မတ် ၃၀ ရက်ရဲ့ နေ့အပူချိန်တွေဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင် ပြည် နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး (အထက် ပိုင်း) တွေမှာ 25°C မှ 32°C၊ ကျန်ဒေသတွေမှာ 33°C မှ 40°C အထိရှိပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အပူဒဏ်အန္တရာယ်ကာ ကွယ်ရေးနှိုးဆော်ချက်တွေကို နှစ်စဉ် မတ်လဒုတိယပတ်မှစ၍ ထုတ်ပြန်ကြေညာပြီး အပူဒဏ် အန္တရာယ်အတွက် ကြိုတင်ကာကွယ် နေထိုင်နိုင်ရန် နှိုးဆော်ထားပါတယ်။
အပူဒဏ်ကြောင့် မိတ်နဲ့ ယားဖုတွေ ထွက်လာ၊ ပင်ပန်းနွမ်းနယ်တာ၊ မူးဝေတာ၊ ခေါင်းကိုက် တာ၊ ကြွက်တက်တာ၊ ချွေးခြောက်တာ၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်တာဖြစ်တတ်တဲ့ အပြင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။ အပူအန္တရာယ်ခံစား ရတဲ့လူနာတွေအတွက် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းတဲ့နေရာတွင် ထားရှိတာ၊ ရေနဲ့ ဓာတ်ဆားရည်သောက်သုံးတာ၊ ကိုယ်ခန္ဓာအပူချိန်အမြန်ကျရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား နှစ် ဖက်၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးဖတ်တိုက်ပေးတာတွေကို အရင်ဆောင်ရွက်ပေးဖို့ လိုအပ် တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် လူအများတွင် အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) အန္တရာယ်ရှိလာပါက ကုသပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေး ဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြည်သူ့ဆေးရုံအားလုံးတွင် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့ဆေးရုံပေါင်း ၈၃ ရုံ ခန့်ရှိပြီး ဗဟိုအဆင့်ဆေးရုံ ၁၈ ရုံ၊ တိုင်း ဒေသကြီးအဆင့် ဆေးရုံ ၂၈ ရုံနှင့် တိုက်နယ်ဆေးရုံ ၃၇ ရုံတွင် ပြင်ဆင်မှုများ ပြုလုပ်ထားတယ်လို့ သိရပါတယ်။