မြောက်မြားလှစွာသောအရေပြားပြဿနာတွေထဲမှာ အယားပြဿနာက အဖြစ်အများဆုံးလို့ဆိုနိုင်ပါတယ်။ အထူးသဖြင့် အရေပြားဆရာဝန်တွေအနေနဲ့ အယားဝေဒနာတွေကိုပဲ မကြာခဏဖြေရှင်းပေးနေရတာပါ။ ယားတဲ့ဒဏ်ကို ကိုယ်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြတယ်။ ထုံးစံအတိုင်းမရရင်တော့ ဆရာဝန်တွေဆီပြေးတော့တာပါ။ ဆရာဝန်တွေအနေနဲ့လည်း အယားမျိုးစုံကို သင့်တော်ရာကုထုံးမျိုးစုံနဲ့ ပျောက်ကင်းသက်သာအောင် လုပ်ပေးကြရပါတယ်။ အယားကုထုံးတွေကလည်းများမှများပါ။
ဘာလို့ယားတာလဲ
အရေပြားယားတိုင်း အရေပြားပြဿနာစစ်စစ်မဟုတ်ပါဘူး။ တချို့ယားတယ်လို့သာ ညည်းညူနေတာ အရေပြားကိုသေချာစစ်ဆေးကြည့်တော့ ကုတ်ရာ၊ ဖဲ့ရာကလွဲလို့ ဘာမှထူးထူးခြားခြား မတွေ့ရတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် အရေးပြားပြဿနာ စစ်စစ်တွေဖြစ်တဲ့ နှင်းခူ၊ ဆိုရီယား၊ စစ်၊ ဝဲ၊ ပွေးစတဲ့ရောဂါ တွေကြောင့် ယားခြင်းနဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ဆီးချို၊ ကင်ဆာ၊ အသည်း၊ ကျောက်ကပ်ရောဂါစသဖြင့် ပြဿနာဖြစ်လို့ ယားခြင်းဆိုပြီး အကြမ်းနှစ်မျိုးခွဲနိုင်ပါတယ်။ အရေးပြားမှာ မြင်သာထင်သာရှိတဲ့ ယားတတ်တဲ့ရောဂါတွေရော၊ အရေးပြားမှာလာပြီးအယား ဓာတ်ကိုပေးတဲ့ကိုယ်တွင်းရောဂါတွေရော တကယ်တော့အများကြီးပါ။ စေ့စေ့စပ်စပ်ရေတွက်ကြည့်ရင် အမျိုးပေါင်းတစ်ရာဝန်းကျင်ရှိပါတယ်။
အရေပြားရဲ့အယားဇစ်မြစ်
အရေးပြားရဲ့အပေါ်လွှာ (Epidermis) နဲ့ အလယ်လွှာ (Dermis) တို့ကြားနယ်မြေမှာ Free Nerve Endingsလို့ ခေါ်တဲ့အာရုံကြောမျှင်လေးတွေရှိတယ်။ အဲဒီအမျှင်တွေကို အယားဓာတ်ဖြစ်စေမယ့် ဓာတုဒြပ်ပေါင်းတွေက လှုံ့ဆော်လို့ သိရှိချက်ကို ‘CFibre` ဆိုတဲ့အာရုံကြောငယ်တွေက သယ်ဆောင်သွားတယ်။ ပြီးတော့ ကျောရိုးထဲရှိအဓိကပင်မအာရုံကြောကြီးကတစ်ဆင့် ဦးနှောက်အထိ ရောက်အောင် သတင်းပို့တယ်။ ဦးနှောက်ထဲရောက်သွားမှ ယားတယ်ဆိုတဲ့အသိဖြစ်သွားတာပါ။ တကယ်တော့ အရေးပြားထဲက အာရုံကြောမျှင်တွေကိုလှုံ့ဆော်ပေးမှုက အယားဇာတ်လမ်းရဲ့အစဖြစ်ပါတယ်။
လှုံ့ဆော်ပေးတဲ့ပစ္စည်းတွေကလည်း အများကြီးပါ။ အရေပြားတစ်သျှူးထဲမှာရှိနေတဲ့ Mast Cells ကလာပ်စည်း၊ ဒါမှမဟုတ်သွေးထဲမှာရှိနေတဲ့ Basophilsဆိုတဲ့ သွေးဖြူဥတစ်မျိုးကနေထွက်ရှိလာတဲ့ဓာတုပစ္စည်းတွေပါ။ အစီတိုင်ကိုလင်း (Acetylcoline)၊ ဟစ်စတာမင်း (Histamine)၊ ဆီရိုတိုနင် (Serotonin)၊ ဆိုက်တိုကိုင်း တွေ (Cytokines)၊ အီကိုစနိုက်တွေ (Eicosanoids)၊ Substance P အပါအဝင်နူရိုပက်တိုက်တွေ(Neuropeptides)၊ အိုဒီရိုက်တွေ (Opiods)၊ ပရိုတီအေ့စ် (Proteases) နဲ့ ကိုင်နင်တွေ (Kinins)စသဖြင့် တကယ့်ကို အမျိုးအမည်စုံလှပါတယ်။ Mast Cells နဲ့ Basophils ကိုအကြောင်း တစ်ခုခုကြောင့်လှုံ့ဆော်မှုရှိမှသာ အဲဒီပစ္စည်းတွေ အနည်းနဲ့အများ ထွက်လာပြီး အယားပြဿနာကို မီးမွှေးပေးလို့တာပါ။
အယားပြဿနာအဖြေရှာ
လူတစ်ယောက် အယားဝေဒနာကြုံရပြီဆိုရင် ဘာကြောင့်ယားတာလဲဆိုတာ ဦးစွာဖော်ထုတ်ဖို့ အဓိကလိုအပ်ပါတယ်။ မေးခွန်းတွေ တစ်သီကြီးမေးတန်မေးရပါမယ်။ ဘာစားခဲ့လဲ၊ ဘယ်သွားခဲ့လဲ၊ ဘာအလုပ်လုပ်သလဲ၊ အိမ်အတူနေတဲ့သူတွေရောယားသလား၊ ပူရင်ယားသလား၊ အေးရင်ယားသလားစသဖြင့် လိုအပ်ရင်လိုအပ်သလို အသေးစိတ်မေးရပါတယ်။ လိုအပ်ရင် ရောဂါရဲ့ဇာစ်မြစ်ကိုသိဖို့ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေ လုပ်တန်လုပ်ရပါမယ်။ မြင်သာထင်သာတဲ့အရေးပြားပြဿနာတွေ (ဥပမာ- နှင်းခူ၊ ဆိုရီယားစစ် စသဖြင့်) ရှိခဲ့ရင်တော့ မေးခွန်းတွေ၊ စစ်ဆေးမှုတွေ သိပ်မလိုဘူးပေါ့။ အကြောင်းမဲ့ နာတာရှည်အင်ပျဉ်ထွက်တာ၊ ယားတာဆိုရင်တော့ အတတ်နိုင်ဆုံးအဖြေရအောင်ရှာဖို့ လိုအပ်ပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေအများကြီးလုပ်တာတောင်တိကျတဲ့အဖြေမတွေ့ဘဲ နှစ်ချီပြီး အင်ပျဉ်ထွက်နေတာမျိုးရှိပါတယ်။ ဆေးပညာမှာ Chronic Idiopathic Urticaria (CIU) လို့အမည်ပေးထားတဲ့ ရောဂါမျိုးပေါ့။ နာတာရှည်အကြောင်းမဲ့ အင်ပျဉ်ထွက်ခြင်းပေါ့။ ဆေးသောက်တုန်းသက်သာပြီး ဆေးဖြတ်လိုက်ရင်ပြန်ပေါ်လိုက်နဲ့ အတော်စိတ် ညစ်ဖို့ကောင်းတဲ့ အယားဝေဒနာတစ်မျိုးပါ။
အယားသက်သာပျောက်ကင်းစေဖို့
လူတစ်ယောက်ဟာအယားပြဿနာကြုံတာနဲ့ ဦးစွာကိုယ့်နည်းကိုယ့်ဟန်ဖြေရှင်းတတ်ကြပါတယ်။ ဟိုဟာသွေးလိမ်း၊ ဒီဟာသွေးလိမ်းတာကအစ ဘာမီတွန်သောက်တာ၊ စီထရင်းသောက်တာ၊ ကယ်လမင်းအရည်လိမ်းတာစသဖြင့် သက်သာလိုသက်သာငြား၊ လက်တည့်စမ်းလုပ်ကြည့်လေ့ရှိပါတယ်။ ထုံစံအတိုင်း မသက်သာမှသာ ဆရာဝန်ဆီသွားကြတာများပါတယ်။ တကယ်တော့ ယားတဲ့ အကြောင်းရင်းကို ဦးစွာရှာဖွေဖော်ထုတ်ပြီး အဲဒီမူရင်းကိစ္စကို ကုသပေးမှသာ ပျောက်ကင်းနိုင်တာပါ။ ဒါပေမဲ့ ရောဂါရှာတာကလည်း ရှာ၊ လက်ရှိခံစားနေရတဲ့ အယားဝေဒနာလည်းသက်သာစေဖို့ လိုအပ်တဲ့ကုထုံးတွေတော့ သုံးနေကြရတာပါ။ လိမ်းဆေး၊ စားဆေးတွေ အများကြီးရှိပါတယ်။
လိမ်းဆေးတွေလိမ်းကြည့်ပါ
ခြင်၊ သန်းစတဲ့ အကောင်ကိုက်တာ၊ နေလောင်တာ၊ အလာဂျီဖြစ်တာစတာတွေကြောင့် ယားတာမျိုးဆိုရင်တော့ အရေပြားကိုအေးငြိမ်းစေတဲ့ လိမ်းဆေးအရည်တွေ (Soothing Lotions)ကို သုံးသင့်ပါတယ်။ ဥပမာပေးရရင် ကယ်လမင်း(Calamine)အရည်လိုမျိုးပေါ့။ အသားခြောက်လို့ယားတဲ့အခါမျိုးမှာတော့ အဆီပါတဲ့ လိမ်းဆေးတွေပဲသုံးရမှာပါ။ ဥပမာ- သံလွင်ဆီပါရာဖင်၊ အလှဆီ စတာမျိုးပါ။ စတီးရွိက်ပါတဲ့လိမ်းဆေးတွေကိုတော့ အရေးပြားရောင်ရမ်းတဲ့ယားခြင်းမျိုးမှာ ပဲသုံးနိုင်ပါတယ်။ ဥပမာ- နှင်းခူ၊ဓာတ်မတည့်လို့ အရေပြားရောင်ရမ်းခြင်းစသဖြင့်ပေါ့။ နေရာကွက်ပြီးယားတဲ့ ကိစ္စအချို့ကိုတော့ ထုံဆေးပါတဲ့လိမ်းဆေးတွေကို တစ်ခါ တလေ သုံးကြရတာမျိုးရှိပါတယ်။ ဥပမာ- အကောင်ကိုက်ခံရလို့ မခံမရပ်နိုင်အောင်ယားတဲ့အခါမျိုးမှာ Benzocaine၊Lidocaine Tetracaine အစရှိတဲ့ ထုံဆေးပါတဲ့လိမ်းဆေးမျိုးသုံး သင့်ရင်သုံးကြရပါတယ်။
အင်တီဟစ်စတာမင်း(Antihistamine)ပါတဲ့ လိမ်းဆေးတွေလည်း တစ်ခါတလေအသုံးတည့်တတ်ပါတယ်။ ပိုးကောင်ကိုက်လို့ယားတာမျိုး၊ ရေကျောက်ပေါက်လို့ယားတာမျိုးဆိုရင် ဒီလိမ်းဆေးတွေကိုသုံးရင် အယားသက်သာသွာတာမျိုးရှိပါတယ်။ ဒါပေမဲ့ အဲဒီ ထုံးဆေးပါတဲ့ လိမ်းဆေးတို့၊ အင်တီဟစ်စတာမင်း လိမ်းဆေးတို့ဟာ သူတို့နဲ့ဓာတ်မတည့်ဘဲပိုယားသွားတတ်တာမို့ အလွန်သတိထားသုံးရမှာပါ။
အယားသက်သာစေတဲ့သောက်ဆေးများ
အရေပြား Mast Cells ထဲကထွက်လာတဲ့ ဟစ်စတာမင်း (Histamine) ကိုဆန့်ကျင်နိုင်စွမ်းရှိတဲ့ အင်တီဟစ်စတာမင်း (Antihistamine) သောက်ဆေးတွေကတော့ အယားပြဿနာအတွက် အသုံးအများဆုံးပါပဲ။ ကျွန်တော်တို့ငယ်ငယ်ကတည်းက ယားရင်ဘာမီတွန်ပဲ၊ အိပ်ချင်တာပေါ့။ အခုခေတ်မှတော့ အိပ်ငိုက်မှုနည်းပါးတဲ့ အခြားအင်တီဟစ်စတာမင်တွေ ပေါမှပေါပါ။ အချို့ အိပ်ရေးပျက်ရလောက်အောင် ယားတာမျိုးကတော့ အိပ်ငိုက်စေတဲ့ အင်တီဟစ်စတာမင်း အမျိုးအစားတွေက ဟန်ကျပြန်ရော။ သို့သော် အယားပြဿနာတွေအားလုံးဟာ ဟစ်စတာမင်းဓာတ်တစ်မျိုးတည်းကြောင့် မဟုတ်ရဘူးဆိုတာပါပဲ။ ရှေ့ပိုင်းမှာပြောခဲ့သလို ဟစ်စတာမင်းနည်းတူ မြောက်မြားစွာသောဓာတုပစ္စည်းတွေထွက်ရှိလာတာကြောင့် ဖြစ်ရတာမို့ပါ။ ဒါကြောင့် တချို့ယားတဲ့ကိစ္စမှာ အင်တီ ဟစ်စတာမင်းသောက်တာနဲ့ အယားမပြေတာပါ။
စတီးရွိက်သောက်ဆေး(ဥပမာဒက်ဆာ) တွေကိုတော့ အယားဝေဒနာတိုင်းကို ရှေ့တန်းတင်ပြီး သုံးလေ့မရှိပါဘူး။ အလွန်အမင်းပြင်းထိယားသူမျိုးကိုသာ ယာယီသက်သာအောင်သုံးရတာပါ။ အနာတခြားဆေးတခြားမဖြစ်ရအောင် ဂရုပြုဖို့လိုပါတယ်။
အနာတတစ်ခြား ဆေးတစ်ခြားမဖြစ်ရအောင်
ယားခြင်းရဲ့ဇာစ်မြစ်ကို အမိအရဖော်ထုတ်နိုင်ရင် အနာတခြား၊ဆေးတခြားမဖြစ်နိုင်ပါဘူး။ ရှေ့ပိုင်းမှာပြောခဲ့သလို ယားခြင်းရဲ့အကြောင်းတရားတွေက အများကြီးပါ။ ဥပမာ- စိတ်စွဲပြီးယားတာမျိုးသေချာခဲ့ရင် အသုံးများတဲ့ အင်တီဟစ်စတာမင်းတွေ ပေးလည်းသိပ်အကျိုးမရှိပါဘူး။ စိတ်ကျရောဂါကို ကုစားရာမှာသုံးတဲ့ဆေးတွေ (ဥပမာ- Doxepin)) လိုဆေးတွေက ပိုထိရောက်ပါတယ်။ စိတ်ကျန်းမာရေးအထူးကုဆရာဝန်တွေရဲ့ အကြံဉာဏ်ရယူသင့်တဲ့ ယားခြင်းမျိုးပေါ့။
ကျောက်ကပ်မကောင်းလို့ ယားတဲ့ကိစ္စမျိုး (Uremic Pruitus) ဆိုရင် Naltreone ၊ Ondansetron စတဲ့ ဆေးတွေ အပြင် ခရမ်းလွန်ရောင်ခြည်ဘီနဲ့ပြသတဲ့ အလင်းရောင်ကုထုံးကို သုံးတာကပိုအကျိုးရှိပါတယ်။ အသည်းမကောင်းလို့ ယားတာမျိုး (Hepatic Pruritus) ကျတော့ Choletyramine၊ Uresode၊Rifampicinစတဲ့ ဆေးတွေပေးပါမှသက်သာ စေတာပါ။ ဆေးနဲ့မတည့်လို့ယားတာမျိုးလုပ်ရတယ်။ ဥပမာ- ကိုယ့် ရောဂါကြောင့် မဖြစ်မနေသောက်ရမယ့်အနာကြီးရောဂါကုထုံး (MDT) မှာပါတဲ့ ဒက်ပဆုံးနဲ့မတည့်လို့ ယားခဲ့ရင် အဲဒီဆေးအစား တခြားဆေး (ဥပမာ- Ofloxacin) တွေနဲ့ အစားထိုးရမှာပါ။
လေ့ကျင့်ခန်းလုပ်တဲ့အခါလည်းယား၊ ချွေးထွက်လည်းယား၊ ရေနွေးနဲ့ရေချိုးပြီးတဲ့အခါလည်းယား၊ စိတ်လှုပ်ရှားတဲ့အခါလည်း ယားတဲ့ Cholinergic Prurits Usawmh တော့ အင်တီဟစ်စတာမင်း ဆေးတွေအပြင် Danazol ဆေးမျိုးပါပေးရင် ပိုသက်သာပါတယ်။အဲဒီလိုကိုယ်ပူလာတဲ့အခါ ယားတာမျိုးရှိသလို အအေးဓာတ်နဲ့ထိတွေ့တဲ့အခါ ယားတဲ့အယား (Cold Urticaria) လည်းရှိပါတယ်။ ဒီအယားမျိုးကျတော့ ပုံမှန်သုံးနေကျ အင်တီဟစ်စတာမင်း ဆေးတွေထက် Ketoti-fen လိုဆေးမျိုးကိုသုံးမှ ပိုပြိးထိရောက်ပါတယ်။ ဒီဆေးက Mast Cell တွေကနေ ဟစ်စတာမင်း မထွက်နိုင်အောင် တားဆီးပေးနိုင်စွမ်းရှိတာမို့ပါ။
ဒါလေးတွေလည်းမမေ့ပါနဲ့
အယားဓာတ်ခံရှိတဲ့သူတွေကို ယားစေနိုင်တဲ့ကိစ္စတွေ ရှောင်ဖို့လည်းအကြံပြုရမှာပါ။ ဥပမာ- အသားခြောက်လို့ယားတဲ့ သူတွေဆို ဆပ်ပြာပြင်းပြင်းမသုံးဖို့၊ အဲယားကွန်းအခန်းမှာသိပ်မနေဖို့၊ ဟိုဟာမတည့်၊ ဒီဟာမတည့်နဲ့ယားတတ်သူတွေဆို အဝတ်အစားကို ပေါ့ပေါ့ပါးပါး ပွပွချည်ထည်ပဲဝတ်ဖို့၊ ကိုယ်အပူချိန်ခဏတက်လာတဲ့အခါ ယားတဲ့သူတွေကို အရက်၊ အပူအစပ်ရှောင်ဖို့၊ ရေနွေးနဲ့ မချိုးဖို့စသဖြင့်ပါ။ ယားတဲ့သူတိုင်းကို နောက်ဆုံးအကြံပြုချင်တာက လက်သည်းတိုတိုထားဖို့ပါ။ ယားလို့ကုတ်၊ ကုတ်လို့ပဲ့၊ ပဲ့လို့ပိုးဝင်၊ ပိုးဝင်လို့အနာဖြစ်ရင် အရေပြားပျက်စီးပြီးပေါ့။ ဒါလေးတွေလည်း မမေ့ကြပါနဲ့။
Author – ဒေါက်တာထက်ဝေ