၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၉ ရက်အတွင်းက နိုင်ငံတော်ရဲ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့ရာမှာ ဖြစ်ပေါ်လာတဲ့ အစီအစဉ်အရ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်အယောက်တစ်ရာကို တရုတ်နိုင်ငံက အခမဲ့ကူညီခွဲစိတ်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေး ကျန်းမာရေးစောင့်ရှောက်မှုအရ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးက မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်အယောက်တစ်ရာအနက်မှ အယောက်ငါးဆယ်ကို ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ခွဲစိတ်ပေးသွားမှာ ဖြစ်ပါတယ်။
အဆိုပါ ခွဲစိတ်ကုသမှုပေးနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၊ မတ် ၂၈ ရက်ကနေ ၃၁ ရက်အထိ ရန်ကင်းကလေးဆေးရုံကြီး၌ ရောဂါရှာဖွေစမ်းသပ်စစ်ဆေးမှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် ၅၀ ဦးကို ဧပြီလမှာ ပေကျင်းမြို့ရှိ An Zhen ဆေးရုံကြီးမှာ ခွဲစိတ်ကုသပေးသွားမည်ဖြစ်တယ်လို့ ဆိုပါတယ်။ ရွေးချယ်ခဲ့တဲ့ဝေဒနာရှင်ကလေးငယ်တွေနဲ့ မိဘတွေကိုတော့ ရန်ကင်းကလေးဆေးရုံကြီးက ဆရာဝန်အဖွဲ့သုံးဖွဲ့ခွဲကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်ကုသမှာဖြစ်ပြီး ခွဲစိတ်ကုသစရိတ်၊ ခရီးသွားလာနေထိုင်စရိတ်တွေကို တရုတ်နိုင်ငံက အစစအရာရာ အကုန်အကျခံကာ ခွဲစိတ်ကုသပေးသွားမှာဖြစ်ပါတယ်။