fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

စိတ်ကျန်းမာရေး အလေးပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကျန်းမာခြင်း (Health) ဆိုသည် ရောဂါဝေဒနာ ကင်းရှင်း၍ ကိုယ်အင်္ဂါ ချွတ်ယွင်းမှု မရှိရုံမျှမက ကိုယ်ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊ စိတ်ချမ်းသာမှု ရှိခြင်း၊ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှု၊ အဆင်ပြေကောင်းမွန်ခြင်း စသည်တို့ဖြစ်သည်ဟု သတ်မှတ်ထားသည် ။ ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခ တို့ဖြင့် ပြည့်စုံနေမှသာ ကျန်းမာခြင်း အဓိပ္ပာယ်ပြည့်စုံပေမည်။

စိတ်နှင့်ကျန်းမာရေး။ စိတ်၏လှုပ်ရှားမှုနှင့် ခန္ဓာကိုယ်၏တုံ့ပြန်မှု တို့ဆက်စပ်နေသည်။ စိတ်ပျို ကိုယ်နုဆိုသော စကားနှင့်အညီ ကျန်းမာခြင်း၊ ခွန်အားသန်စွမ်းခြင်း၊ နုပျိုလန်းဆန်းခြင်း စသည်တို့သည် စိတ်၏လန်းဆန်းပျော်ရွှင်မှု၊ အပူအပင်သောကကင်းမှု၊ စိတ်တည်ငြိမ်မှု စသည်တို့ အပေါ်မှာ မူတည်သည်။
စိတ်ကြောင့်ခန္ဓာကိုယ်မှာ ဖြစ်သောရောဂါများ။ စိတ်လှုပ်ရှားမှု ဖြစ်စဉ်ကြောင့် ကိုယ်ခန္ဓာ၏ လုပ်ငန်းဆောင်တာ အဝဝတွင် ချွတ်ယွင်းလာခြင်း ရှိကြောင်း (၁၉၃၆) ကတည်းက ဆေးပညာရှင်များ သိရှိလက်ခံထားကြပါသည်။

စိတ်ညစ်ညူးခြင်း၊ စိုးရိမ်ပူပင်သောက လွန်ကဲခြင်း၊ စိတ်လှုပ်ရှားမှု ပြင်းထန်ခြင်း၊ ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း စသည်တို့ကြောင့် ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်းဆောင်တာများ ချွတ်ယွင်းပြီး ဝေဒနာအစုံစုံ၊ ရောဂါအဖုံဖုံ တို့ဖြစ်လာစေသည်။

အိပ်မပျော်ခြင်း၊ မောပန်းလွယ်ခြင်း၊ အသက်ရှူ မဝခြင်း၊ လည်ပင်းနင်ခြင်း၊ မူးဝေခြင်း၊ နှလုံးတုန် ရင်ခုန်ခြင်း၊ ဇက်ကြောထိုး၊ နောက်ကြောတက်ခြင်း၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း၊ ကြို့ထိုးခြင်း၊ ခန္ဓာကိုယ်အနှံ့ ကြွက်တက်ခြင်း၊ နာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ တစ်ကိုယ်လုံး ယားယံခြင်း၊ အင်ပျဉ်များထခြင်း၊ ပန်းနာရင်ကျပ် ရောဂါထခြင်း၊ အမြဲထိတ်လန့် ကြောက်ရွံ့တတ်ခြင်း၊ အဆုတ်နာရောဂါ ပိုဆိုးခြင်း၊ အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ်ခြင်း၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ တို့ဖြစ်ခြင်း၊ ရုတ်တရက် လေဖြတ်ခြင်း၊ သွေးလန့်သတိလစ်ခြင်း၊ မေ့မြောခြင်း စသည့်ရောဂါ ဝေဒနာလက္ခဏာ အမျိုးမျိုး ဖြစ်စေနိုင်သည်။

ဇက်ကြောထိုး၊ နောက်ကြောတက်၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း တို့၏ (၈၅%) သည် ခန္ဓာကိုယ်ရောဂါကြောင့် မဟုတ် စိတ်ကြောင့် ဖြစ်သည်။ စိတ်လှုပ်ရှားမှု ပူပင်သောကရောက်မှု လွန်ကဲလျှင် စိတ်ကြောင့် ဦးနှောက်အတွင်းအပြင် သွေးကြောများ ဖောင်းပွလာပြီး ခေါင်းကိုက်ခြင်း ခံစားရလေ့ရှိသည်။

စိတ်ကြောင့် အူသိမ်ကြွက်သားများ ကျုံ့၍ ခေတ္တတင်းကျပ်နေသည့်အခါ အူသိမ်အထက်ပိုင်း၊ အစာအိမ်အတွင်း၌ လေ၊ ရေနှင့် အစာတို့ စုပြုံနေလို့ အစာအိမ်ဖောင်းပွကာ ရင်ပြည့်ရင်ကယ်ဖြစ် လေပွ၍ မအီမသာ ခံစားရလေ့ရှိသည်။ တစ်ဖန် စိတ်ကြောင့်ကြမှု ဖြစ်ပေါ်နေသောအခါ အစာအိမ်နံရံအတွင်းမှ အစာခြေအရည်သည် သာမန်အချိန်ထက်ပိုထွက်၍ အချဉ်အက်ဆစ်ဓာတ် လွန်ကဲကာ အစာအိမ်နံရံတွင် အနာဖြစ်ပြီး လေထိုးလေအောင့်၊ အစာအိမ်ရောဂါ ရစေသည်။

စိတ်ပူပင်သောက ထိတ်လန့်စိုးရွံ့မှု များလွန်းလျှင် စိတ်ပူပင်လွန် ဥပါဒါန်ရောဂါ (Anxiety Neurosis) ဟုခေါ်သည့် စိတ်ရောဂါ တစ်မျိုးကို ရစေနိုင်သည်။
အရေပြားရောဂါ၏ (၃၀%) ခန့်မှာ စိတ်ကြောင့်ဖြစ်ကြောင်း အမေရိကန်သုတေသန ပြုချက်များအရ သိရသည်။ အရေပြားအလွှာ အောက်ရှိသွေးကြောငယ်များသည် စိတ်လှုပ်ရှားမှု အမျိုးမျိုးနှင့် တွေ့ကြုံရသောအခါတိုင်း ကျုံ့လိုက်၊ ပွလိုက် ဖြစ်တတ်ကြ၏။ ယင်းကဲ့သို့ ဖြစ်သောအခါ သွေးအတွင်းမှ အရည်ကြည်များ၊ သွေးကြောငယ်တို့၏ အပြင်ဘက် အရေပြားအတွင်းသို့ စိမ့်ထွက်လာကြသည်။ ၎င်းမှ ကြိမ်ဖန်များလာသောအခါ အရည်များ စုစည်းများပြားလာပြီးလျှင် အရေပြားအပေါ်ယံအလွှာထိ စိမ့်ထွက်လာကြသည်။ ဤသို့ဖြင့် အရည်တရွှဲရွှဲ ဖြစ်ခြင်း၊ ယားယံခြင်း စသည့် အရေပြားရောဂါ ဖြစ်သည်။

စိတ်ကြောင့် အမျိုးသမီးများတွင် ကလေးပျက်ကျခြင်း၊ ဓမ္မတာ မမှန်ခြင်း ဖြစ်နိုင်သည်။ အမျိုးသား (၉၀%) ပန်းသေပန်းညှိုးခြင်းမှာ ရောဂါကြောင့် မဟုတ်ပဲ အခြေအမြစ်မရှိ၊ လိင်ကိစ္စ စိုးရွံ့ခြင်းကြောင့် ဖြစ်သည်။

စိတ်ဝေဒနာ ဖြစ်ပွားရခြင်း အကြောင်းရင်းများ။ အဓိကဖြစ်ရသော အကြောင်းရင်း (၃) ရပ်မှာ (၁) မျိုးရိုးဗီဇ (၂) ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ (၃) စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ဖြစ်ကြသည်။

အချို့သော စိတ်ရောဂါများသည် မျိုးရိုးလိုက်တတ်သည်။ သို့ရာတွင် စိတ်ရောဂါရှိသူ အားလုံး၏ ခြောက်ပုံတစ်ပုံသာ မျိုးရိုးလိုက်ပြီး ရောဂါဖြစ်သည်။ မျိုးရိုးဗီဇ ပျော့ညံ့သူတို့တွင် ပတ်ဝန်းကျင်၏ လှုံ့ဆော်ရိုက်ခတ်မှု ဒဏ်ကို မခံနိုင်၍ စိတ်ရောဂါ ဖြစ်ပေါ်လေ့ရှိသည်။ စိတ်ထိခိုက်လျှင် ရုပ် (ခန္ဓာ) ကိုယ်လည်း ထိခိုက် ရောဂါရသည်။

(၁) ငှက်ဖျားရောဂါ၊ တိုက်ဖွိုက်အူရောင်ငန်းဖျားရောဂါ၊ အဆုတ်အအေးမိခြင်း၊ တီဘီအဆုတ်နာရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဦးနှောက်ရောင်ခြင်း စသည့်ပြင်းထန်သော ဖျားနာခြင်းအမျိုးမျိုး
(၂) ဦးနှောက်ကင်ဆာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသည်းရောင်ရောဂါ၊ ပြင်းထန်သော ကျောက်ကပ်ရောဂါ တို့အမျိုးမျိုး
(၃) ကာလသားရောဂါ ဆစ်ဖလစ်တတိယအဆင့်တွင် ကာလသားရောဂါပိုး (Syphilis) ပိုးဦးနှောက်ထဲ ရောက်ရှိခြင်း
(၄) အနည်းနည်းဖြင့် ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း၊ လက်ဝှေ့ထိုးခြင်း၊ ဘောလုံးကစားခြင်း
(၅) ကလေးများ မကြာခဏ အပြင်းဖျား၍ တက်ခြင်းကြောင့် ဦးနှောက်ကို ထိခိုက်ခြင်း
(၆) အဆိပ်အတောက်၊ ဥပမာ- ခဲ၊ အာဆင်းနစ်နှင့် အခြားသတ္ထုများကြောင့် အဆိပ်သင့်ခြင်း
(၇) အရက်စွဲလန်း၍ ဦးနှောက်ရှိ နာ့ဗ်ဆဲလ်များ ပျက်စီးလာခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးစွဲခြင်း
(၈) စိတ်ထိခိုက်ခံစားရလွန်းသော အကြောင်းအရာများကြောင့်လည်း စိတ်ရောဂါ အမျိုးမျိုး ဖြစ်လာနိုင်သည်။

စိတ်ဝေဒနာ လက္ခဏာများ။ စိတ်ရောဂါဝေဒနာရှင်တစ်ဦး အနေဖြင့် မိမိတွင် စိတ်ရောဂါ စွဲကပ်နေသည်ဟု များသောအားဖြင့် မသိချေ။ ယင်းကဲ့သို့ စိတ်ဝေဒနာ လက္ခဏာ တို့အနက် များသောအားဖြင့် လက္ခဏာများ ဖြစ်ပွားလေ့ရှိသည်။

စိတ်ဝေဒနာခံစားရသူများသည် သတိ၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ စဉ်းစားဉာဏ်၊ ကိုယ်ရည်ကိုယ်သွေး စသည်တို့ လျော့နည်းလာလေ့ရှိ၏။ ကိုယ်နှုတ်အမူရာ အနေထိုင် အမျိုးမျိုး ပြောင်းလဲနေတက်သည်။ အချို့ဂနာမငြိမ်၊ အမြဲလှုပ်ရှားနေတတ်၍ အချို့မှာ စကားလုံးဝ မပြောပဲ မလှုပ်မရှားနေသည်။
အချို့အမှန်တကယ် မဟုတ်ပဲ တစုံတခုက မိမိကို အမြဲတမ်း လွှမ်းမိုးချုပ်ချယ်နေသည် ဆိုသည်။ အယူအဆ အတွေးအခေါ်များလည်း မှားယွင်းနှေးကွေးလာပြီး စကားပြောဆိုရာတွင် မူမမှန်ခြင်း၊ အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ ပြုလုပ်တတ်ခြင်း တို့ဖြစ်သည်။ မရှိသည့်အရာကို အရှိထင်၊ မဟုတ်သည်ကို အဟုတ်ထင်၍ သူတစ်ပါးက ရှင်းလင်းပြသ၍လည်း နားမဝင်တတ်ပါ။

ငိုလိုက် ရယ်လိုက်ဖြစ်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်း၊ အမြဲတမ်းတွေဝေ ငေးမောခြင်း၊ စိတ်ညစ်ခြင်း ရှိသည်။ အာရုံခံစားမှုနှင့် ပတ်သက်လျှင်လည်း ချွတ်ယွင်းလာလေ့ရှိသည်။ အလိုလိုနေရင်း အမျိုးမျိုးသော အသံကြားခြင်း၊ မရှိသည်မြင်ခြင်း၊ မရှိသောအနံ့၊ ရရှိကာ တကယ်ရှိတဲ့အနံ့၊ အသံ၊ ကွဲလွဲခြင်း၊ ကြိုးတစ်ချောင်းကို မြွေဟု ထင်မြင်ခြင်းတို့ ဖြစ်တတ်ပါသည်။

စိတ်ရောဂါဝေဒနာများမှ ကင်းဝေးစေရန် အနာသိလျှင် ဆေးရှိပါသည်။ ရောဂါရှိလျှင် မိသားစုဆရာဝန်နှင့် ပြသသင့်ပါသည်။ မိမိတွင် စိတ်ရောဂါ ဖြစ်ပွားသည့် မျိုးရိုးရှိလျှင် အိမ်ထောင်ဖက် ရွေးချယ်ရာတွင် စိတ်ရောဂါမျိုးရိုး မရှိသူကိုသာ ရွေးချယ်သင့်သည်။ စိတ်ရောဂါမျိုးရိုး ရှိသူ အချင်းချင်း အိမ်ထောင်ပြုပါက မွေးဖွားမည့် သားသမီးများ ဖြစ်ဖို့များသည်။

ခန္ဓာကိုယ်ရောဂါ အမျိုးမျိုးကြောင့် စိတ်ဝေဒနာ မဖြစ်ရရန် တတ်နိုင်သမျှ ဆင်ခြင်ကာကွယ်ရပါမည်။ ယင်းရောဂါများ ဖြစ်မည်ဟု သံသယရှိပါကလည်း ဆောလျင်စွာ မှန်ကန်ထိရောက်သော ဆေးကုသမှု ခံယူထားရပေမည်။ ကာလသားရောဂါကြောင့် စိတ်ရောဂါ မဖြစ်စေရစေရန် မကောင်းသော မိန်းမတွေ ဝေးဝေးက ရှောင်ကြဉ်၊ မဆင်ခြင်နိုင်ပါက အစွပ် (condom) သုံးသင့်ပါသည်။ သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်း များလှသဖြင့် သွေးမတိုးစေရန် အစားအသောက် ဆင်ခြင်သင့်လှပါသည်။ ကလေးအပြင်းဖျားလျှင် ဦးခေါင်းကို ရေခဲတင်ပေးခြင်း၊ ရေစိုဝတ်နဲ့ ရေပတ်တိုက်ပေးခြင်း၊ ရေချိုးချခြင်း၊ စသည်တို့ ပြုလုပ်ရန် လိုအပ်လှပေသည်။ ဦးခေါင်းမထိခိုက်ရန် လိုသည်။

မူးယစ်ဆေးဝါး၊ စိတ်ကြွဆေး၊ အရက်တို့ကို စွဲလန်းသည်အထိ မသောက်သင့်ပါ။ အိပ်ဆေးမသုံးသင့်ပါ။ စိတ်နှလုံးအေးချမ်းပြီး ပူပင်သောကကင်းသောသူများ၊ စိတ်ဓာတ်ရင့်ကျက် ခိုင်မာသူတွင် စိတ်ရောဂါ ဖြစ်လေ့မရှိပါ။ အရာရာတွင် စိုးရိမ်စိတ်လွန်ကဲသူ၊ အစွဲအလမ်းကြီးသူ၊ ဒေါသထွက်လွန်းသူ၊ စိတ်အပြောင်းအလဲ ကြီးသူ၊ ဒေါသထွက် စိတ်ဓာတ်မရင့်ကျက်သူများ စိတ်ရောဂါ ဝေဒနာများ ဖြစ်လေ့ရှိပါသည်။

စိတ်ဝေဒနာ တစ်ခုခုဖြစ်ပေါ် ခံစားနေရသည်ဟု သံသယဖြစ်လျှင် လူတစ်ဦးတစ်ယောက်တွင် စိတ်ရောဂါ ဝေဒနာများ ခံစားနေရလျှင် မိသားစုဆရာဝန်နှင့် ပြသသင့်သည်။ လိုအပ်ပါက စိတ်ရောဂါကု ဆရာဝန်များနှင့် ကုသပေးသင့်သည်။ လူတို့အနေဖြင့် မိမိမျှော်မှန်းချက်အတိုင်း ဖြစ်မြောက်အောင်မြင်လာစေရန် ကြိုးစားရာတွင် နည်းမှန်လမ်းမှန်နှင့် အကောင်းဆုံး ချဉ်းကပ်လုပ်ကိုင်သင့်ပါသည်။ အကောင်းဆုံး မျှော်လင့်သလို အဆိုးဆုံးလည်း ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားသင့်သည်။ ဘာသာတရား တစ်ခုခု လက်ကိုင်ပြုထားသင့်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့ တရားရှုမှတ်ခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားနားထောင်သင့်ပါသည်။

Author : Dr.လွင်သန့်

ဆက်စပ် ဆောင်းပါးများ