အဖြူဆင်းခြင်းနှင့် အမျိုးသမီးကျန်းမာရေး
အမျိုးသမီးတဦး၏ ဘဝတလျောက် အဖြူဆင်းခြင်း ပြဿနာများကို ရံဖန်ရံခါ ဖြစ်ပေါ်ခံစားရလေ့ရှိသည်။ တခါတရံ အဖြူဆင်းရာတွင် ယားယံခြင်း၊ အချိန်ကြာမြင့်စွာ အဖြူဆင်းတတ်ခြင်းနှင့် ခန္ဓာကိုယ် နုံးချိခြင်းစသည်တို့နှင့်အတူ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဂဏာမငြိမ်ဖြစ်ခြင်းစသည့် လက္ခဏာများကိုလည်း ခံစားရတတ်သည်။
မိန်းမကိုယ်တွင် သဘာဝအတိုင်း အရည်အကျိအချွဲများ ရှိနေပြီး မိန်းမကိုယ် စိုစွတ်နေစေရန်နှင့် ချောမွေ့စေရန် ပြုလုပ်ပေးသည်။ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါ အရည်အကျိအချွဲများ များလာခြင်းကို အဖြူဆင်းခြင်းဟုခေါ်သည်။
အဖြူဆင်းခြင်းသည် အမျိုးသမီးတဦး၏ အသက်အရွယ်ကိုလိုက်၍ ကြုံတွေ့ ရတတ်သော ပြသနာတရပ်ဖြစ်သည်။ အထူးသဖြင့် လစဉ် မျိုးဥမကြွေမီရက်များတွင် သားအိမ်ခေါင်းမှ ပုံမှန်ထက် ပိုသောအကျိအချွဲများ ထွက်သဖြင့် အဖြူဆင်းခြင်းကို ကြုံတွေ့ရလေ့ရှိသည်။ အဆိုပါ အဖြူဆင်းခြင်းကို ဆယ်ကျော်သက်အရွယ် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားနိုင်ကာ အခြားမည်သည့်လက္ခဏာမျှ ခံစားရခြင်းမရှိပဲ ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားနိုင်သည်။
သို့သော် အဖြူဆင်းရာတွင် အနံ့နံခြင်း၊ ယားယံခြင်းနှင့် ပူခြင်းကဲ့သို့သော လက္ခဏာများကိုပါ တွဲ၍ ခံစားရလျှင် ရောဂါကြောင့်ဖြစ်သော အဖြူဆင်းခြင်းမျိုး ဖြစ်နိုင်ပြီး အဆိုပါ အဖြူဆင်းခြင်းမျိုးသည် ထိရောက်သော ကုသမှု ခံယူရန်လိုနိုင်သဖြင့် အမျိုးသမီးများအနေနှင့် အဖြူဆင်းခြင်းနှင့် ပတ်သတ်သော သိသင့်သည်များ သိရှိထားရန်လိုသည်။
အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရာများ
– ဟော်မုန်းများပြောင်းလဲခြင်းကြောင့်ဖြစ်သော အဖြူဆင်းခြင်း
– လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများ (ဥပမာ၊ ဆီးပူညောင်းကျရောဂါ)
– PID ခေါ် အမျိုးသမီးမီးယပ်ရောဂါများ
– မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်ခြင်း (ဥပမာ၊ မှိုရောဂါ)
– သားအိမ်ခေါင်းပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်း
– ကိုယ်ဝန်ဆောင်ချိန်အဖြူဆင်းခြင်း
– ဆေးဝါးများကြောင့်ဖြစ်သော အဖြူဆင်းခြင်း (ဥပမာ – ပဋိဇီဝပိုးသတ်ဆေးများ)
– အမျိုးသမီး မီးယပ်ဆိုင်ရာ ကင်ဆာများ(မျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ)
အဖြူဆင်းခြင်းပုံစံအမျိုးမျိုး
(၁) အဖြူရောင်အရည်များဆင်းခြင်း
ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော အဖြူဆင်းခြင်းမျိုးဖြစ်နိုင်ပြီး တခါတရံ ရေကဲ့သို့ ကြည်လင်ကာ အများအပြား ဆင်းတတ်သည်။ လေ့ကျင့်ခန်းလုပ်သူများနှင့် စိတ်ဖိစီးမှု များသူများတွင် ပိုမိုတွေ့ရတတ်သည်။
(၂) ဖြူပျစ်ပျစ်အရည်များဆင်းခြင်း
မှိူကြောင့်ဖြစ်သော အဖြူဆင်းခြင်းမျိုးဖြစ်နိုင်ကာ ယားယံခြင်းကို တွဲ၍ ခံစားရနိုင်သည်။
(၃) အဝါရောင်(သို့)အညိုရောင်ရှိသော အဖြူဆင်းခြင်း
ရောဂါပိုးကြောင့်ဖြစ်သော အဖြူဆင်းခြင်းမျိုးဖြစ်ပြီး ကုသရန်လိုနိုင်သည်။ တခါတရံ ပူခြင်း၊ နာကျင်ခြင်းနှင့် အနံ့ဆိုးများကိုတွဲ၍ ခံစားရတတ်ပြီး အထူးသဖြင့် ကာလသားရောဂါများတွင် အဆိုပါ အဖြူဆင်းခြင်းမျိုးကို တွေ့ရသည်။
(၄) အဖြူဆင်းရာတွင် သွေးစများပါလာတတ်ခြင်း
ရာသီသွေးပေါ်ပြီးစနှင့် ကိုယ်ဝန်ဆောင်ကာစ ကာလများတွင် သွေးစများပါသော အဖြူဆင်းခြင်းများ ဖြစ်ပေါ်ခံစားရလေ့ရှိသည်။ ကိုယ်ဝန်မရအောင် တားထားခြင်း မရှိသည့် အိမ်ထောင်သည် အမျိုးသမီးများအနေနှင့် ရာသီပေါ်ချိန်တွင် ရာသီသွေး မဆင်းပဲ သွေးစများပါသည့် အဖြူဆင်းခြင်းမျိုးသာ ဖြစ်ပေါ်ပါက ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးသင့်သည်။
(၅) သွေးစများနှင့်အတူ အနံ့ဆိုးပါသော အဖြူဆင်းခြင်း
အသက်ကြီး အမျိုးသမီးများတွင်ဖြစ်လျှင် သားအိမ်ခေါင်း ရောင်ရမ်းခြင်းနှင့် သားအိမ်ခေါင်းကင်ဆာကဲ့သို့သော ရောဂါများကြောင့် အဖြူဆင်းခြင်းမျိုး ဖြစ်နိုင်ပြီး သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း ပြုလုပ်ရန်လိုသည်။
အဖြူဆင်းခြင်းကို စိုးရိမ်ရန်လိုသလား
အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရာများ များစွာရှိပြီး အချို့သော အဖြူဆင်းခြင်းများသည် အမြန်ဆုံးကုသမှုခံယူခြင်း မရှိပါက ရောဂါပိုမိုဆိုးလာကာ ကုသရန်ခက်ခဲခြင်းနှင့် သားသမီးမရနိုင်ခြင်းကဲ့သို့ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများ ခံစားရစေနိုင်သဖြင့် ပုံမှန်မဟုတ်သော အဖြူဆင်းခြင်း လက္ခဏာများ ခံစားရခြင်းရှိပါက ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြီး လိုအပ်သလို ကုသမှု ခံယူရန်လိုသည်။
ပုံမှန်မဟုတ်သော အဖြူဆင်းခြင်းများ
– ရောဂါ တခုခုကြောင့် ဆေးဝါးများ စွဲ၍သောက်သုံးနေရခြင်း၊
– ဆီးချိုရောဂါရှိခြင်း၊
– အဖြူဆင်းရာတွင် ပမာဏများလွန်းခြင်း၊
– ခန္ဓာကိုယ် နုံးချိနေခြင်း၊
– အဖြူပျစ်ပျစ်နှင့် ပမာဏများစွာဆင်းခြင်း၊
– အနံ့ဆိုးထွက်ခြင်း၊
– ယားယံခြင်း၊ နာကျင်ခြင်း၊ ပူခြင်း၊
– အညိုရောင် / အစိမ်းရောင် / အဝါရောင် စသည်ဖြင့် အရောင်များပါနေခြင်း စသည်တို့သည် ပုံမှန်မဟုတ်သော အဖြူဆင်းခြင်းမျိုးဖြစ်သည်။
ကိုယ်ဝန်ဆောင်ကာလတွင် အဖြူဆင်းခြင်းကို ရံဖန်ရံခါ ခံစားရနိုင်သော်လည်း အထက်ပါ ပုံမှန်မဟုတ်သော လက္ခဏာများ တွဲ၍ခံစားရလျှင် မိခင်ရော ကလေးပါ အန္တရာယ်ရှိနိုင်သည့်အတွက် ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြသ ကုသမှုခံယူရမည်။
Author : တင့်တယ်