ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO ရဲ့ ၂၀၁၈ ခုနှစ် စာရင်းအရ တစ်နှစ်လျှင် လူပေါင်း ၈၀၀၀၀၀ နီးပါးလောက် သတ်သေကြတယ်လို့ စာရင်းထုတ်ပြန်ထားပါတယ်။ Suicide လုပ်ခြင်းကြောင့် မိသားစုနဲ့ လူ့ပတ်ဝန်းကျင်ကိုသာ ထိခိုက်သည်မဟုတ် တိုင်းပြည်ကိုပါ ထိခိုက်နစ်နာစေပါတယ်။ ထို့အပြင် ကျန်ခဲ့သော မိသားစုဝင်များမှာလည်း နာကျင်မှု တုန်လှုပ်မှု နဲ့အတူ နောင်တ တရားတို့ကိုလည်း အချိန်ကြာမြင့်စွာဖြစ်ပေါ်နေစေပါတယ်။
Suicide ဟာ အသက် ၁၅ နှစ် နှင့် ၂၉ နှစ်အတွင်း သေဆုံးမှုတွင် ဒုတိယအများဆုံး သေဆုံးမှုဖြစ်ပါတယ်။
Suicide လုပ်ခြင်းဟာ ဆင်းရဲသောတိုင်းပြည်များနှင့် အသင့်အတင့် ချမ်းသာသောနိုင်ငံများတွင်သာ အဖြစ်များပါတယ်။
Suicide လုပ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် များစွာ ဆက်စပ်မှုရှိပြီး အရက်အလွန်အကျွံသောက်သုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါများရှိခြင်း၊ အလုပ်အကိုင်များ အဆင်မပြေမှုများရှိခြင်း၊ မိသားစုနှင့် အဆင်မပြေခြင်းများဟာ Suicide ဖြစ်စေရန် တွန်းအားပေးသော အကြောင်းအရာများဖြစ်ပါတယ်။
သတ်သေမယ့်သူတွေဟာ မသေခင်မှာ အရိပ်အယောင်တွေ ပြတတ်ပါတယ်။ ဂရုစိုက်ပြီး ကြည့်ရင် သိသာပါတယ်။
၁) မိမိပိုင်ဆိုင်သော ပစ္စည်းများကို လှူဒါန်းခြင်းနှင့် နီးစပ်သူများကို ခွဲဝေပေးခြင်း
၂) ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းများအိမိသို့ အလည်အပတ်သွားရောက်၍ နောက်တွင် မတွေ့ဆုံတော့မည့်ပုံစံဖြင့် နှုတ်ဆက်ခြင်း
၃) ငါမရှိရင် အားလုံးကောင်းသွားမှာပါ၊ အားလုံးအဆင်ပြေသွားမှာလို့ ခဏခဏ ပြောဆိုခြင်း
၄) သတ်သေချင်သည်ဟု မကြာခဏပြောဆိုခြင်း၊ သေချင်လိုက်တာဟု မကြာခဏငြီးငြူခြင်း
၅) ငါ့ဘဝတော့ အဓိပ္ပာယ်မရှိတော့ပါဘူးဟု ခဏခဏပြောဆိုနေခြင်း
၆) အလွန်အမင်း စိတ်ဓာတ်ကျနေတတ်ခြင်း
၇) အလွန်အမင်း စိတ်ဓာတ်ကျနေရာမှ သိသိသာသာပြောင်းလဲသွားကာ ပျော်ရွှင်နေတဲ့အမူအရာများ ဟန်ဆောင်နေခြင်း
၈) တွေးတောစဉ်းစားနေသော အချိန်များကြာလာခြင်း
၉) ညဖက်မအိပ်ခြင်းနှင့် အိပ်ခဲ့လျှင်လည်း မကြာခဏနိုးတတ်ခြင်း
၁၀) အစားစားချင်စိတ်များ ပြောင်းလဲလာတတ်ခြင်း
၁၁) အာရုံစူးစိုက်မှု နည်းလာခြင်း
- လူတစ်ယောက် depression ဝင်နေပြီ ဆိုရင် အားပေးစကား၊ နှစ်သိမ့်စကားများပြောပေးရပါမယ်။
- ဘာမဟုတ်တဲ့ ကိစ္စလေးကို ဒီလောက်ဖြစ်နေရတာလားဆိုပြီး အပြစ်ပြောဆိုတာမျိုး မလုပ်သင့်ပါ။
- လူတစ်ယောက်နှင့် တစ်ယောက်ဟာ ခံနိုင်ရည်အား မတူညီကြပါ။
- ကိုယ်ခံနိုင်ပေမယ့် တစ်ခြားလူတစ်ယောက်က ခံနိုင်ရည်ရှိချင်မှ ရှိပါမယ်။
- ဒါ့ကြောင့် ကိုယ့်ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းတွင် စိတ်ဓာတ်ကျနေတဲ့သူများရှိခဲ့ရင် လှောင်ပြောင်တာတွေ မလုပ်သင့်ပါ။
- ငါ့တုန်းကဆိုရင် ပြောပြီး ကိုယ်ရည်သွေးဖို့လည်း မလိုအပ်ပါ။
- ကိုယ်သန်မာနေပေမယ့် တစ်ဖက်လူမှာ ခံနိုင်ရည်မရှိတာမျိုး ဖြစ်တတ်ပါတယ်။
- ဒါကြောင့် အားငယ်နေရင် ဖေးမကူညီရပါမယ်။ နှစ်သိမ့်ရပါမယ်။ စိတ်ဓာတ်ကျနေသူများကို အားပေးသင့်ပါတယ်။
- အထူးသဖြင့် သူနဲ့အရင်းအနှီးဆုံး မိသားစုဝင်များနှင့် သူငယ်ချင်းများက ဂရုစိုက်မှုပေးသင့်ပါတယ်။
Depression ရနေပြီဆိုလျှင်လည်း ဖြစ်ပေါ် လာသော အခြေအနေအရပ်ရပ်ကို သေချာစွာရှင်းပြရပါမယ်။ ဘဝဆိုတာ ဆက်လက်ကြိုးစားရဦးမယ်ဆိုတာ သိအောင် ဖြောင်းဖြ ပြောဆိုသင့်ပါတယ်။ မင်းဘေးနားမှာ ချစ်တဲ့သူတွေအများကြီး ရှိသေးတယ်ဆိုတာသိအောင် နားချရပါမယ်။ အရေးကြီးဆုံးကတော့ မိသားစုဝင်တွေ သူ့ဘေးနားမှာ အမြဲတမ်း အတူရှိနေရပါမယ်။ သူ့ခံစားချက်များကို ရင်ဖွင့်လာသည်အခါ စိတ်ရှည်ရှည်နှင့် နားထောင်ပေးရပါမယ်။
Suicide လုပ်မယ့် အရိပ်အယောင်ရှိသူများကို အချိန်ပေး စကားပြောပေးရပါမယ်။ Depression ရနေသူများရဲ့ ပြောစကားများကို နားထောင်ပေးခြင်းဟာ Suicide လုပ်ခြင်းများကို ကြိုတင်ကာကွယ်ခြင်းဖြစ်စေပါတယ်။ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းမျိုးလည်း လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါ့အပြင် နွေးထွေးကြင်နာသော နှလုံးသားများ နှင့် Suicide လုပ်သူများကို ကာကွယ်နိုင်ပါတယ်။
Author: Dr အေးချမ်းမိုး