အဆုတ်ဆိုတာဟာ အသက်ရှူလမ်းကြောင်းစနစ်မှာပါတဲ့ အရေးကြီးဆုံး ကိုယ်တွင်းအင်္ဂါတစ်ခုပါ။ အောက်စီဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်တို့ အလဲအလှယ်ပြုလုပ်ရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ အဆုတ်ကို အလွယ်တကူ ထိခိုက်မှုမရှိအောင် နံရိုးတွေက ကာကွယ်ပေးထားပါတယ်။ သို့သော်ယခုခေတ်တွင် ကျွန်တော်တို့ နေ့စဉ် နေထိုင် စားသောက်မှုပုံစံ(Lifestyle) မမှန်ကန်မှု၊ ပတ်ဝန်းကျင်မသန့်ရှင်းမှု၊ လေထုညစ်ညမ်းလာမှု၊ စတာတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေကာ အဆုတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့်မို့ အဆုတ်အားကောင်းအောင် အဆုတ်သန့်အောင် လုပ်သင့်တဲ့ နည်းလမ်းလေးတချို့ကို ရေးပြချင်ပါတယ်။ အဆုတ်အားကောင်းအောင်ကတော့ အဓိက က ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ရမယ်။ ကိုယ်တိုင်လည်း ဆေးလိပ်မသောက်တာ အပြင် ဆေးလိပ်သောက်နေတဲ့သူတွေနားမှာ မနေမိဖို့လည်း လိုတယ်။ အမြဲတမ်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားရမယ်။ ဟင်းသီးဟင်းရွက် အသား ငါး မျှတအောင် စားရမယ်။
အိပ်ရေး၀၀ အိပ်ဖို့လည်း လိုပါတယ်။ ပုံမှန်လေ့ကျင့်ခန်းတွေလည်း လုပ်သင့်တယ်။ မနက်စောစောအိပ်ရာထ လမ်းလျှောက်ပြီး လေကောင်းလေသန့် ရတဲ့နေရာမှာ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်သင့်တယ်။ အသက်ရှူလ့ကျင့်ခန်း လုပ်ပုံလုပ်နည်းကတော့ ဦးစွာ ခြေထောက်နှစ်ခု အနည်းငယ် ကားထားပြီး မတ်တက်ရပ်အနေအထားဖြင့် ရပ်ပေးပါ ။ ထို့နောက် ခြေဖနောင့်တွေကို အနည်းငယ်ကြွထားပြီး လက်နှစ်ဖက်ကို အပေါ်သို့ လွဲမြှောက်လိုက်ပါ။ လက်တွေအပေါ်မြှောက်တာနဲ့ တပြိုင်တည်း အသက်ကို ခပ်ပြင်းပြင်း နှာခေါင်းဖြင့် ရှူသွင်းလိုက်ပါ။ ထို့နောက် ကြွထားသောဖနောင့်နဲ့ မြှောက်ထားသောလက်ကိုပြန်ချလိုက်ပါ။ ပြန်ချတဲ့အချိန်မှာပဲ ရှူသွင်းထားသောလေကို ခပ်ပြင်းပြင်း ပြန်ရှူထုတ်လိုက်ပါ။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး ကိုယ်လက်လှုပ်ရှားမှု (ဥပမာ လမ်းလျှောက်ခြင်း)ပါ လုပ်ပေးရင် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ ဖြစ်နိုင်ရင်တော့ ဆေးလိပ်ငွေ့ ကင်းရှင်းပြီး လေကောင်းလေသန့်ရတဲ့ နေရာမှာ နေထိုင်နိုင်ရင် ပိုကောင်းတယ်။
ရေကူးတာ၊ တောင်တက်တာ၊ ပင်လယ်ကမ်းခြေသွားပြီး အသက်ရှူ လေ့ကျင့်ခန်းလုပ်တာတွေဟာ အဆုတ်အားကောင်းစေပါတယ်။ သို့သော် တကူးတက အဲ့ဒါတွေမလုပ်နိုင်လည်း ကိစ္စမရှိပါဘူး။ လူထူထပ်မှု ကားထူထပ်မှုနည်းတဲ့အချိန် မနက်စောစောမှာ တစ်ပတ်ငါးရက်လောက် လမ်းလျှောက်ပေးရုံနဲ့လည်း အဆုတ်ကို ကျန်းမာအားကောင်းစေပါတယ်။
အသက်ရှူလမ်းကြောင်းစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် နာနတ်သီး၊ နာနတ်ဖျော်ရည် စတဲ့အသီးအနှံတွေလည်း စားသောက်ပေးသင့်ပါတယ်။
Author : Dr. 528