ကိုယ်ဝန်ဆောင်နှင့် အာထရာဆောင်းရိုက်ခြင်းအကြောင်း အပိုင်း(၁)
အာထရာဆောင်းကို တီဗွီဓါတ်မှန်လို့ပဲ အရပ်ထဲမှာ အသိများကြပါတယ်။
အာထရာဆောင်းရိုက်တဲ့အခါ ဗိုက်ပေါ်ကို ဂျယ်လိုမျိုး စေးပျစ်ပျစ်အရည်ကြည် အရင်သုတ်လိမ်းပါတယ်။ ပြီးမှ စက်နဲ့တွဲထားတဲ့ လေးထောင့်အပြားပုံစံရှိတဲ့ အရာဝတ္ထုလေးနဲ့ထောက်ကာ ပေါ်လာတဲ့ပုံရိပ်ကို ဖန်သားပြင်ပေါ်မှာ ကြည့်ပါတယ်။ ဒီလိုမျိုး ရိုက်ရင်းနဲ့ တခါတည်း ကြည့်လို့ရလို့ တီဗွီဓါတ်မှန်လို့ ခေါ်ကြတာ ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ဆီက ကိုယ်ဝန်ဆောင်အများစုက အာထရာဆောင်းကို ဗိုက်ထဲက ကလေး ယောက်ျားလေးလား၊ မိန်းကလေးလား သိဖို့ရိုက်တယ်ပဲထင်ကြသလို တချို့ကျတော့လည်း အာထရာဆောင်းရိုက်ရင် ဓါတ်ရောင်ခြည် အန္တရာယ်ရှိနိုင်တယ်လို့ ထင်မြင်ယူဆကြပါသေးတယ်။ ဒါကြောင့် ဒီတပတ် အာထရာဆောင်း အကြောင်းကို သိသလောက် ရေးသားတင်ပြလိုက်ရပါတယ်။
အာထရာဆောင်းရိုက်ခြင်းကို ဆေးပညာအရ Ultrasonography (USG) လို့ခေါ်ပါတယ်။ ဓါတ်မှန် (X ray) လိုမျိုး ဓါတ်ရောင်ခြည်ကို သုံးတာမဟုတ်ဘဲ လူတွေရဲ့နားနဲ့ မကြားနိုင်တဲ့ ကြိမ်နှုန်းမြင့် အသံလှိုင်း (High frequency sound waves) တွေကို အသုံးပြုပြီး ပုံရိပ်ဖော်တဲ့ နည်းပညာဖြစ်လို့ ဓါတ်ရောင်ခြည် အန္တရာယ် လုံးဝမရှိပါဘူး။
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါရိုက်ရိုက် ဓါတ်မှန်လိုမျိုး ဓါတ်ရောင်ခြည် ဘေးထွက်ဆိုးကျိုးမရှိဘဲ ရိုက်လို့ရပါတယ်။ ဗိုက်ပေါ်ကို ထောက်တဲ့ စက်နဲ့တွဲထားတဲ့ အရာလေးကို Transducer သို့မဟုတ် Hand Held device လို့ ခေါ်ပါတယ်။ ထိုအရာလေးကနေ လူသားတွေရဲ့နားနဲ့မကြားနိုင်တဲ့ ကြိမ်နှုန်းမြင့်အသံလှိုင်းတွေကို လွှင့်ထုတ်ပါတယ်။
ထိုလွှင့်ထုတ်လိုက်တဲ့ ကြိမ်နှုန်းမြင့် အသံလှိုင်းတွေက ဗိုက်ထဲမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါပစ္စည်းတွေနဲ့ထိမိပြီး ပဲ့တင်သံ (Echo) ပြန်ပါတယ်။ အဲ့ပြန်လာတဲ့ ပဲ့တင်သံတွေကို transducer or Hand held device ကပဲဖမ်းယူပြီး စက်မှာပုံရိပ်အဖြစ် ပြန်ပြောင်းပါတယ်။ အဲ့ပုံရိပ်တွေကိုကြည့်ခြင်းဖြင့် ဗိုက်ထဲက ကိုယ်တွင်းအင်္ဂါတွေ (သားအိမ်၊ ဆီးအိမ်၊ ကျောက်ကပ်၊ အသည်းစတာတွေ) ရဲ့ အခြေအနေကို ဆုံးဖြတ်တာပါ။
အာထရာဆောင်းရိုက်ခါနီးကျ ရေဝအောင်သောက်ခိုင်းရတဲ့ အကြောင်းကတော့ ဒီလိုပါ။ အာထရာဆောင်းရိုက်ရင် အများအားဖြင့် တလက်စတည်း ဗိုက်ထဲကအင်္ဂါတွေကို စုံအောင်ကြည့်ပါတယ်။ ဆီးအိမ် ဆီးကြိတ်၊ သားအိမ်တို့ရဲ့ အခြေအနေကို စက်မှာကောင်းစွာမြင်ရဖို့က ဆီးအိမ်တင်းနေဖို့ လိုပါတယ်။ ဒါကြောင့် ဆီးအိမ်တင်းအောင် ရေအဝ သောက်ခိုင်းတာပါ။
အသည်းကောင်း မကောင်းတခုပဲ ကွက်သိချင်လို့ ရိုက်မယ်ဆိုရင်တော့ ရေသောက်စရာမလိုပါဘူး။ ဗိုက်ပေါ်ဂျယ်လိမ်းတာကတော့ အသံလှိုင်းလွှင့်ထုတ်မှုနဲ့ ပဲ့တင်သံဖမ်းယူရာမှာ ပိုကောင်းအောင်လို့ပါ။
ကဲ ဒီလောက်ဆိုရင်တော့ အာထရာဆောင်းရဲ့အလုပ်လုပ်ပုံနဲ့ ရိုက်ခါနီးမှာရေအဝသောက်ရတဲ့အကြောင်း အကြမ်းအားဖြင့်နားလည်လောက်ပြီထင်ပါတယ်။
နားလည်ပြီဆိုရင် အပိုင်း(၂) မှာ ဆီးစစ်တော့ နှစ်ကြောင်းပေါ်ပေမယ့် အာထရာဆောင်း ရိုက်ကြည့်တော့ ဘာလို့ဘာမှမတွေ့တာလဲ။ ကိုယ်ဝန်ဆောင်စဉ် အာထရာဆောင်း ရိုက်ခြင်းဖြင့် ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ။ ကိုယ်ဝန်ဆောင်စဉ်မှာ အနည်းဆုံး ဘယ်နှစ်ကြိမ်ရိုက်သင့်လဲ ဘာကြောင့်လဲဆိုတာတွေကို ဆက်ပြောပြပါမယ်။
Author : Dr. 528