။ ခန္ဓာကိုယ်သန့်ရှင်းစေခြင်း
ရေသောက်သုံးခြင်းဖြင့်ခန္ဓာကိုယ်အတွင်းရှိအဆိပ်အတောက်များကိုဖယ်ရှားနိုင်ပြီးမလိုအပ်သည့်စွန့်ထုတ်ပစ္စည်း များကို ဖယ်ရှားနိုင်သည်။
၈။ ကင်ဆာဖြစ်ပွားမှုလျော့နည်းစေခြင်း
သန့်ရှင်းလုံလောက်သောရေကို သောက်သုံးခြင်းဖြင့်အူမကြီးကင်ဆာကို၄၅ရာခိုင်နှုန်း၊ဆီးအိတ်ကင်ဆာကို ၅၀ ရာခိုင်နှုန်းလျော့နည်းစေကြောင်း လေ့လာစမ်းစစ်ချက်များအရ တွေ့ရှိရသည်။
၉။ လေ့ကျင့်ခန်းကောင်းမွန်စွာပြုလုပ်နိုင်ခြင်း
အားကစားပြုလုပ်ခြင်းအတွက် ရေသည်မရှိမဖြစ်လိုအပ် သောအရာပင်ဖြစ်သည်။ချို့တဲ့သွားသောရေဓာတ်များကို လုံ လောက်စွာဖြည့်တင်းနိုင်ရန်အတွက်လိုအပ်သောရေပမာဏကိုမကစားမီအချိန်၊ကစားနေစဉ်အချိန်၊ ကစားပြီးအချိန်များတွင် သောက်သုံးသင့်သည်။
ရေပုံမှန်သောက်ဖြစ်စေရန်အတွက်
ရေငတ်မှ ရေသောက်မည်ဆိုသည့်အတွေးမျိုးသည် သင့် ကျန်းမာရေးထိခိုက်စေနိုင်သည့် အတွေးအခေါ်မျိုးပင်ဖြစ်သည်။ အကောင်းဆုံးဖြစ်စေရန် နံနက်ခင်းအိပ်ရာမှထလျှင် ရေတစ်ခွက် သောက်ပါ။ အစားစာနေချိန်အတွင်းတွင်လည်း ရေတစ်ခွက်သောက်ပါ။နံနက်စာ၊ နေ့လယ်စာ၊ညစာများကြားတွင်လည်း ရေတစ်ခွက် သောက်ပါ။အားကစားမလုပ်မီ၊လုပ်နေစဉ်၊လုပ်ပြီးအချိန်များတွင်လည်း ရေတစ်ခွက်သောက်ပါ။ ရေပုံမှန်သောက်သုံးဖြစ်စေရန် အတွက် –
ရေဗူးသယ်ဆောင်ထားပါ
လူအများစုကိုစမ်းသပ်လေ့လာချက်များအရမိမိအနားတွင် သောက်စရာရေအလွယ်တကူရှိပါက ရေသောက်သုံးတတ် သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် မိမိ၏အလုပ်စားပွဲပေါ်တွင် ရေဘူးယူထားခြင်း၊ ရေဘူးကို အိတ်ထဲတွင်ဆောင်ထားခြင်းတို့ ကလည်း ရေသောက်သုံးခြင်းအလေ့အထကို ဖြစ်စေနိုင်မည်ဖြစ် သည်။
သတိပေးသံပြုလုပ်ထားပါ
ပုံမှန် ရေသောက်သုံးဖြစ်စေနိုင်ရန်အတွက် မိမိဖုန်းတွင် လည်းကောင်း၊ ကွန်ပျူတာတွင်လည်းကောင်း သတိပေးသံပြုလုပ် ထားခြင်းဖြင့် ရေသောက်သုံးခြင်းကိုမေ့လျော့ခြင်းမှ ကာကွယ်နိုင် မည်ဖြစ်သည်။
ရေအစားထိုး အရည်များသောက်သုံးခြင်း
အသီးဖျော်ရည်၊အချိုရည်၊အားဖြည့်တင်းပေးသောအရည်များအစရှိသည်တို့ကိုတစ်ခါတစ်ရံအစားထိုးအနေဖြင့် သောက်သုံးနိုင်ပါသည်။
လေ့ကျင့်ခန်းပြုလုပ်ခြင်း
လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်လည်း ရေကိုပိုမိုသောက်သုံးမိစေနိုင်ပေသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် သွေးလည်ပတ်မှုအားကောင်းစေသည့်အပြင် ရေကိုပိုမိုသောက်သုံးမိစေခြင်း ကြောင့် ခန္ဓာကိုယ်အတွင်းမလိုအပ်သည့်အဆိပ်အတောက်များကိုဖယ်ရှားပြီးကျန်းမာရေးပိုမိုကောင်းမွန်စေနိုင်မည်ဖြစ်ပေသည်။
Author – ဒေါက်တာထက်ဝေ