ဗီတာမင် ဘီဝမ်း(Vitamin B1)
ဗီတာမင်ဘီဝမ်းဟာ ဗီတာမင်ဘီအုပ်စု အမျိူးအစား တစ်မျိူးဖြစ်ပါတယ်။ ရေမှာပျော်ဝင်တဲ့ ဗီတာမင် အမျိူးအစားပါ။ ဆေးသုတေသန ပညာရှင်များဟာ ၁၉၂၆ လောက်မှာ ဗီတာမင်ဘီဝမ်းကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဗီတာမင်ဘီဝမ်းကြွယ်ဝတဲ့ အစားအစာတွေကတော့ဆန်လုံးညို၊ ဂျုံ၊ နှံစားပြောင်း၊ ပေါင်မုန့် ၊ အသည်း ၊အသား ၊ ပဲအမျိူးမျိူးတို့ပဲ ဖြစ်ပါတယ်။ နေ့စဉ်လိုအပ်ချက်ကတော့ ဝ ဒသာမ၅ ကနေ ၁ဒသာမ ၅မီလီဂရမ်ပါ။
ဗီတာမင်ဝမ်းရဲ့လုပ်ငန်းတာဝန်ကတော့ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ကစီဓါတ်တွေရဲ့ဇီဝဖြစ်စဉ်ဖြစ်ရာမှာ အကူအင်ဇိုင်းအနေနဲ့ ပါဝင်ဆောင်ရွက်ပေးတယ်။ နောက်ပြီး အက်စီတိုင်းကိုလင်း(Acetylcholine)ဆိုတဲ့ Neurotransmitter တည်ဆောင်ရာမှာလည်း ဘီဝမ်းက လိုအပ်ပါတယ်။ Neurotransmitter ဆိုတာက အာရုံ တစ်ခုနဲ့တစ်ခုအကြား အချက်အလက် ပေးပို့တဲ့ပစ္စည်းပါ။ အာရုံကြော လျှပ်ကူးပစ္စည်းလို့လည်း ခေါ်လို့ရမယ် ထင်ပါတယ်။
ဒါကြောင့် ဘီဝမ်းချို့တဲ့ပါက ဘယ်ရီဘယ်ရီ (Beriberi)လို့ခေါ်တဲ့ အာရုံကြော အားနည်းတဲ့ရောဂါ ဖြစ်လာနိုင်ပါတယ်။ အမျိူးအစားခွဲပြောရင် တော့ Dry beriberi, Wet beriberi, Infantile beriberi နဲ့ Wernicke-Korsakoff Syndrome ဆိုပြီးလေးခုရှိပါတယ်။ Wernicke-Korsakoff Syndrome ကတော့ ရေရှည်အရက်ကို မနက် ၊ ညသောက်တဲ့သူတွေမှာ အဖြစ်များပါတယ်။
ဘီဝမ်းချို့တဲ့သောလက္ခဏာများကတော့ ခြေတွေလက်တွေထိုင်းမှိုင်းလာတာ၊ ရေတိုမှတ်ဉာဏ်တွေချို့ယွင်းလာတာ(Sever Short term memory Loss)၊ နောက်အစာခြေလမ်းကြောင်းဟာလည်း ပုံမှန်တာဝန်မထမ်းဆောင်နိုင်ဘဲ အစာမကြေတာ၊ အန်တာ၊ ဝမ်းလျှောတာ၊ ခြေထောက်တွေထုံကျဉ်ပြီး ဆောင့်ကြောင့် ထိုင်ရာကနေ ရုတ်တရက် ထလိုက်တဲ့အခါ အလွယ်တကူ မတ်တပ်ရပ်လို့ မရတာမျိူးတွေပါ။
နို့တိုက်မိခင်တွေမှာလည်း ဗီတာမင်ဘီဝမ်းကြွယ်ဝတဲ့ အစားအစာတွေကို လုံလောက်စွာ မစားပေးဘူးဆိုရင် မွေးလာတဲ့ကလေးမှာ ဘီဝမ်းချို့တဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် မိခင်နို့စို့တဲ့ ၂လသား ၃လသားလေးတွေမှာ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့ ကလေးငယ်ဟာ ဂနာမငြိမ် ဖြစ်လာမယ်။ ငိုလိုက်တဲ့အခါမှာ အသံစူးစူးဝါးဝါးဖြစ်ပြီး ခပ်ကြမ်းကြမ်း ဖြစ်နေနိုင်တယ်။ ထိုမှတဆင့် ကလေးဟာအသံလုံးလုံး မထွက်နိုင်တဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ အဓိကဇစ်မြစ်ကတော့ ဗီတာမင်ဘီဝမ်းချို့တဲ့သောအခါ အက်စီတိုင်းကိုလင်းကို လုံလောက်စွာ မထုတ်နိုင်တဲ့အတွက် အာရုံကြောတွေ ကောင်းမွန်စွာ အလုပ်မလုပ်လို့ပါ။
ဒါ့အပြင် ဘီဝမ်းချို့တဲ့သောကလေးမှာ ထပ်ဖြစ်နိုင်တာတွေကတော့ နှလုံးကြီးလာတာ၊ နှလုံးခုန်မြန်တာ၊ ခြေထောက်တွေဖောလာတာ၊ မျက်နှာတွေအန်းလာတာတွေပါ။ အချိန်မီ မကုသဘူးဆိုရင် နှလုံးအလုပ်မလုပ်ဘဲ အသက်သေဆုံးသည် အထိဖြစ်နိုင်ပါတယ်။ နောက်ပြီး ထမင်း၊ ဟင်းစတာတွေ သိပ်မစားဘဲ မိုးလင်းကနေ မိုးချုပ်ထိ အရက်ပဲ လှိမ့်သောက်နေတဲ့ အရက်သမားတွေမှာလည်း ဘီဝမ်းချို့တဲ့တဲ့ လက္ခဏာတွေ မကြာခဏ တွေ့ရတတ်ပါတယ်။
အထူးတလည် ဖြူဖွေးနေအောင် ဖွပ်ထားတဲ့ဆန်တွေစားမယ်ဆိုရင် သို့မဟုတ် ထမင်းရေခန်းမချက်ဘဲ ထမင်းရည်တွေ သွန်ပစ်လိုက်မယ်ဆိုရင်လည်း ဗီတာမင်ဘီဝမ်း မလုံလောက်တာတွေ ဖြစ်နိုင်ပါတယ်။ ရေချိုငါးတွေ၊ ခရု၊ ပုစွန်နဲ့ ပင်လယ်ငါးတချို့စားတာများရင်လည်း ဗီတာမင်ဘီဝမ်းချို့တဲ့နိုင်ပါတယ်။ သူတို့ထဲမှာပါတဲ့ thiaminase ဆိုတဲ့အင်ဇိုင်းတစ်မျိူးက ဘီဝမ်းတွေကို ဖျက်ဆီးလိုက်နိုင်လို့ပါတဲ့။ ဒါ့အပြင် ကော်ဖီ၊ လက်ဖက်ရည်တွေ အလွန်အကျွံသောက်ရင်လည်း ခန္ဓာကိုယ်မှာရှိတဲ့ ဘီဝမ်းဓါတ်တွေ လျော့နည်းစေနိုင်ကြောင်း ထပ်ပြောပါရစေ။
အပိုင်း၂ (Part 2) တွင် ဗီတာမင် ဘီတူးနဲ့ သရီးအကြောင်း ဆက်လက်တင်ပြပါမယ်။
Author : Dr. 528