ကလေးငယ်များ ခေါင်းချွေးထွက်ခြင်းအကြောင်း
ကလေးငယ်လေးတွေမှာ ခေါင်းချွေးတွေထွက်ရင် ကလေးတခုခုများဖြစ်လို့လားဆိုပြီး မိဘအတော်များများက စိုးရိမ်ပူပန်တတ်ကြပါတယ်။
ခုမှ အမေ၊အဖေ စဖြစ်တဲ့ မိဘတွေဆိုရင် ခြေမကိုင်မိ၊လက်မကိုင်မိတောင်ဖြစ်တတ်ကြပါတယ်။
ယေဘုယျအနေနဲ့ပြောရရင် ကလေးငယ်လေးတွေမှာ ခေါင်းချွေးထွက်တာ အရမ်းကြီးစိုးရိမ်ဖို့မလိုပါဘူး။
နို့စို့အရွယ်ကလေးငယ်လေးတွေမှာက ချွေးဂလင်း(ချွေးပေါက်)တွေဟာ သူတို့ရဲ့ခေါင်းမှာသာ ရှိနေပြီး ခန္ဒာကိုယ်မှာကျ ချွေးဂလင်း(ချွေးပေါက်)တွေဟာ မရှိသေးပါ။
သေချာသတိထားကြည့်ရင် နို့စို့အရွယ်ကလေးတွေရဲ့ ခန္ဒာကိုယ်ဟာ ချွေးမထွက်တာကို သင်သတိထားမိလိမ့်ပါမယ်။
ကလေးငယ်လေးတွေဟာ အိပ်တဲ့အချိန်နဲ့ နို့စို့တဲ့အချိန်တွေမှာ ခေါင်းချွေးတွေထွက်ပါတယ်။
အဲ့ဒါဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါပဲ။
ဘာဖြစ်လို့ဒီလိုဖြစ်တာလဲဆိုတော့
နို့စို့ကလေးငယ်တွေဟာအိပ်တဲ့အချိန်မှာဆိုရင် လူကြီးတွေ၊ကလေးကြီးတွေလို ခေါင်းကို ဟိုဘက်ဒီဘက်မလှည့်နိုင်သေးဘဲ တနေရာတည်းမှာပဲ တပုံစံတည်းအိပ်ရလို့ပါ။
ဒီလို ဟိုဘက်ဒီဘက်မလှည့်နိုင်ဘဲ တနေရာတည်းမှာ တသမတ်တည်းအိပ်ရာတဲ့အခါခေါင်းကပူလာပြီးချွေးတွေထွက်လာပါတယ်။
အိပ်တဲ့အချိန်မှာ ကလေးငယ်ကို အနှီးတင်းကြပ်စွာထုတ်ထားရင်၊အနှီးအထူတွေနဲ့ထုတ်ထားရင်လည်း ခေါင်းချွေးအထွက်များနိုင်သလို အိပ်ခန်းအပူအချိန်မြင့်နေရင် အိပ်ခန်းကလေဝင်လေထွက်မကောင်းရင်လည်း ကလေးငယ်တွေအိပ်တဲ့အခါ ခေါင်းချွေးထွက်များနိုင်ပါတယ်။
ကလေးငယ်လေးတွေကိုနို့တိုက်တဲ့အခါ မိခင်အများစုက ကလေးငယ်ရဲ့ခေါင်းလေးကို လက်နဲ့ထိန်းထားပြီးတိုက်လေ့ရှိပါတယ်။
အဲ့အခါမှာ မိခင်တွေရဲ့လက်ဖဝါးကထွက်တဲ့အပူနဲ့ ကလေးငယ်နဲ့နုနယ်တဲ့ဦးရေပြားဟာ အချိန်အတော်အကြာထိတွေ့ရတဲ့အတွက် ကလေးငယ်ရဲ့ဦးခေါင်းမှာ ချွေးထွက်လာပါတယ်။
ခြုံပြောရမယ်ဆိုရင်တော့ ကလေးငယ်တွေခေါင်းချွေးထွက်တာဟာ သူတို့တွေ အရမ်းပူအိုက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
သို့သော် ကလေးငယ်ဟာ အိပ်တဲ့အချိန် နို့စို့တဲ့အချိန်တွေသာမက တခြားအချိန်တွေမှာလည်း ခေါင်းချွေးထွက်ရင် သို့မဟုတ် ခေါင်းချွေးထွက်တာကလည်း အရမ်းများတယ်ဆိုရင်တော့ ဖျားနေတာ၊မွေးရာပါနှလုံးရောဂါအခံပါလာတာ၊ပန်းနာရင်ကြပ်ဖြစ်တာ စတဲ့ ကျန်းမာရေးပြသာနာတွေရှိနိုင်တဲ့အတွက် ဆေးခန်းပြပြီး ဆရာဝန်နဲ့စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။
အဆုံးသတ်အနေနဲ့အကြံပေးရရင်တော့ မိမိကလေးငယ်ခေါင်းချွေးအထွက်များနေရင် မိဘတွေအနေနဲ့အရမ်းစိတ်မပူပါနဲ့။
အရင်ဆုံး ကလေးငယ်နေတဲ့အခန်းတွင်းအပူချိန်ကိုညှိတာ၊အခန်းကိုလေဝင်လေထွက်ကောင်းအောင်လုပ်တာ၊ကလေးငယ်ကိုအနှီးအထူကြီးတွေကျပ်ကျပ်ကြီးတွေထုတ်ထားမိရင် အနှီးအပါးနဲ့ချောင်ချောင်ချိချိ ပြင်ထုတ်တာ၊နို့တိုက်တဲ့အခါအနေအထားပြောင်းတာတွေကို လုပ်ကြည့်ပါ။
ဒီလိုတွေလုပ်လို့မှ မသက်သာရင်တော့ ဆေးခန်းပြစမ်းသပ်စစ်ဆေးကြည့်ပါ။
Dr 528