၉လလွယ် ၁၀လဖွားလို့ ဆိုကြသလို ရင်သွေးငယ်တစ်ယောက်ကို မွေးဖွားရတာ မလွယ်ကူလှပါဘူး။ ကိုယ်ဝန်လွယ်ထားရတဲ့ မိခင်ခမျာမှာလည်း သူ့ဗိုက်လေးကို အရိပ်တကြည့်ကြည့်နဲ့နေရသလို မွေးလာတော့လည်း အကောင်းလေးမှဟုတ်ပါ့မလားဆိုပြီး စိုးရိမ်ရပြန်တယ်။ မွေးဖွားပြီးတော့လည်း ရောဂါအမျိုးမျိုးရန်က ကာကွယ်ဖို့တာဝန်ယူရပြန်တယ်။ ဒီလောက်တာဝန်တွေများတဲ့ မိခင်တွေကို ဒုက္ခပေးတတ်တဲ့ ရောဂါတစ်မျိုးလည်း ရှိသေးသဗျ။ ဒါကတော့ စိတ်ဓာတ်ကျတဲ့ရောဂါပါ။
ထပ်ခွဲပြီးပြောရရင် စိတ်ဓာတ်ကျတဲ့အထဲမှာမှ Baby blues လို့ခေါ်တဲ့ရောဂါ၊ Postpartum depression or PPD လို့ခေါ်တဲ့ ကလေးမွေးပြီးဖြစ်တဲ့ စိတ်ကျရောဂါ၊ Postpartum psychosis လို့ခေါ်တဲ့ ကလေးမွေးပြီးဖြစ်တဲ့ စိတ်ရောဂါ ဆိုပြီး သုံးမျိုးခွဲခြားနိုင်တယ်။
Baby blues လို့ခေါ်တဲ့ရောဂါက အတွေ့အများဆုံးပဲ၊ ကလေးမွေးပြီးပြီးချင်းပဲဖြစ်လေ့ရှိတယ်။ လက္ခဏာတွေကတော့ စိတ်အပြောင်းအလဲမြန်မယ်( ကလေးကိုကြည့်ပြီး အခုပျော်လိုက် အခုဝမ်းနည်းလိုက်ဖြစ်နေတာမျိုး)၊ ဘာအကြောင်းအရင်းမှမယ်မယ်ရရမရှိပဲ ငိုမယ်၊ ဒေါသထွက်လွယ်၊ စိတ်တိုလွယ်မယ်၊ တစ်ယောက်တည်းအထီးကျန်သလိုခံစားရမယ်။
ဒီရောဂါက သုံးမျိုးထဲမှာ အသက်သာဆုံးလို့ခေါ်ရမယ်။ တစ်ခါတစ်လေ နာရီအနည်းငယ်အတွင်းပျောက်သွားလေ့ရှိသလို တစ်ချို့ကျတော့လည်း ၂ ပတ်လောက်အထိကြာတတ်တာမျိုးရှိတယ်။ သိပ်လည်း ရောဂါလက္ခဏာမဆိုးတာကြောင့် ကုသမှုလည်း မလိုအပ်ပါဘူး။ ကိုယ့်မိသားစု၊ ကိုယ့်လင်ယောင်္ကျားက နားလည်ဖေးမပြီး နွေးနွေးထွေးထွေးနှစ်သိမ့်လိုက်ရင် အဆင်ပြေသွားမှာပါ။
Postpartum depression(PPD) လို့ခေါ်တဲ့ စိတ်ကျရောဂါကျအခြေအနေတစ်မျိုး၊ မွေးပြီးရက်အနည်းငယ်ကနေ လပိုင်းလောက်အထိကြာတတ်တယ်။ လက္ခဏာတွေက အပေါ်က baby blues နဲ့ဆင်တူပေမဲ့ သူကနည်းနည်းပိုပြင်းထန်တယ်။ ပြောရရင် မိခင်ရဲ့ ပုံမှန်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတောင် အနှောင့်အယှက်ပေးနိုင်တယ်။ ဒါ့ကြောင့် ကိုယ့်ဇနီးမယား၊ သမီးမှာ ဒီလိုရောဂါမျိုးရှိတယ်လို့ထင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။ အချိန်မှီမပြသရင် ရောဂါပိုဆိုးလာနိုင်ပါတယ်။
Postpartum psychosis၊ သူကတော့ဒီသုံးမျိုးထဲမှာ အဆိုးဆုံးလို့ပြောလို့ရတယ်။ စိတ်ရောဂါအဆင့်ထိရောက်သွားတာဖြစ်လို့ ကုသမှုခံယူဖို့လိုကို လိုအပ်တယ်။ အများအားဖြင့် အသက်ငယ်ငယ်လေးနဲ့ ကလေးမွေးထားရတဲ့ မိခင်တွေခံစားရလေ့ရှိတယ်။ အများအားဖြင့် မွေးပြီး၃လအတွင်းမှာ ခံစားရလေ့ရှိတယ်။ လက္ခဏာတွေအနေနဲ့ဆိုလည်း ထင်ယောင်ထင်မှား၊ ဂယောင်ခြောက်ခြားဖြစ်တာ၊ တကယ်မရှိတဲ့အရာတွေကို တကယ်ထင်နေတာ၊ မြင်နေတာ၊ ညဖက်တွေဆိုအိပ်မပျော်တာ၊ အရမ်းစိတ်ဆိုးဒေါသထွက်လွယ်တာ စတဲ့လက္ခဏာတွေပါဝင်တယ်။ ဒါ့ကြောင့် ဒီလိုမျိုးတွေကြုံတွေ့လာရပြီဆို စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်နဲ့ တိုင်ကို တိုင်ပင်သင့်တယ်။
ကံကောင်းတဲ့အချက်က ဒီစိတ်ရောဂါသုံးခုစလုံးက ကုသလို့ရနေပါတယ်။ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တာ၊ လိုအပ်တဲ့ ဆေးဝါးတွေညွှန်ကြားပေးတာကို လိုက်နာရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ ရောဂါတစ်ခုခုနဲ့ တစ်ခုမတူသလို ကုသပုံလည်း အနည်းငယ်ပြောင်းလဲသွားမယ်။ တချို့ကျလည်း ဆရာဝန်နဲ့ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်လိုက်တာ၊ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေလိုက်တာနဲ့ သက်သာသွားတာမျိုးလည်း ရှိပါတယ်။ နို့တိုက်မိခင်တွေလည်း ဆရာဝန်ညွှန်ကြားတဲ့ဆေးကို သောက်သုံးရပါမယ်။
ဒီလိုကလေးမီးဖွားပြီးစိတ်ကျရောဂါတွေဖြစ်ရတဲ့အကြောင်းအရင်းတိတိကျကျကိုတော့ အခုထိသေချာဘယ်သူမှမသိသေးပေမဲ့ ကလေးမီးဖွားပြီးခန္ဓာကိုယ်ထဲက ဟော်မုန်းဓာတ်ကျဆင်းသွားတာနဲ့ ဆက်စပ်မှုတော့ ရှိမယ်လို့ဆိုကြတယ်။ ဒါပေမဲ့ ရောဂါဖြစ်လွယ်တဲ့ အချက်တွေတော့ရှိတယ်။ အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျပြီးကလေးမွေးရတာ၊ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အမျိုးသားရဲ့ ဖေးမမှုကောင်းကောင်းမရခဲ့တာ၊ ကိုယ်ဝန်က မိမိမလိုချင်တဲ့ကိုယ်ဝန်မျိုးဖြစ်နေတာ၊ ကလေးအများကြီးမွေးထားတဲ့အမျိုးသမီးတွေ၊ အရင်ကလည်း စိတ်ကျဝေဒနာခံစားရဖူးသူတွေ၊ ကိုယ်ဝန်ရှိပေမဲ့ ကိုယ့်မိသားစုပတ်ဝန်းကျင်က နွေးနွေးထွေးထွေးဆက်ဆံတာ မခံရသူတွေ စတဲ့သူအကြောင်းအချက်တွေရှိနေရင် စိတ်ဓာတ်ကျတာမျိုးပိုဖြစ်နိုင်ချေရှိပါတယ်။
ဒါ့ကြောင့်ကိုယ်ကိုယ်တိုင်လည်း ပြန်ဆန်းစစ်ဖို့လိုတယ်။ ကိုယ်က အပေါ်က အုပ်စုထဲပါနေသလား။ ပါနေရင် ရောဂါပိုဖြစ်နိုင်ချေရှိတယ်။ မပါတဲ့သူတွေလည်း ဖြစ်နိုင်ချေနည်းနည်းတော့ရှိသေးတယ်။ ကိုယ့်စိတ်ကို ကြိုတင်ပြင်ဆင်မှုလုပ်ထားရင် အနည်းနဲ့ အများတော့ ကာကွယ်ပြီးသားဖြစ်တာပေါ့။
ဒါဆိုဘယ်လိုနေထိုင်ကြမလဲ ??
ကိုယ့်အနားမှာ မိသားစုဝင်တွေ၊ လင်ယောင်္ကျားပါရှိနေရင်တော့ အကောင်းဆုံးပေါ့။ သူတို့ကို ကိုယ်ဘယ်လိုခံစားနေရသလဲဆိုတာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြောပြပါ။ ကိုယ့်ရဲ့ စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေကို ပွင့်လင်းစွာမျှဝေလိုက်ပါ။ ဒါဆိုသူတို့အတွက်လည်း နားလည်ပေးရတာပိုလွယ်ကူသွားမယ်။
စိတ်ညစ်ပြီး တစ်ယောက်တည်းနေတာက ပြဿနာကို မဖြေရှင်းပေးပဲပိုဆိုးစေပါတယ်။ ကလေးကငယ်သေးတဲ့အချိန်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့ အိပ်ချိန်များများလိုအပ်သလို မိခင်လည်း ကောင်းကောင်းအနားယူဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်သေးချိန်မှာ နို့တိုက်ပြီးကလေးနဲ့အတူလိုက်အိပ်ပါ။ အာဟာရဖြစ်စေမဲ့ အစားအစာတွေစားသောက်ပါ။ ကော်ဖီတွေ၊ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေရှောင်ပါ။ ဒီလိုပုံစံမျိုးတွေနဲ့ နေထိုင်ရင် မီးဖွားပြီးစိတ်ဓာတ်ကျတဲ့ ဝေဒနာကို အတိုင်းအတာတစ်ခုထိတော့ လျှော့ချပေးမှာပါ။
ဒါဆို အပေါ်ကလိုနေရင်းလည်း မသက်သာဘူးဆိုရင်ရော။ မသက်သာဘူး၊ လက္ခဏာတွေပြနေတာ ၂ ပတ်ကျော်နေပြီ၊ ကိုယ့်ပုံမှန်လုပ်ငန်းဆောင်တာတွေတောင် ထိခိုက်လာပြီး မလုပ်နိုင်တော့ဘူး။ ဘာလုပ်လုပ် ဘာမြင်မြင် စိတ်တိုစရာ၊ စိတ်ဓာတ်ကျစရာတွေချည်းတွေးနေတယ်။ ကိုယိကိုယ်တိုင်သော်လည်းကောင်း ကိုယ့်ကလေးကိုသော်လည်းကောင်း အန္တရာယ်ရှိမဲ့ အပြုအမူတွေလုပ်ဖို့ စဉ်းစားနေတယ်။ တစ်နေ့လုံးလည်း တောင်တွေးမြောက်တွေးဖြစ်ပြီး အကြောင်းမဲ့ ထိတ်လန့်ကြောက်လန့်နေတယ် စတဲ့အခြေအနေတွေဖြစ်လာပြီဆိုရင်တော့ ဆရာဝန်ဆီသွားပြီးအကြံဉာဏ်ရယူသင့်ပါပြီ။ အချိန်မှီပြသမှသာ မိခင်ရော ကလေးရောအတွက်မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။
အချုပ်ပြောရရင် အစတကည်းက ကလေးတစ်ယောက်မွေးရတာ ခက်ခဲလှပါတယ်ဆိုမှ မိခင်တွေကို ဒီစိတ်ဓာတ်ကျရောဂါက အပိုဆောင်းပြီး နှိပ်စက်လေ့ရှိပါတယ်။ ခေတ်သစ်ဆေးပညာတွေကြောင့် ပျောက်ကင်းအောင်တော့ ကုသလို့ရနေပါပြီ။ သို့ပေမဲ့အချိန်မှီသိရှိဖို့တော့လိုအပ်ပါတယ်။ သိပ်အန္တရာယ်မပေးနိုင်တဲ့ baby blues လိုမဟုတ်ပဲ စိတ်ရောဂါရဲ့ အစောပိုင်းလက္ခဏာတွေဖြစ်နေရင်တော့ ဆရာဝန်ဆီတိုင်ပင်ပြီးကုသမှသာ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ ပြောကြားရင် နိဂုံးချုပ်လိုက်ရပါတယ် ခင်ဗျာ။ စာအဆုံးထိပြီးအောင်ဖတ်ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်။
Author : Dr. Wayne