အပြိုင်အဆိုင်များလွန်းတဲ့ယနေ့ခေတ်မှာ စိတ်ဖိစီးမှုအနည်းနဲ့အများ လူတိုင်းမှာရှိပါတယ်။ စိတ်ဖိစီးမှု များခြင်းဟာ သွေးဖိအားကို များစေပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ စိတ်ကျရောဂါတွေကို ဖြစ်စေပါတယ်။ ဒါ့ပြင် စိတ်ဖိစီးမှု များနေချိန်မှာ အမှားများစွာ ပြုလုပ်နိုင်ပါတယ်။
၁။ စိတ်ဖိစီးမှုများနေချိန်မှာ ကားမောင်းမယ်၊ ဆိုင်ကယ်စီးမယ်ဆို သတိထားပါ။ စိတ်လှုပ်ရှားနေတဲ့အတွက် အာရုံစူးစိုက်မှုမရှိတဲ့အတွက် ယာဥ်တိုက်မှုဖြစ်နိုင်ပါတယ်။
၂။ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို လျှော့ပါ။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေဟာ နှလုံးခုန်နှုန်းကို မြန်စေရုံသာမက စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။ စိတ်သောကရောက်နေချိန်မှာ ချိန်ဆသောက်ပါ။
၃။ စိတ်ဖိစီးမှုများနေချိန် အလုပ်ထဲမှာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချပါနဲ့။ စိတ်ခံစားမှုကြောင့် ဆုံးဖြတ်ချက် အမှားမျိုး ချမိတတ်ပါတယ်။
၄။ တစ်ယောက်တည်း အချိန်ကုန်ခြင်းမျိုးကို ရှောင်ရှားရပါမယ်။ မိမိခံစားနေရတဲ့ပြဿနာတွေကို သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု၀င်တွေကို ပြောပြခြင်းဖြင့် ဖိအားတွေကို လျော့ကျစေပါမယ်။ မိသားစု၀င်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက တွေ့ဆုံရန် ချိန်းဆိုမှုတွေရှိပါကလည်း မပျက်မကွက် တက်ရောက်သင့်ပါတယ်။ လိုအပ်ပါက ချစ်ခင်သူတွေနဲ့ ခရီးအတူထွက်ကာ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
၅။ အရက်သောက်ခြင်းကို ရှောင်ကြဥ်ရမယ်။ အရက်သောက်တာဟာ တဒင်္ဂစိတ်ဖိစီးမှုတွေ၊ စိတ်ညစ်မှုတွေကို ပြေပျောက်နိုင်တယ်လို့ ယူဆနိုင်ပေမဲ့ အရက်သောက်နေချိန်မှာ ဆုံးဖြတ်ချက်အမှားတွေ ချမိကာ နောင်တရနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်ခြင်းဟာ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ မပေးနိုင်ပါ။
၆။ စိတ်ဖိစီးမှုများတယ်လို့ဆိုကာ ညလုံးပေါက် TV ထိုင်ကြည့်ခြင်း၊ Social Media တွေအလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဥ်ရပါမယ်။ ကောင်းစွာအိပ်စက်အနားယူခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ပေးရုံသာမက ဦးနှောက်ကို ကြည်လင်စေပါတယ်။
၇။ စိတ်ဖိစီးမှုများခြင်းကြောင့်လို့ဆိုကာ လိင်အပျော်အပါးလိုက်စားခြင်းကို ရှောင်ကြဥ်ပါ။ မရှောင်နိုင်ပါက ကွန်ဒုံး အသုံးပြုပါ။
၈။ တစ်ကိုယ်တည်း အိမ်ထဲမှာအချိန်ဖြုန်းခြင်းမျိုး ရှောင်ရှားပါ။ စိတ်ဖိစီးနေချိန် နေရောင်အောက်မှာလေ့ကျင့်ခန်းလုပ်ခြင်း၊ ယောဂကျင့်ခြင်း စတဲ့ကိုယ်လက်လှုပ်ရှားမှုမျိုးကို လုပ်ဆောင်ပေးသင့်ပါတယ်။
၉။ စိတ်ဖိစီးမှုများလျှင် အစားစားချင်စိတ်ကို လှုံ့ဆော်ပါတယ်။ အစားအသောက် အလွန်အကျွံစားသုံးခြင်းဟာ အ၀လွန်ခြင်း၊သွေးတွင်းကိုလက်စထရောများခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေများတာကြောင့် အစားအသောက်တွေ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ရှားပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ပုံမှန် စားသောက်ပါ။
ဒါ့ပြင် တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်း၊ မိမိ၀ါသနာပါသော အလုပ်တွေ လုပ်ခြင်း၊ ခရီးထွက်ခြင်း၊ အိပ်စက်အနားယူခြင်းနဲ့ မိတ်ဆွေတွေနဲ့အချိန်ဖြုန်းကာ စိတ်ဖိစီးမှုကိုဖယ်ရှားပြီး ပျော်ရွှင်ကျန်းမာတဲ့ဘ၀ကို တည်ဆောက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။
Author: Dr. Aye Chan Moe