အမျိုးသမီးများ သတိထားသင့်တဲ့ ရေအိတ်တည်ခြင်း
ရပ်ကွက်ထဲမှာ အပြောများကြတာက ရာသီမလာလို့ အာထရာဆောင်းသွားရိုက်တယ် သားဥအိမ်မှာ အလုံးရှိနေတယ်။ ရေအိတ်ရှိနေတယ် ရေအိတ်တည်နေတယ်ဆိုပြီး အပြောများပါတယ်။ တစ်ခါတစ်လေမှာ အာထရာဆောင်းရိုက်ရင်း ရေအိတ်တွေ့တာမျိုးလည်း ရှိတတ်ပါတယ်။ ရေအိတ်ဆိုတဲ့နေရာမှာ ပုံမှန်လည်း ရှိနိုင်ပါတယ်။ ပုံမှန်မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။
ရေအိတ်က ပုံမှန်ဖြစ်နိုင်လို့လားဆိုတာ မေးစရာဖြစ်လာပါတယ်။ ရေအိတ်က ပုံမှန်လည်း ဖြစ်နိုင်ပါတယ်။ မမျိုးဥ ကြွေတဲ့အခါမှာ မမျိုးဥကို ဆဲလ်တွေက ဝန်းရံပြီး ရေအိတ်လို ပုံစံမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုရေအိတ်တွေက ရောဂါ လက္ခဏာလည်း အရမ်းမပြတတ်သလို မမျိုးဥ ကြွေသွားတဲ့အခါမှာ အလိုလျှောက်ပျောက်ကွယ်သွားတတ်ပါတယ်။
နောက်တစ်မျိုးကတော့ ရောဂါကြောင့်ဖြစ်တဲ့ ရေအိတ်ပါ။ ရောဂါကြောင့် ဖြစ်တဲ့ရေအိတ်ကတော့ ရာသီလာတာနဲ့ အရမ်းဆက်စပ်မှု မရှိလှပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဖြစ်နိုင်သလို သွေးဆုံးသွားတဲ့အထိလည်း ဖြစ်နိုင်ချေ ရှိလို့နေပါသေးတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတော့ အဓိက က ဟော်မုန်းမမျှတာ ၊ သားအိမ်နံရံထူတဲ့ endometriosis ရောဂါတွေ၊ PCOS ရောဂါတွေရှိနေရင် ဖြစ်တတ်ပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ချေရှိပါတယ်။
ရောဂါလက္ခဏာတွေ အနေနဲ့တော့
• လေပွတယ်
• ဗိုက်နာ ဗိုက်အောင့် ဖြစ်တတ်တယ်
• ရာသီလာတဲ့အခါမှာ ဆီးစပ်တွေ နာကျင်ကိုက်ခဲမှု ဆိုးတယ်
• အမျိုးသားနဲ့ အတူနေချိန် နာကျင်ကိုက်ခဲခြင်း
• ခါးနာခြင်း
• ပေါင်များ ခြေထောက်များ ကိုက်ခဲခြင်း
• ရင်သားများ နာကျင်ခြင်း
• ပျို့အန်ခြင်း ဖြစ်တာတွေအပြင်
• ရာသီထိန်တာ ၊ မမှန်တာ၊
• လာရင် အရမ်းများတာ၊ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။
တကယ်လို့ ရေအိတ်ရဲ့ အရွယ်အစားက ကြီးလို့ရှိရင် လိမ်သွားတာ ရုတ်တရက် ပေါက်သွားတာမျိုးထိ ဖြစ်နိုင်ပါတယ်။ ပေါက်သွားတယ် လိမ်သွားတယ်ဆိုရင်တော့ ဝမ်းဗိုက်ပြင်းထန်စွာ အောင့်တာ၊ အဖျားတက်တာတွေအပြင် သွေးဆိပ်တက်တာမျိုးအထိ ဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ကလေးရဖို့ ခက်ခဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ရေအိတ် ရှိမရှိကို ဝမ်းဗိုက်ဓာတ်မှန် (အာထရာဆောင်း) ရိုက်ကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ တကယ်လို့ အရွယ်အစားက အရမ်းကြီးတယ်၊ မိဘမျိုးရိုးမှာလည်း ကင်ဆာဖြစ်ဖူးတာမျိုးရှိတယ်၊ အသက်အရွယ်အားဖြင့်လည်း ကြီးမှဖြစ်တယ်ဆိုရင် ရိုးရိုးရေအိတ်လား ကင်ဆာကြောင့်ဖြစ်တဲ့ ရေအိတ်လားဆိုတာ ကွဲကွဲပြားပြားသိအောင် သွေးစစ်တာမျိုး ၊ CT ရိုက်တာမျိုးလည်း ပြုလုပ်သင့်ပါတယ်။
ဘယ်လိုကုသလို့ရလဲဆိုရင် ခွဲစိတ်ကုသတာမျိုး လုပ်လို့ရပါတယ်။ ရောဂါလက္ခဏာတွေ လျော့ပါးသက်သာအောင် သောက်ဆေး ထိုးဆေးတွေကိုလည်း သောက်သုံးလို့ ရပါတယ်။ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုရင် ကာကွယ်ဖို့တော့ မရှိသေးပါဘူး။ ဒါကြောင့် ရေအိတ်ဖြစ်လာရင်လည်း ကြိုသိစေဖို့ မိမိမှာ မသင်္ကာစရာ လက္ခဏာတစ်ခုခု ရှိတာနဲ့ ဆရာဝန်တွေနဲ့ ပြသဆွေးနွေးဖို့ တိုက်တွန်းအပ်ပါတယ်။
Author : Dr. မေ