တစ်နေ့တာ လှုပ်ရှားသွားလာမှုများတွင် သက်သောင့်သက် သာရှိပြီး ကျန်းမာသွက်လက်နေစေရန် အိပ်ရေးဝဝအိပ်ခြင်းသည်အရေးကြီးပေသည်။အိပ်ရေးဝခြင်းသည်ကျန်းမာဖျတ်လတ်စေပြီးတက်ကြွမှုအသွင်ကိုလည်းပေးစွမ်းနိုင်ပါသည်။ထို့ကြောင့် ကောင်းမွန်စွာအိပ်စက်အနားယူနိုင်မည့်နည်းလမ်းအချို့နှင့် အိပ်ရေးမဝလျှင်ဖြစ်တတ်သောအကြောင်းအရာအချို့ကို စာဖတ်ပရိသတ်များ သိရှိစေရန် ဖော်ပြပေးလိုက်ပါသည်။
ဘာကြောင့်အိပ်သင့်တာလဲ
ကျွန်တော်တို့သည် ခန္ဓာကိုယ်နှင့်ဦးနှောက်ကို နေ့စဉ်နှင့် အမျှလှုပ်ရှားဆောင်ရွက်ခိုင်းကြသည်။ လူနားနေသော်လည်း ဦးနှောက်က နားနေသည်မဟုတ်ဘဲ ဟိုဟိုဒီဒီတွေးတောနေတတ် ကြပါသည်။ အိပ်စက်အနားယူနေချိန်သည်သာ ဦးနှောက်ကိုခေတ္တ အနားပေးသောအချိန်ဖြစ်ပေသည်။
အချိန်ဘယ်လောက်အိပ်ဖို့လိုအပ်လဲ
လူတစ်ယောက်နှင့်တစ်ယောက် အိပ်ရန်လိုအပ်သည့် အချိန်များကွဲပြားခြားနားပါသည်။ ကျန်းမာသန်စွမ်းသောလူငယ် တစ်ယောက်အတွက်အိပ်ချိန်မှာ တစ်ညလျှင် ခုနစ်နာရီခွဲမှကိုးနာရီ နီးပါးလောက်အိပ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ကလေးများ နှင့်ဆယ်ကျော်သက်အရွယ်များဆိုလျှင် လူငယ်တစ်ယောက်ထက် ပိုမိုအိပ်စက်ရန်လိုအပ်ပြီး အသက်ကြီးသူများ၏အိပ်ချိန်မှာမူ ခုနစ် နာရီခွဲမှရှစ်နာရီလောက်အထိသာ လိုအပ်ပါတော့သည်။
အသက်အရွယ်အလိုက် လိုအပ်သောအိပ်ချိန်ဇယား
မွေးကင်းစမှ ၂ လသားအရွယ်ထိ ၁၂-၁၈ နာရီ
၃ လသားမှ ၁ နှစ်အရွယ်ထိ ၁၄-၁၅ နာရီ
၁ နှစ်အရွယ်မှ ၃ နှစ်အရွယ်ထိ ၁၂-၁၄ နာရီ
၃ နှစ်မှ ၅ နှစ်အရွယ်ထိ ၁၁-၁၃ နာရီ
၅ နှစ်မှ ၁၂ နှစ်အရွယ်ထိ ၁၀-၁၁ နာရီ
၁၂ နှစ်မှ ၁၈ နှစ်အရွယ်ထိ ၈.၅-၁၀ နာရီ
၁၈ နှစ်နှင့်အထက် ၇.၅-၉ နာရီ
ဘာကြောင့်အိပ်ရေးမဝတာလဲ
အိပ်ရေးမဝဖြစ်ရသည့်အကြောင်းအချက်များစွာရှိပါသည်။ ကျွန်တော်တို့နေ့စဉ်လုပ်ဆောင်နေရသောအလုပ်များမှစိတ်ဖိစီးမှုများသည် ကောင်းစွာအိပ်မပျော်သည့်အခြေအနေကို ဖြစ်ပေါ်စေပါသည်။ထို့ပြင်ညဥ့်နက်သန်းခေါင်အထိအလုပ်လုပ်ခြင်း၊ဂိမ်းကစား ခြင်းနှင့်အင်တာနက်အသုံးပြုနေခြင်းတို့ကြောင့်လည်းအိပ်ရေးမဝ ခြင်းကိုဖြစ်စေပါသည်။စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများ၊ ဆေးဝါးကုသခြင်းများသည် ကောင်းမွန်စွာမအိပ်စက်နိုင်မှုကိုဖြစ် စေနိုင်ပြီးကျွန်တော်တို့သည်ဘာကြောင့်အိပ်ရေးမဝရသနည်းဆို သည့်အဓိကအကြောင်းအရင်းကို ကိုယ်တိုင်သိရှိရန်လိုအပ်ပါ သည်။
အိပ်ရေးမဝခြင်းသည် သိပ်မသိသာသောအိပ်မပျော်သည့် ရောဂါအခြေအနေတစ်မျိုးဖြစ်နိုင်သည်ကိုလည်း ကျွန်တော်တို့ သတိရှိသင့်သည့်အချက်တစ်ခုဖြစ်ပါသည်။ ညဘက်အိပ်ပျော်သွား ပြီး နောက်တစ်နေ့တွင် အားအင်မပြည့်ခြင်း၊မလန်းဆန်းခြင်းနှင့်အိပ်ငိုက်နေခြင်းစသည့်လက္ခဏာများခဏခဏအဖြစ်များလာ ခြင်းသည် အိပ်ရေးမဝသောရောဂါ၊ သို့မဟုတ် အိပ်မပျော်သည့် ရောဂါအနေအထားပင်ဖြစ်ပါသည်။ သာမာန်အားဖြင့် ထိုသို့ခံစား နေရသော်လည်း လူအတော်များများသည် စိတ်ဖိစီးမှုကြောင့်၊ အလုပ်များခြင်းကြောင့်၊ သို့မဟုတ် ဖြစ်နေကျဟုထင်မှတ်ပြီးနေ တတ်ကြသည်။ နောက်ဆက်တွဲဖြစ်လာနိုင်သည့်ဆိုးကျိုးများကို မသိဘဲ ပေါ့ပေါ့ဆဆနှင့်ရောဂါကိုရောဂါမှန်းမသိ၊ ကုသရကောင်း မှန်းမသိနေနေကြပါသည်။
အိပ်ရေးမဝခြင်းရောဂါလက္ခဏာများ
တစ်ညတွင် ရှစ်နာရီထက်နည်း၍အိပ်စက်လေ့ရှိသောလူ တစ်ယောက်သည် အိပ်ရေးမဝသည့်ရောဂါဖြစ်နိုင်သည့်အခြေ အနေပိုများပါသည်။ အိပ်ရေးမဝသည့်ရောဂါလက္ခဏာများမှာ-
• အိပ်ရာနိုးပြီးပြီးချင်း ချက်ချင်းမထနိုင်ခြင်း။
• မနက်အိပ်ရာနိုးချိန်တွင် ခေါင်းကိုက်ခြင်း။
• နေ့လယ်ဘက်တွင် နှေးကွေးလေးလံနေခြင်း။
• အစည်းအဝေးနှင့်စာသင်ခန်းများတွင် အိပ်ငိုက်နေတတ် ခြင်း။
• အစားများများစားပြီးသည့်အခါ၊ သို့မဟုတ် ကားမောင်း သည့်အခါ အိပ်ငိုက်ခြင်း။
• နေ့လယ်ဘက်တွင် တစ်ရေးပြန်အိပ်ချင်ခြင်း။
• ညနေဘက်တွင် တီဗီကြည့်ရင်း၊ သို့မဟုတ် အနားယူနေရင်း အိပ်ပျော်သွားခြင်း။
• ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် တစ်နေကုန်အိပ် ချင်နေခြင်း။
• အလွယ်တကူအိပ်မပျော်ခြင်း။
• အိပ်တစ်ဝက်၊ နိုးတစ်ဝက်အချိန်တွင် ကိုယ်ခန္ဓာလှုပ်ရှား မရခြင်း
• အိပ်ပျော်နေစဉ်ယောင်ခြင်း၊ ဥပမှူာ လမ်းထလျှောက်ခြင်း၊ စကားပြောခြင်း။
• အိပ်ချိန်မဟုတ်သည့်အချိန်တွင် အိပ်ပျော်သွားခြင်း စသည့်လက္ခဏာရပ်များပါဝင်ပါသည်။
ဘယ်လို ကုသမလဲ
ကျွန်တော်တို့သည် အိပ်မပျော်ခြင်းရောဂါဖြစ်နေပြီဟု သတိ ပြုမိသည်နှင့်တစ်ပြိုင်နက် ကျွန်တော်တို့၏အိပ်စက်ခြင်းအလေ့ အထကိုကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းသင့်ပါသည်။
• နေ့စဉ်အချိန်မှန်မှန်အိပ်ပြီး အချိန်မှန်မှန်ထခြင်း။
• ပိတ်ရက်များတွင်လည်း ပုံမှန်အိပ်ပုံမှန်ထခြင်း။
• နေ့လယ်ဘက်တစ်မှေးအိပ်လေ့ရှိပါက မိနစ် ၂၀၊ သို့မဟုတ် ၃၀ ခန့်သာအိပ်ခြင်း။
• အစာစားပြီးငိုက်မြည်းလာပါက အိပ်ချင်စိတ်ကို မိမိစိတ်ဝင်စားသောအရာတစ်ခုကိုလုပ်ဆောင်ခြင်းဖြင့်တွန်းလှန် ခြင်း။
• မိမိ၏အိပ်ခန်းအား နံနက်ခင်းနှင့်နေ့ဘက်တွင် နေရောင် ခြည်ကောင်းစွာရစေ၍ ညအချိန်တွင် အလင်းမှိန်မှိန်သာ ထားရှိစေခြင်း။
• လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း။
• ကဖိန်းပါသောအစားအသောက်များနှင့် အရက်သေစာ များသောက်စားခြင်းကိုရှောင်ကျဉ်၍ အာဟာရဖြစ်စေသော အစားအစာများကိုသာစားသုံးခြင်း။
• ညအိပ်ချိန်တွင်ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုနှင့်လုပ် လက်စအလုပ်များကို နောက်ရက်သို့ရွှေ့ဆိုင်းခြင်း စသည် ဖြင့် ပြန်လည်ပြုပြင်သင့်ပါသည်။
ကျွန်တော်တို့သည် အိပ်ပျော်ရန်ခက်ခဲနေခြင်း၊ သို့မဟုတ် အိပ်နေရာမှပြန်လည်နိုးလာပါက မိမိကိုယ်ကိုသက်သောင့်သက်သာ ရှိအောင်ပြုလုပ်၍အလုပ်ကိစ္စများ၊ စိတ်ဖိစီးမှုများနှင့်အတွေးများကို ဖယ်ရှားကာ အတတ်နိုင်ဆုံးပြန်လည်အိပ်ပျော်နိုင်ရန်ကြိုးစားသင့် ပေသည်။ အိပ်ပျော်လွယ်စေသည့်နည်းလမ်းအချို့မှာ-
• အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း။
• ကောင်းမွန်သောအရာများကိုသာတွေးတောခြင်း။
• မီးရောင်ဖျော့ဖျော့တွင် မိမိအတွက်သိပ်စိတ်ဝင်စားစရာမပါ သောစာအုပ်၊ သို့မဟုတ် မဂ္ဂဇင်းတစ်ခုခုကိုဖတ်ခြင်း။
• ရေနွေးဖြင့်ရေချိုးခြင်း။
• သာယာငြိမ့်ညောင်းမှုရှိသောဂီတသံကို နားထောင်ခြင်း။
• အကြောဖြေဆန့်ခြင်း။
• နောက်တစ်ရက်အတွက် လုပ်ဆောင်ချက်အချို့ကိုကြိုတင် ပြင်ဆင်ခြင်းစသည်တို့သည် ကျွန်တော်တို့အားအိပ်ပျော် လွယ်စေသည့်နည်းလမ်းများပင်ဖြစ်ပါသည်။
အိပ်ရေးမဝခြင်း၏ နောက်ဆက်တွဲလက္ခဏာများ
လုပ်နိုင်စွမ်းအားများနှင့် နိုးကြားတက်ြွကမှုများ လျော့နည်းလာခြင်း
အိပ်ရေးမဝခြင်းသည် ကျွန်တော်တို့၏လုပ်နိုင်စွမ်းအားများ နှင့် နိုးကြားတက်ြွကမှုများကိုလျော့နည်းလာစေပါသည်။ ညဘက် အိပ်သည့်အချိန် တစ်နာရီခွဲအချိန်ပမာဏလျော့နည်းသည့်အခါ တိုင်း နောက်တစ်နေ့တာအတွင်း ကျွန်တော်တို့၏လုပ်နိုင်စွမ်းနှင့် နိုးကြားတက်ြွကမှုမှာ ၃၂ ရာခိုင်နှုန်းခန့်လျော့နည်းသွားမှုကိုဖြစ် စေပါသည်။
မှတ်ဉာဏ်စွမ်းအားနှင့်သိမြင်နိုင်မှုများ လျော့နည်းလာခြင်း
နိုးကြားတက်ြွကမှုများလျော့နည်းလာခြင်းနှင့် နေ့ဘက် အချိန်များတွင်အိပ်ငိုက်ခြင်းသည် ကျွန်တော်တို့၏မှတ်ဉာဏ်နှင့် သိမြင်နိုင်မှုစွမ်းရည်များကိုယုတ်လျော့စေပြီး ဆက်စပ်တွေးခေါ်မှု ပိုင်းဆိုင်ရာများတွင်လည်း တဖြည်းဖြည်းအားနည်းလာပါသည်။
မိသားစုအရေးတွင် စိတ်ဖိစီးမှုပိုလာခြင်း
မိမိနှင့်အတူအိပ်သော လင်ယောကျာ်း၊ သို့မဟုတ် ဇနီး မယားတွင်အိပ်မပျော်သောရောဂါ၊ အိပ်ရေးမဝသောဝေဒနာရှိခြင်း သည် မိသားစုအရေးတွင် ကတောက်ကဆက်ဖြစ်တတ်ခြင်း၊ ဥပမှူာ အိပ်ရာခွဲအိပ်ခြင်း၊ စိတ်သဘောထားမတိုက်ဆိုင်မှုများလာ ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်းများဖြစ်တတ်ပြီး စိတ်ဖိစီးမှုများပိုမို လာတတ်ပါသည်။
လူမှုဆက်ဆံရေးအားနည်းလာခြင်း
အိပ်ရေးမဝခြင်းကြောင့် ကျွန်တော်တို့သည် အာရုံစိုက်ရန် လိုအပ်သောလုပ်ဆောင်မှုများ (ဥပမှူာ လုပ်ငန်းအစည်းအဝေးများ၊ မိမိ၏သားသမီးနှင့်ပတ်သက်သောကိစ္စရပ်များ၊ သူငယ်ချင်းတွေ့ ဆုံပွဲများ၊ မိတ်ဆုံစားပွဲများ) တွင် ပြည့်ဝစွာအာရုံမစိုက်နိုင်ခြင်းများ ဖြစ်ပေါ်လာတတ်ပါသည်။
အလုပ်အကိုင်ထိခိုက်ခြင်း
အိပ်ရေးမဝခြင်းကြောင့် လုပ်ငန်းခွင်တွင်မကြာခဏပြင်း ထန်စွာအိပ်ငိုက်ခြင်းသည် လုပ်ငန်းခွင်အတွင်း မိမိအားတစ်ပါးသူ က လေးစားမှုအားနည်းခြင်းကိုဖြစ်စေပါသည်။
ယာဉ်အန္တရာယ်ကြုံတွေ့နိုင်ခြင်း
The National Highway Traffic Safety Administration (NHTSA) ၏လေ့လာတွေ့ရှိချက်အရ အိပ်ရေးမဝဘဲ ယာဉ်မောင်းမှုကြောင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုအနည်းဆုံးအမှု ပေါင်းတစ်သိန်းတွင် အမှုပေါင်း ၇၁,ဝဝဝ သည် ထိခိုက်ဒဏ်ရာရ ခြင်းကိုဖြစ်ပေါ်စေပြီး အမှုပေါင်း ၁,၅၅၀ ခန့်သည် သေဆုံးမှုကို ဖြစ်စေပါသည်။
အိပ်ရေးမဝသောရောဂါကိုဂရုမစိုက်ပါက ဘာတွေဆက်ဖြစ်နိုင်လဲ
ကျွန်တော်တို့သည် အိပ်ရေးမဝသောရောဂါ၏လက္ခဏာ ရပ်များကိုခံစားနေရပြီဆိုပါက အချိန်မီ မိမိတို့၏အိပ်စက်ခြင်း အလေ့အထများကိုပြောင်းလဲခြင်း၊ ကုသခြင်း၊ မိမိကိုယ်ကိုပြန်လည် ပြုပြင်ခြင်းများကို ပြုပြင်လုပ်ဆောင်သင့်ပါသည်။ အချိန်မီမလုပ် ဆောင်ဘဲ သာမန်အိပ်မပျော်ခြင်းဟုထင်ပြီး ပေါ့ဆစွာနေပါက အောက်ပါရောဂါဝေဒနာများသည် ရေရှည်တွင်သာမန်အိပ်မပျော် ခြင်းမှာဖြစ်လာနိုင်သော နောက်ဆက်တွဲရောဂါဝေဒနာများပင်ဖြစ် ပါသည်။
• သွေးတက်ခြင်း။
• နှလုံးအမောဖောက်ခြင်း။
• နှလုံးအားနည်းခြင်း။
• လေဖြတ်ခြင်း။
• အဝလွန်ခြင်း။
• စိတ်ပိုင်းဆိုင်ရာရောဂါများ ဥပမာ စိတ်ဓာတ်ကျခြင်း၊ စိတ် လှုပ်ရှားလွယ်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း။
• အာရုံစူးစိုက်မှုအားနည်းခြင်း။
• စိတ်ပိုင်းဆိုင်ရာထိခိုက်လွယ်ခြင်း။
• လူငယ်များဖွံ့ဖြိုးမှုအားနည်းခြင်း။
• မတော်တဆဖြစ်နိုင်သောလုပ်ရပ်များ ပိုမိုလုပ်ဆောင်မိခြင်း
စသည်ဖြင့်အာရုံကြောနှင့်ပတ်သက်သောရောဂါများ၊ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်သောရောဂါဝေဒနာများကိုဖြစ်ပေါ်စေပါသည်။
အိပ်ရေးမဝခြင်းနှင့် ကောင်းမွန်စွာအိပ်မပျော်ခြင်းတို့သည် ကျွန်တော်တို့၏တစ်နေ့တာလုပ်ဆောင်ချက်များကို အနည်းနှင့် အများ အနှောင့်အယှက်ဖြစ်စေသည့်အပြင် ကျွန်တော်တို့ကိုစိတ် မရွှင်လန်းခြင်း၊ အကြံဉာဏ်ကောင်းများမရရှိနိုင်ခြင်း၊ ကျန်းမာရေး ကို ဆိုးရွားစွာထိခိုက်နိုင်ခြင်းတို့ကိုဖြစ်စေသည်မှာ အမှန်ပင်ဖြစ်ပါ သည်။ အိပ်ရေးမဝသည့်ရောဂါရှိသည်ဟု မိမိကိုယ်ကိုဆင်ခြင်မိပါ က မိမိ၏အိပ်စက်အနားယူသည့်စနစ်ကိုပြုပြင်ပြောင်းလဲခြင်း၊ သို့မဟုတ် နီးစပ်ရာဆရာဝန်ဖြင့်တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ် ခြင်းဖြင့် အိပ်ရေးမဝသည့်ရောဂါ၊ သို့မဟုတ် အိပ်မပျော်သော ရောဂါကိုကာကွယ်သင့်ပါသည်။သို့ဖြစ်ပါ၍လူတိုင်းလူတိုင်း ကောင်းမွန်စွာအိပ်စက်အနားယူခြင်းဖြင့် မိမိတို့၏ကျန်းမာရေးကို ဂရုစိုက်သင့်ပေသည်။
Author – ဒေါက်တာထက်ဝေ