အမျိုးသမီးတစ်ယောက်ဟာ အပျိုဖော်ဝင်စ အချိန်ကတည်းက ကလေးရတဲ့အခါမှာ အဆင်သ့င်ဖြစ်စေဖို့ သားအိမ်က ပြင်ဆင်ထားတတ်ပါတယ်။ အလွန်ကို ဝတ္တရားကြေတဲ့ သားအိမ်လေးပါ။ မိန်းကလေး အများစုဟာ များသောအားဖြင့် အသက် ၈ နှစ်ကနေ ၁၅ နှစ်အတွင်းမှာ အပျိုဖော်ဝင်တတ်ကြပါတယ်။ အပျိုဖော် ဝင်ချိန်ကစပြီး သားဥအိမ်ကနေ မမျိုးဥ ကို အချိန်မှန်ထုတ်ပေးလေ့ရှိပါတယ်။ မမျိုးဥကို ထုတ်ပေးသလို မဟော်မုန်းတွေကိုလည်း ထုတ်လွှတ်ပေးပါတယ်။
ရာသီတစ်ခါလာပြီးတာနဲ့ မမျိုးဥလေးတွေ တဖြည်းဖြည်း ကြီးထွားလာပါတော့တယ်။ ကြီးထွားပြီး ကြွေကျလာတဲ့ မမျိုးဥလေးဟာ သုက်ပိုးနဲ့ တွေ့ပြီး သန္ဓေအောင်ရင် နေစရာ နေရာရှိအောင် သားအိမ်ကလည်း တဖြည်းဖြည်း နံရံလေးတွေကို ထူပေးထားပါတယ်။ ကြွေကျလာတဲ့ မမျိုးဥလေးက သုက်ပိုးနဲ့ မတွေ့တဲ့အခါမှာ ကြွေကျ ပျက်စီးသွားပါတော့တယ်။ မမျိုးဥလေး ကြွေကျသွားသလို တဖြည်းဖြည်း မဟော်မုန်း အီစတိုဂျင်လည်း ကျဆင်းလာပါတော့တယ်။ အဲဒီအခါမှာတော့ အမျှော်လင့်ကြီး မျှောင်လင့်ပြီး ပြင်ဆင်ထားတဲ့ သားအိမ်လေးဟာ သန္ဓေသားအတွက် ပြင်ဆင်ထားရတဲ့ နံရံတွေ တဖြည်းဖြည်း ကွာကျသွားပါတော့တယ်။ အဲလို ကွာကျတာကို ရာသီလာတာလို့ သိထားတာပါ။ တစ်ခါတစ်လေမှာ မမျိုးဥ မကြွေကျပေမယ့် သားအိမ်နံရံကတော့ အဆင်သင့်ဖြစ်အောင် အမြဲ ပြင်ဆင်ထားတတ်ပါတယ်။
ရာသီလာတာဟာ များသောအားဖြင့် တစ်ဦးနဲ့ တစ်ဦး ကွာခြားတတ်ပါတယ်။ တချို့သူတွေက ၂၈ ရက်နေရင် တစ်ခါ လာတတ်တယ်။ တချို့က ၂၁ ရက်နေရင် တစ်ခါ။ ၂၁ ရက်ကနေ ၄၅ ရက်ထိနေရင် တစ်ခါလာတာကို ပုံမှန်အထိ ယူဆလို့ ရပါတယ်။ ရာသီလာတဲ့အခါမှာ ဆင်းတဲ့ ပမာဏကလည်း တစ်ဦးနဲ့ တစ်ဦး မတူပါဘူး။ တချို့ကျ နည်းနည်းလေးလာတယ်။ တချို့ကျ အများကြီးဆင်းတယ်။ တစ်ခါတစ်လေမှာ လူတစ်ယောက်တည်းမှာတောင် အရင်က အများကြီးဆင်းပြီး နောက်ကျနည်းနည်းလေးဆင်းတာမျိုးတွေ ရှိပါသေးတယ်။ ဘယ်လောက်ဆင်းတယ်ဆိုတာ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ သွေးအားတွေ ရေဓာတ်တွေ အစားအသောက် အနေအထိုင်နဲ့လည်း သက်ဆိုင်ပါတယ်။ များသောအားဖြင့် အတုံးအခဲတွေ အများကြီးနဲ့ အကြီးကြီးတွေပါတယ် တစ်နေ့တည်းကို လစဉ်သုံး ပစ္စည်းတွေ အများကြီးလဲနေရတယ် ထမိန်တွေ အများကြီး လဲနေရတယ်ဆိုရင်တော့ ပုံမှန်မဟုတ်နိုင်ပါဘူး။
ရာသီလာတဲ့ ရက်ကလည်း အဲလိုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့က ၂ ရက်လောက်ပဲ ။ တချို့က ၃ ရက်။ များသောအားဖြင့် ၂ ရက်ကနေ ၇ ရက်လောက်ထိ ကြာတတ်ကြပါတယ်။ တကယ်လို့ ၁၀ ရက်ထက် ပိုကြာလာတယ် တစ်လထဲ ၂ ခါ ၃ ခါတွေ ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။
ရာသီလာပြီဆို ဘာတွေခံစားရနိုင်ပါသလဲ။ များသောအားဖြင့် ရာသီလာပြီဆို မိန်းကလေးတွေ နာကျင်ကိုက်ခဲတာ ၊ ခါးနာတာ ၊ ဗိုက်နာတာတွေ ဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်တာ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်တတ်တယ်။ ဝမ်းလျှောတတ်တယ်။ စိတ်တွေ တိုလွယ်နေတယ် ထိရှလွယ်နေတတ်တယ်။ အစားတွေလည်း အရမ်းစားတာမျိုးတွေ ဖြစ်တတ်တယ်။
တစ်ခုသတိထားရမှာက ပုံမှန်မှာလည်း ကိုက်ခဲတတ်ပေမယ့် အရမ်းကြီးကို နာကျင်ကိုက်ခဲတယ် အလုပ်အကိုင်ပျက်တယ်ဆိုလည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ပြီးတော့ တစ်လတစ်ခါ ပုံမှန်မလာတာမျိုးပေါ့။ အများဆုံးဖြစ်တတ်တာကတော့ စိတ်ဖိစီးမှု များတာ၊ ကိုယ်အလေးချိန် နည်းလွန်းများလွန်းတာ ၊ ဒါမှမဟုတ် ကိုယ်ဝန်ရှိနေတာ၊ ကလေးနို့တိုက်နေတာတွေကြောင့် ဖြစ်တတ်ပါတယ်။ သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေနဲ့ တခြားရောဂါတွေမှာ ရာသီထိန်တာတွေ ရှိတတ်ပါတယ်။
ဒီလောက်ဆို မိမိသားအိမ်လေးက နေကောင်းနေလား နေမကောင်းဘူးလားဆိုတာ အနည်းအကျဉ်း ခွဲခြားတတ်ပြီ ထင်ပါတယ်။
Author : Dr. မေ