ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံလူနေမှုဘဝနှင့်ကျန်းမာရေးဆိုင်ရာ အခြေခံ အချက် အလက်စစ်တမ်း (၂၀၁၅-၂၀၁၆) ပင်မအစီရင်ခံစာ ထုတ်ပြန်ဆွေးနွေးပွဲကို မတ်လ(၂၃)ရက်က နေပြည် တော်ရှိ Horizon Lake View Hotel မှာ ကျင်းပခဲ့ပါတယ်။
ကျန်းမာရေးစစ်တမ်း ကောက်ယူချက်တွေအရ အိမ်ထောင်စုအခြေအနေတွေနဲ့ အိမ်ထောင်စုလူဦးရေ၊ ဖြေဆိုသူရဲ့ နောက်ခံအချက်အလက်၊ အိမ်ထောင် ပြုခြင်းနှင့် လိင်မှုဆိုင်ရာကိစ္စရပ်များ၊ မွေးဖွားနှုန်း၊ မွေးဖွားခြင်းအတွက် သား၊ သမီးဦးစားပေးရယူလိုခြင်းများ၊ မိခင်နှင့်ကလေးသေဆုံးမှုအစရှိသော အရေးကြီးသည့် လူဦးရေဆိုင်ရာအကြောင်းအရာများ၊ မျိုးဆက်ပွား ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်နှင့်မိခင်ကျန်းမာရေး၊ ကလေးကျန်မာရေးနှင့် အာဟာရအခြေအနေ၊ ငှက်ဖျား ရောဂါ၊ HIV/AIDS နှင့် ပတ်သက်သည့် အသိပညာဗဟုသုတတို့အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာအကြောင်းအရာများ၊ အမျိုးသမီးများ၏အခန်းကဏ္ဍ၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းဆိုင်ရာကိစ္စရပ်များကဲ့သို့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပါတယ်။
အညွှန်းကိန်းအများစုကိုလည်း မြို့ပေါ်နှင့် ကျေးလက်ဒေသ၊ ပြည်နယ်၊ တိုင်း ဒေသကြီးစာတတ်မြောက်မှုအခြေအနေ၊ ကြွယ်ဝမှုအခြေအနေတွေအလိုက်တွက်ချက်ထားတာဖြစ်တဲ့ အတွက် ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို အသေးစိတ်သိရှိနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာအခြေခံအချက်အလက် စစ်တမ်းကောက်ယူရာတွင် USAID၊ 3MDGs တို့ရဲ့ ရန်ပုံငွေအကူအညီနဲ့ ICF International မှ နည်းပညာအကူအညီရယူ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအစီရင်ခံစာနဲ့ ပတ်သက်လို့ Topical seminar တွေကိုလည်းဆက်လက် ကျင်းပ သွားမှာဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်တွေမှာလည်း Dissemination Workshop တွေကို လာမယ့်မေလ အတွင်း ကျင်းပသွားမှာဖြစ်ပါတယ်။ အခုစစ်တမ်းကို ငါးနှစ်တစ်ကြိမ်ပြုလုပ်လေ့ရှိပြီး DHS စစ်တမ်းကောက်ယူခဲ့တဲ့နိုင်ငံအများစုနဲ့လည်း နှိုင်းယှဉ်အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။