ကိုယ်အလေးချိန်လျှော့ချချင်တဲ့လူတွေအတွက် ခဏခဏအစာစားချစ်စိတ်ဟာ ထိန်းချုပ်ရခက်တဲ့ ပြသနာတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ၄၀ ရာခိုင်နှုန်း လျော့ချနိုင်ပြီး ကျန်တဲ့ခြောက်ဆယ်ရာခိုင်နှုန်းကိုတော့ စနစ်တကျစားသောက်မှုပုံစံနဲ့ လျော့ချနိုင်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့နေ့စဉ် စားသောက်နေတဲ့အစားအစာတွေကို စနစ်တကျနဲ့ဆင်ဆင်ခြင်ခြင်စားသောက်ဖို့အလွန်အရေးကြီးပါတယ်။ ဘယ်လိုအရာတွေကစားပြီးရင်းစားချင်နေတဲ့စိတ်ကို ထိန်းချုပ်ပေးနိုင်မလဲဆိုတာဆက်လက်ဖော်ပြပေးပါ့မယ်။
(၁) မနက်စာကိုပုံမှန်စားပေးပါ
လေ့လာတွေ့ရှိချက်တွေအရ မနက်စာပုံမှန်မစားတဲ့လူတွေမှာ အစာစားလိုစိတ်ပိုမိုပြင်းပြတတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မြန်မာတွေစားသောက်နေတဲ့ မနက်စာစားသောက်မှုပုံစံက ကိုယ်အလေးချိန်လျှော့ချမှုကို ပိုမိုအဟန့်အတားဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီကြော်မုန့်တွေ၊ အချိုများလွန်းတဲ့လက်ဖက်ရည် ကော်ဖီနဲ့ မုန့်တီ၊ မုန့်ဟင်းခါးတွေကို အဓိကစားသုံးတာကြောင့်ပဲဖြစ်ပါတယ်။ ကဲ ဒါဆိုဘယ်လိုမနက်စာမျိုးကိုစားသောက်သင့်လဲဆိုတော့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကြက်ဥ၊ အုတ်ဂျုံနဲ့ နို့ထွက်အစားအစာတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။
(၂) အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ
အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာနဲ့အသီးအနှံတွေဖြစ်တဲ့ ဖီးကြမ်းငှက်ပျောသီး၊ ကန်စွန်းဥ၊ အုတ်ဂျုံ နဲ့ အဆီထုတ်ပြီးသားပေါင်မုန့်ကြမ်းတွေကို စားသုံးပေးခြင်းဖြင့် မကြာခဏအစာစားချင်စိတ်ကိုလျှော့ချပေးနိုင်ရုံသာမက သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
(၃) အစာကိုနည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ
ပုံမှန်အားဖြင့် ကျွန်တော်တို့မြန်မာတွေက တစ်ရက်ကို မနက်စာ၊ နေ့လယ်စာ နဲ့ ညစာဆိုပြီး သုံးကြိမ်ခွဲကာ အဝစားတတ်ကြပါတယ်။ တကယ်လို့ ကိုယ်အလေးချိန်လျှော့ချင်တဲ့လူတွေအနေနဲ့ အဲဒီလိုမျိုး အဝစား ၃ကြိမ်ခွဲမစားဘဲ အစာကို နည်းနည်းနဲ့ အကြိမ်ရေများများ (တစ်ရက်လျှင် ၅ ကြိမ်) လောက် ခွဲပြီးစားပေးမယ်ဆိုရင် အစာအိမ်ရဲ့အစာချေဖျက်အားကလည်း ပိုကောင်းလာပြီးတော့ မကြာခဏအစာစားချင်စိတ်ကိုလည်း ရပ်တန့်ပေးနိုင်ပါတယ်။
၄။ ရေများများသောက်ပါ
ကိုယ်အလေးချိန်လျှော့ချချင်တဲ့ လူတွေအနေနဲ့ ရေကို သာမန်လူတွေထက်ပိုမိုသောက်သုံးဖို့ လိုအပ်ပါတယ်။ တစ်ရက်လျှင်အနည်းဆုံး ရေ သုံးလီတာကနေ ငါးလီတာ သောက်သုံးရပါမယ်။ သောက်တဲ့အချိန်မှာလည်း အစာမစားခင် ရေကိုကြိုသောက်ပေးခြင်းက အစာစားချင်စိတ်ကို လျော့ချပေးနိုင်သလို စားမယ့်အစာပမာဏာကိုလည်း လျော့နည်းစေပါတယ်။
၅။ အရည်ရွှမ်းသော အသီးအနှံများစားပေးပါ
ဆီကြော်မုန့်နဲ့ အသင့်စားအစာများ စားမယ့်အတူတူ အရည်ရွမ်းပြီးလတ်ဆတ်တဲ့ အသီးအနှံတွေကို ပိုမိုစားသုံးပေးရပါမယ်။ ဒါမှသာ သင့်ရဲ့ မကြာခဏ အစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပြီး သွေးတွင်းအဆီစုပုံခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။
၆။ အစာစားချင်တဲ့အခါ အာရုံပြောင်းပေးပါ
အစာစားချင်စိတ်ပြင်းပြနေတဲ့အချိန်မှာ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ခြင်းက အစာစားချင်စိတ်ကို အာရုံပြောင်းပေးနိုင်ပါတယ်။ အမြန်စာနဲ့ ရယ်ဒီမိတ် အစားအစာတွေ စားချင်တဲ့စိတ် ပေါ်လာရင်လည်း အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖြည့်စွက်စာတွေစားသောက်ပြီး အာရုံလွှဲနိုင်ပါတယ်။
Dr. KTZ