မျက်လုံးဓာတ်မတည့်မှုဖြစ်တာဟာ လေထဲမှာပျံ့လွင့်နေတဲ့ပန်း ဝတ်မှုန်တွေကြောင့်ပါ။ ခန္ဓာကိုယ်မှာ ပန်းဝတ်မှုန်တွေ ဓာတ်မတည့် တဲ့လက္ခဏာတွေဖြစ်တဲ့ ယားယံခြင်း၊ မျက်ခွံများရောင်ခြင်း၊ နှာရည် ယိုခြင်းနဲ့ နှာချေခြင်းတို့ကိုခံစားစေနိုင်ပါတယ်။ ဒါကြောင့် ဒီပန်းဝတ်မှုန်တွေနဲ့ထိတွေ့မှုကို လျှော့ချပြီး မျက်လုံးထဲစေးကပ်တဲ့ပန်းဝတ်မှုန်တွေ တွယ်ကပ်တဲ့အခါ ခံစားရမယ့်လက္ခဏာတွေကို ကာကွယ်နိုင်ဖို့လိုအပ်ပါတယ်။ ကာကွယ်ခြင်းဟာကုသခြင်းထက် ပိုမိုတန်ဖိုးရှိတယ်ဆိုတဲ့စကားအတိုင်း မျက်လုံးဓာတ်မတည့်မှုကို ရှောင်ကြဉ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပန်းဝတ်မှုန်တွေနဲ့ ထိတွေ့မှုကိုလျှော့ချဖို့ပဲဖြစ်ပါတယ်။
ပတ်ဝန်းကျင်ရှိ ပန်းဝတ်မှုန်ပမာဏကိုသိပါ
ပန်းဝတ်မှုန်ပမာဏတွေများနေရင် အိမ်အပြင်ဘက်မှာ လှုပ်ရှားရတဲ့လှုပ်ရှားမှုတွေကို မလုပ်ပါနဲ့။ လေထန်တဲ့ရက်တွေနဲ့ နေ့ခင်းပိုင်းအချိန်တွေဟာ ပန်းပွင့်တွေ၊အပင်တွေပွင့်ပြီး ဝတ်မှုန်တွေထုတ်တဲ့အချိန်မို့ ပိုပြီးဆိုးပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဖို့အစီအစဉ်ရှိတယ်ဆိုရင် အိမ်အတွင်းမှာပဲပြောင်းလုပ်ဖို့ စီစဉ်ပါ။
အကာအကွယ်တွေ ဝတ်ဆင်ပါ
မျက်လုံးတွေကို ကပ်ငြိနိုင်တဲ့ပန်းဝတ်မှုန်ပမာဏကို လျှော့ချဖို့ လုံခြုံတဲ့နေကာမျက်မှန်ဝတ်ဆင်ပါ။ လျှာထိုးဦးထုပ်တွေဆောင်းခြင်းဟာ ဆံပင်ကို ပန်းဝတ်မှုန်တွေကပ်ငြိတာကို ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း တတ်နိုင်သမျှလုံခြုံအောင် ဝတ်ဆင်ခြင်းဟာ ပန်းဝတ်မှုန်တွေ အိမ်ထဲကို အမှတ်တမဲ့ပါမလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဝတ်မှုန်တွေဟာ ခေါင်းအုံးတွေ၊အိပ်ရာခင်းတွေနဲ့ အိမ်တွင်းပရိဘောဂတွေအပေါ် ရောက်လာတဲ့အခါ ပန်းဝတ်မှုန်တွေနဲ့ ထိတွေ့တဲ့အချိန် ပိုကြာပြီး မျက်လုံးဓာတ်မတည့်မှု ပိုဆိုးနိုင်ပါတယ်။
ပြတင်းပေါက်တွေကိုဖွင့်ထားပါ
ရာသီဥတုကပူပြီး အပြင်မှာနေသာနေတယ်ဆိုရင် လေကောင်းလေသန့်ရှူဖို့ ပြတင်းပေါက်တွေကို ဖွင့်ထားရတာကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ဒီလိုဖွင့်ထားရင် အိမ်ထဲ၊ ဒါမှမဟုတ် ကားထဲကို ပန်းဝတ်မှုန်တွေ အလုံးအရင်းနဲ့ ဝင်လာနိုင်ပါတယ်။ ပြတင်းပေါက် တွေဖွင့်ထားမယ့်အစား လေအေးစက်ဖွင့်ထားပါ။ လေစစ်ဆန်ခါကိုလည်း ပုံမှန်လဲပေးပါ။ Filter တွေဟာ လေထဲမှာပါလာတဲ့ ပန်းဝတ်မှုန်တွေကို စစ်ထုတ်ပေးပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းမှုကိုဂရုစိုက်ပါ
အပြင်ကပြန်လာတဲ့အခါမှာ သင့်ရဲ့အရေပြားတွေမှာ ပါးလွှာတဲ့ပန်းဝတ်မှုန်တွေ ကပ်ငြိပါရှိလာနိုင်ပါတယ်။ အထူးသဖြင့် မျက်နှာနဲ့လက်တွေမှာ ကပ်ငြိလာနိုင်တဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပြီး ဆေးကြောခြင်းအားဖြင့် ဓာတ်မတည့်တဲ့လက္ခဏာတွေကို လျော့နည်းစေပါတယ်။ သင့်ရဲ့ခြေတွေ၊လက်တွေက အဝတ်အစားတွေနဲ့ ဖုံးအုပ်ထားတဲ့အပိုင်းမဖြစ်ခဲ့ရင် ရေချိုးလိုက်တာ အကောင်းဆုံးပါပဲ။
တစ်ခါသုံးမျက်ကပ်မှန်တွေကိုသုံးပါ
ပန်းဝတ်မှုန်တွေဟာ စိုစွတ်တဲ့မျက်နှာပြင်တွေဖြစ်တဲ့ မျက်လုံး၊မျက်ကပ်မှန်၊နှာခေါင်းနဲ့ လည်ချောင်းတစ်ရှူးတွေကို အလွယ်တကူကပ်ငြိနေနိုင်ပါတယ်။ သင့်ရဲ့မျက်ကပ်မှန်တွေကို မကြာခဏဆေးပေးခြင်းဟာ ကပ်တွယ်နိုင်တဲ့ ပန်းဝတ်မှုန်ပမာဏကို လျှော့ချပေးနိုင်ပေမဲ့ အကောင်းဆုံးနည်းလမ်းကတော့ မျက်ကပ်မှန်အသစ်ကို လဲလှယ်တပ်ပေးခြင်းဖြစ်ပါတယ်။ ပန်းဝတ်မှုန်ပမာဏများနေတဲ့အချိန်မှာ ပြန်သုံးလို့ရတဲ့မျက်ကပ်မှန်တွေ သုံးတာထက် တစ်ခါသုံးမျက်ကပ်မှန်တွေ သုံးတာဟာ ရောဂါလက္ခဏာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။
မျက်လုံးတွေကိုမကြာခဏဆေးကြောပါ
မျက်ရည်အဖြစ်အသုံးပြုတဲ့အရည်တွေဟာ မျက်လုံးတစ်ရှူးတွေကနေ ပန်းဝတ်မှုန်တွေကို ဆေးကြောဖို့ ကူညီနိုင်ပါတယ်။ ဆေးဆိုင်မှာ ဝယ်လို့ရတဲ့ ဆလိုင်းအမည်ခံတံဆိပ်အမျိုးမျိုးနဲ့ အရည်တွေကို ဝယ်ယူနိုင်ပါတယ်။
မျက်လုံးတွေကို လက်နဲ့မပွတ်ပါနဲ့
မျက်လုံးယားတဲ့အခါ လက်နဲ့ပွတ်တာလောက်ဆိုးတာမရှိပါဘူး။ ဒီလိုပွတ်တာဟာ မျက်လုံးဓာတ်မတည့်မှု ဝေဒနာတွေကိုပိုဆိုးစေတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါဘာကြောင့်လဲဆိုတော့ ပန်းဝတ်မှုန်ထိတွေတဲ့နေရာတွေကို ခန္ဓာကိုယ်ခုခံရေးစနစ်က Mast Cell တွေထုတ်ပေးလိုက်ပါတယ်။ ဒီဆဲလ်တွေထဲမှာ Histamine လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေပါဝင်ပြီး ပန်းဝတ်မှုန်တွေကိုဖျက်စီးဖို့နဲ့ တခြား Mast Cellတွေကို ဆွဲဆောင်ဖို့ဖြစ်ပါတယ်။ မျက်လုံးကို ပွတ်လိုက်ရင် ဒီ Mast Cellတွေ ပျက်စီးသွားပြီး Histamine နဲ့တခြားယား ယံစေတဲ့ပစ္စည်းတွေ ထွက်လာစေပါတယ်။ ဒါကြောင့်မျက်လုံးယားရင် မျက်ရည်အဖြစ်သုံးတဲ့အရည်၊ ဒါမှမဟုတ် Anti-Histamine မျက်စဉ်းတွေသုံးပြီး ဆေးကြောတာပိုကောင်းပါတယ်။
ဆေးဆိုင်မှာ အလွယ်တကူဝယ်လို၊ရတဲ့ဆေးတွေသုံးပါ
Anti-Histamineတွေဟာ သောက်ဆေးအဖြစ်နဲ့ ပါနှစ်မျိုးစလုံးသုံးနိုင်ပါတယ်။ မျက်လုံးဓာတ်မတည့်တာ တစ်ခုတည်းဆိုရင်တော့ AntiHistamine မျက်စဉ်းခတ်ပါ။ မျက်လုံးတစ်ဖက်စီခတ်ပေးခြင်းဖြင့် ရောဂါလက္ခဏာတွေကို ၁၂နာရီလောက်ကြာအောင်သက်သာစေပါတယ်။ နှာခေါင်း၊လည်ချောင်းတွေပါယားယံလာရင်တော့ သောက်ဆေးပါသုံးရပါမယ်။ ဆေးမသောက်ခင် ဆေးညွှန်းတွေကိုသေချာဖတ်ပါ။ ဘေးထွက်ဆိုးကျိုးတွေ၊ ခေါင်းမူးတာမျိုးရှိနိုင်ပါတယ်။ ဆရာဝန်က သင်နဲ့သင့်လျော်မယ့်ဆေးကို ညွှန်ကြားပါလိမ့်မယ်။
လိုအပ်ရင်ဆရာဝန်ညွှန်ကြားတဲ့ဆေးကိုသောက်ပါ
ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရနိုင်တဲ့ ဆေးဝါးတွေနဲ့ မသက်သာတဲ့၊ ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေအတွက် ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကို သောက်ရပါမယ်။ အဲဒီဆေးဝါးတွေထဲမှာ ဆေးဝါးတွေ၊ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးနိုင်တဲ့ဆေးတွေ ပါပါ တယ်။
မျက်စိရောဂါကုဆရာဝန်နဲ့ပြသပါ
အနည်းဆုံးတစ်နှစ် နှစ်ကြိမ်မျက်စိဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုခံယူဖို့လိုအပ်ပါတယ်။ ဓာတ်မတည့်မှုဖြစ်တဲ့ရာသီကို တစ်နှစ်တစ်ကြိမ် မျက်စိစစ်ဆေးဖို့လအဖြစ် သတိရပြီးမျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်။