ညဉ့်နက်အထိ ဒါမှမဟုတ် မိုးလင်းပေါက် ဖုန်းသုံးပြီး ဂိမ်းဆော့တာ၊ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေ ကြည့်တာ၊ အလုပ်တွေလုပ်တာမျိုး လုပ်လေ့ရှိလား?
ကြည့်ရင်းကြည့်ရင်း မိုးလင်းသွားတဲ့ရက်တွေများပြီး လူကလည်း ကြောင်စီစီကြီး ဖြစ်ဖူးကြမယ် ထင်တယ်နော်။ ညဘက်အိပ်မပျော်ရတဲ့ အဓိက အကြောင်းတွေထဲမှာ အဲဒီလို screen time များတာက အဓိက ပါဝင်ပါတယ်။
ခန္ဓာကိုယ်ရဲ့ Sleep – wake cycle လို့ခေါ်တဲ့ အိပ်ချိန်-နိုးချိန် စက်ဝိုင်းဟာ နေ့စဉ်ပုံမှန်လည်ပတ်လျက် ရှိပါတယ်။ အပြင်မှာ အလင်းရောင်တွေ လာတဲ့အခါ ခန္ဓာကိုယ်က နိုးကြားနေတတ်ပြီး အပြင်မှာ မှောင်လာတဲ့အခါ ခန္ဓာကိုယ်က melatonin လို့ခေါ်တဲ့ ဟော်မုန်းကို ထုတ်လုပ်ပေးပြီး အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။
ဖုန်း၊ tablets ၊ ကွန်ပြူတာ၊ တီဗီနဲ့ e- readers တွေက ထုတ်လွှတ်ပေးတဲ့ bluelights တွေဟာ နေ့အလင်းရောင်နဲ့ ဆင်တူပါတယ်။ ခန္ဓာကိုယ်က နေ့အချိန်လို့ ထင်မှတ်မှားပြီး နိုးကြားနေတတ်ပါတယ်။ နေ့အချိန်လို့ ထင်မှတ်နေတဲ့အတွက် melatonin ဟော်မုန်း ထုတ်လုပ်မှုလည်း လျော့သွားပြီး အိပ်ချင်စိတ်နည်းလာလို့ sleep – wake cycle လည်း ပျက်သွားရပါတယ်။
ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေရဲ့ မျက်စိဟာ အလင်းရောင်ကို ပိုမိုလက်ခံနိုင်တဲ့အတွက် screen time များတာကြောင့် အိပ်မပျော်တာဟာ ကလေးတွေနဲ့ လူငယ်တွေမှာ ပိုအဖြစ်များပါတယ်။
အိပ်မပျော်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ?
အိပ်မပျော်တာ များလာတဲ့အခါ…
– မနက်ဘက်မှာ ကြည်ကြည်လင်လင် မရှိတာ
– စိတ်တို၊ စိတ်ရှုပ်နေတတ်တာ
– အာရုံစူးစိုက်မှု မရှိတာ
– အလုပ်မှာ အမှားအယွင်းများတာ
– ကားမောင်းရတဲ့အခါမျိုးမှာ အက်ဆီးဒန့် ဖြစ်နိုင်ခြေများတာ
– ကိုယ်ခံအား ကျလာတာ
– အချိန်ကြာလာတဲ့အခါ စိတ်ဓာတ်ကျပြီး စိတ်ကျန်းမာရေးကို ထိခိုက်လာတာတွေ ဖြစ်နိုင်ပါတယ်။
အိပ်ပျော်ဖို့ ဘာတွေလုပ်ရမလဲ?
*တစ်ညမှာ အနည်းဆုံး ၈ နာရီခန့် အိပ်ဖို့ လိုပါတယ်။ ညဘက်အိပ်ပျော်ဖို့ အတွက် နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်တာကို နာရီဝက်ထက် မပိုသင့်ပါဘူး။
*အိပ်မယ့်အချိန် မတိုင်ခင် ၂ နာရီခန့်အလိုတည်းက screen time ကို ရပ်ရပါမယ်။
*အိပ်ယာထဲကို ဖုန်း၊ tablet၊ ကွန်ပြူတာတွေ မယူသင့်သလို အခန်းထဲမှာ တီဗီဖွင့်ထားတာမျိုးကိုလည်း ရှောင်ပါ။ ဖုန်းကို silent လုပ်ထားပါ။
*မီးပိတ်ထားတာ သို့မဟုတ် မီးရောင်မှိန်မှန်လေးသာ ဖွင့်ထားတာမျိုး လုပ်ပါ။
*ညနေဘက်၊ ညဘက်မှာ လက်ဖက်ရည်၊ ကော်ဖီသောက်တာမျိုး ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူလေး တစ်ခွက်သောက်တာ၊ ရေနွေးနွေးလေးနဲ့ ရေချိုးပြီး နှိပ်နယ်တာက အိပ်ပျော်ဖို့ အခေါက်အကူ ဖြစ်စေပါတယ်။
*မနက်ကျရင် လုပ်ရမယ့်အလုပ်တွေကို အိပ်ယာထဲမှာ ကြိုတွေးနေတာမျိုး မလုပ်ဘဲ အသက်ကို ရှူသွင်းရှူထုတ်လုပ်ပြီး အိပ်ပျော်ဖို့ ကြိုစားပါ။
အိပ်မပျော်တာက စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးကိုပါ အများကြီး ထိခိုက်စေပါတယ်။ နှလုံးရောဂါအပါအဝင် ရောဂါများစွာကို ပိုဆိုးစေတဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။ အခုခေတ်မှာ အိပ်မပျော်တာနဲ့ screen time က အဓိက ဆက်စပ်နေတာမို့ screen time လျှော့ပြီး အိပ်ပျော်အောင် ကြိုးစားခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
Author: Dr.Yee Mon