“ထောပတ်သီးစားခြင်းဖြင့်ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ တခြားသစ်သီးတွေလိုပဲ အမျှင်ဓါတ်ပါများတဲ့အတွက် ဝမ်းချုပ်ခြင်းကို မဖြစ်စေဘဲ ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်မှုကို လျှော့ချပေးပါတယ်။ ဦးနှောက်နဲ့မျက်စိ ကျန်းမာဖို့ရာလည်း အထောက်အကူပြုပါတယ်။”
ထောပတ်သီးကို အင်္ဂလိပ်လို Avocado လို့ခေါ်ပါတယ်။ ထောပတ်သီးရဲ့ ပုံသဏ္ဍာန်က သစ်တော်သီးပုံ၊ ဘဲဥပုံလို ရှည်မျောမျောနဲ့လုံးဝိုင်းတဲ့ ပုံစံရှိပြီး အသီးရဲ့အပေါ်ခွံက မိချောင်းကျောကုန်းလို ကြမ်းလို့ Alligator Pear လို့လည်း နောက်အမည်တစ်မျိုး ခေါ်ကြပါသေးတယ်။
ဒီလိုအခွံကကြမ်းလို့ ထောပတ်သီးစားရင် အသီးကိုဓားနဲ့ ထက်ခြမ်းအရင်ခွဲပြီး အထဲကအစေ့ကို ထုတ်ကာ အသားကိုဇွန်းနဲ့ခြစ်ယူပြီး ဒီအတိုင်းစားကြသလို သကြားနို့ဆီကြိုက်တဲ့သူက သကြား၊ နို့ဆီနဲ့ရောခလောက်ပြီး စားကြပါတယ်။
သစ်သီးအများစုမှာ ကာဗိုဟိုက်ဒရိတ်အတန်အသင့်နဲ့ အမျှင်ဓါတ်၊ ဗီတာမင်နဲ့ညသတ္တုဓာတ်စတာတွေ ကြွယ်ဝစွာပါပေမယ့် ပရို တင်းနဲ့ အဆီဓာတ် ကြွယ်ဝစွာပါတဲ့ အသီးတွေကတော့ ရှားပါတယ်။
ထောပတ်သီးမှာတော့ တခြားသစ်သီးတွေလိုမျိုး အမျှင်ဓါတ်တွေ၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါတဲ့အပြင် ထူးထူးခြားခြား အဆီဓာတ်ကြွယ်ဝပါတယ်။
အဆီဓာတ်ကြွယ်ဝပေမယ့် ထောပတ်သီးမှာပါတဲ့ အဆီဓာတ်အများစုဟာ ကျန်းမာရေးကို မထိခိုက်စေဘဲ ကောင်းကျိုးပြုနိုင်တဲ့ မပြည့်ဝဆီ (Unsaturated Fat) အမျိုးအစား ဖြစ်ပါတယ်။ ဒါ့ပြင် ထောပတ်သီးမှာ ပိုတက်ဆီယမ်ဓာတ်ကလည်း ကြွယ်ဝများပြားစွာ ပါဝင်ပါတယ်။ သုတေသနတစ်ခုကဆိုရင် ထောပတ်သီး မှာ ပါတဲ့ ပိုတက်ဆီယမ်ဓါတ်ပမာဏာဟာ ငှက်ပျောသီးမှာပါတာထက်တောင်များပါတယ်လို့ဆိုပါတယ်။
ထောပတ်သီးစားခြင်းဖြင့်ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ တခြားသစ်သီးတွေလိုပဲ အမျှင်ဓါတ်ပါများတဲ့အတွက် ဝမ်းချုပ်ခြင်းကို မဖြစ်စေဘဲ ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်မှုကို လျှော့ချပေးပါတယ်။ ဦးနှောက်နဲ့မျက်စိ ကျန်းမာဖို့ရာလည်း အထောက်အကူပြုပါတယ်။
ဒါတွေအပြင် ထောပတ်သီးဟာ အမျိုးသားများကျန်းမာရေးအတွက်လည်း အထောက်အကူပြုသလို ကလေးလိုချင်တဲ့အမျိုးသမီးတွေအတွက် ကလေးရဖို့ကိုလည်း အထောက်အကူပြုပါတယ်။ သူ့မှာ ပိုတက်ဆီယမ်ထက်ကြွယ်ဝစွာပါတဲ့အတွက် သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။
ထောပတ်သီးမှာ ကြွယ်ဝစွာပါဝင်တဲ့အဆီဓါတ်ကလည်း အရေပြားစိုပြေလှပမှုအတွက် အထောက်အကူပြုရုံမက ဆံပင်ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပေးပါတယ်။ ထောပတ်သီးက အဆီဓာတ်ကြွယ်ဝများပြားစွာပါတဲ့အတွက် အဆီကျစေဖို့အတွက် မသင့်တော်ဘူးလို့ထင်နေရင် မှားသွားပါလိမ့်မယ်။
ထောပတ်သီးထဲက အဆီဓာတ်အများစုဟာ ကျန်းမာရေးအတွက် သင့်တော်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးထားတော့ ခဏခဏဗိုက်ဆာတာမျိုးကို မဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ ထောပတ်သီးကို တစ်ဝက်လောက်ပဲစားရင်ကို ဗိုက်သိပ်မဆာတော့လို့ အခြားအဆီများတဲ့ အစားအစာတွေ စားတာ လျော့နည်းသွားနိင်ပါတယ်။
ဝိတ်ချချင်ပေမဲ့ ခဏခဏဗိုက်ဆာတတ်တဲ့သူတွေဆိုရင် ထောပတ်သီးစားပေးသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။