မိုးရာသီနှင့် အစားအသောက်များ
ပူအိုက်သော နွေရာသီကျောင်းပိတ်ရက်များ ကျော်လွန်လာသည်နှင့် ကျောင်းဖွင့်ချိန် မိုးဦးကျလာလကို ရောက်လာပြန်ပြီဖြစ်သည်။ ဥတုသုံးလီရှိပြီး ပူအိုက် စိုစွတ်သော ရာသီဥတုရှိသည့် မြန်မာနိုင်ငံတွင် ကလေး/လူကြီး နာမကျန်းမှု ဖြစ်ပွားသည့် အရေအတွက်အများဆုံး ရာသီဥတုဟုဆိုလျှင် မိုးရာသီဟုပင် ဆိုနိုင်ပေသည်။ ပတ်ဝန်းကျင် စိုထိုင်းစများသောကြောင့် ဗိုင်းရပ်ပိုးမွှားများ၊ ဘတ်တီးရီးယားပိုးမွှားများ၊ ကပ်ပါးကောင်များ၊ အင်းဆက်ပိုးမွှားများနှင့် ရောဂါဘယ ဖြစ်စေသည့် မှိုများ ပေါက်ပွားမှုနှုန်း အလွန်မြင့်မားသဖြင့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ ချောင်းဆိုးရင်ကျပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ သွေးတိုးဝေဒနာရှင်များ သွေးတိုးနိုင်ခြင်းနှင့် အရေပြားနှင့် ဆိုင်သောရောဂါများ အလွန်ပင် ဖြစ်ပွားလွယ်ကြသည်။
အသက်အရွယ် ငယ်လွန်း/ကြီးလွန်းသူများ၊ ကိုယ်ခံအားစနစ် ကောင်းမွန်မှုမရှိ သူများ၊ အဟာရချို့တဲ့နေသူများနှင့် ရောဂါဖြစ်ပွားမှုနှုန်းများသည့် ပတ်ဝန်းကျင်နှင့် နေရာဒေသများတွင် နေထိုင်သူများတွင် ရောဂါများ ပိုမို၍အလွယ်တကူ ဖြစ်ပွားနိုင်ပြီး ကာလဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေးကဲ့သိုသော အချို့ရောဂါများ အနေနှင့် အချိန်မီ ကုသမှု ခံယူနိုင်ခြင်းမရှိလျှင် အသက်အန္တရာယ် ထိခိုက်မှု ရှိနိုင်သည်အထိ ပြင်းထန်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ ကောင်း၏” ဆိုသော စကားရပ်အတိုင်း နာမကျန်းမှုများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် နားလည်တတ်ကျွမ်းသော ဆရာဝန်များမှညွှန်ကြားသည့် ကျန်းမာရေးအကြံပြုချက်များ ဂရုပြုလိုက်နာကြရန်လိုသည်။ အထူးသဖြင့် ရာသီဥတုနှင့် ကိုက်ညီပြီး အဟာရ ညီညွှတ်မျှတသော စားသောက်မှုပုံစံများ ပုံမှန်စားသုံးပေးခြင်းဖြင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေပြီး အစာမှတဆင့် ကူးစက်တတ်သော ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည်သာမက သာမန်ဖျားနာခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းကဲ့သို့သော ရောဂါများမှလည်း သက်သာစေ နိုင်မည်ဖြစ်သည်။
မိုးရာသီအတွက် သင့်တော်သော စားသောက်မှုပုံစံ
ရောဂါကာကွယ်စေသော အစာအုပ်စု၊ အင်အားဖြစ်ထွန်းစေသော အစာအုပ်စုနှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စုဟူ၍ အစာအုပ်စုကြီး (၃)ခုစလုံး ပါဝင်အောင်စားသုံးပေးသင့်ပြီး အထူးသဖြင့် ရောဂါကာကွယ်စေသော အစာအုပ်စုတွင် ပါဝင်သည့် အဟာရပြည့်ဝသော အစားအသောက်များ ဖြစ်သည့်-
– ဒန့်သလွန်ရွက်၊ မြင်းခွာရွက်၊ မုန်ညင်းရွက်၊ ကဇွန်းရွက်စသည့် အရွက်များ၊
– ဘူးညွန့်၊ ဖရုံညွန့်စသည့် အညွန့်များ၊
– ငှက်ပျောသီး၊ သင်္ဘောသီး၊ နာနတ်သီးစသည့် အသီးအနှံများ၊
– သံပုရာသီး၊ ရှောက်သီးစသည့် ဗီတာမင်စီကြွယ်ဝသည့် အသီးအနှံများ၊
– ပဲတောင့်ရှည်၊ ပဲပင်ပေါက်နှင့် ပဲအမျိုးမျိုး စသည်တို့ကို ပိုမို၍ စားသုံးပေးသင့်သည်။
၎င်း အစာအုပ်စုတွင် ပါဝင်သည့် အစားအစာများအပြင် အောက်ဖော်ပြပါ အစား အစာများ ကိုလည်း တွဲဖက်စားသုံးပေးခြင်းဖြင့် မိုးရာသီအတွင်း ဖြစ်ပွားတတ်သော နာမကျန်းမှုများမှ ကြိုတင်ကာကွယ်ထားနိုင်မည်ဖြစ်သည်။
(၁) ကြက်သွန်ဖြူ
– ကြက်သွန်ဖြူတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ များစွာပါပြီး ကိုယ်ခံအားစနစ် ကောင်းစေနိုင်ရုံသာမက အစာချေဖျက်မှုကိုလည်း မြန်ဆန်စေနိုင်သည်။ တနေ့တာ အစားအစာများအတွင်း ကြက်သွန်ဖြူကို ပုံစံမျိုးစုံဖြင့် ထည့်သွင်းအသုံးပြုနိုင်သလို သီးသန့်လည်း စားပေးနိုင်သည်။
(၂) ဂျင်း
– ဂျင်းကိုအစိမ်းစားပေးခြင်း၊ ရေနွေးပူပူတွင် ထည့်၍သောက်ပေးခြင်း၊ သံပုရာရည် အတွင်း ထည့်၍သောက်ပေးခြင်း စသည်ဖြင့် စားပေးနိုင်ရုံသာမက ဟင်းအတွင်း ထည့်ချက်၍လည်း စားသုံးပေးနိုင်သည်။ ကိုယ်ခံအားစနစ်ကောင်းစေနိုင်သလို သွေးလည်ပတ်မှု ကောင်းမွန်စေသည့်အတွက် အေးချမ်းသည့် ရာသီဥတုအတွင်း ပုံမှန် စားသုံးပေးသင့်သည်။
(၃) နနွင်း
– သဘာဝပိုးသတ်ဆေးတမျိုးဖြစ်ပြီး ချောင်းဆိုးခြင်းနှင့် ဖျားနာခြင်းများ ခံစားရလျှင် နွားနို့ပူပူအတွင်း ထည့်၍သောက်သုံးပေးခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်သည်။
(၄) ငရုပ်ကောင်း
– ဟင်းချိုဟင်း၊ စွပ်ပြုပ်များအတွင်းထည့်၍ စားသုံးနိုင်ပြီး ကိုယ်လက်ကိုက်ခဲခြင်း၊ ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းပြဿနာများ သက်သာစေနိုင်သည်။ ရောဂါကာကွယ် လိုသူများအနေနှင့်လည်း နွားနို့ပူပူအတွင်းထည့်၍ သောက်သုံးခြင်း ပြုလုပ်နိုင်သည်။
(၅) မက်မွန်စေ့၊ ဗာဓံစေ့စသည့် အစေ့အဆံများ
– အစာချေဖျက်မှု မြန်ဆန်စေနိုင်ကာ ရောဂါမျိုးစုံမှ ကာကွယ်ပေးနိုင်ပြီး သွားရေစာ အနေနှင့် အချိန်မရွေး စားသုံးပေးနိုင်သည်။
(၆) ပန်းသီး၊ သစ်တော်သီးကဲ့သို့သော ဗီတာမင်စီပါဝင်သည့် အသီးအနှံများ
– အသီးကိုစားပေးနိုင်သလို ဖျော်ရည်လုပ်၍သောက်ခြင်းလည်း ပြုလုပ်ပေးနိုင်သည်။ ကိုယ်ခံအားစနစ် မြှင့်တင်ပေးနိုင်၍ ရောဂါမျိုးစုံမှ ကာကွယ်ပေးနိုင်သလို အစာချေ စနစ်လည်း မြန်ဆန် စေနိုင်သည်။
(၇) ရေများများသောက်ခြင်း
– ရောဂါမျိုးစုံကာကွယ်နိုင်ရန်နှင့် ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်ဖြစ်စေရေးအတွက် အဓိက အရေးအကြီးဆုံးအရာမှာ ရေဓာတ်ပင်ဖြစ်သည်။ ရာသီဥတုအေးချိန်များတွင် ရေမဆာ သဖြင့် ပုံမှန်ထက်ရေသောက်နည်းတတ်ပြီး ရောဂါများဖြစ်ပွားရန် အခွင့်အလမ်း ဖြစ်စေနိုင်သဖြင့် ရေသောက်ခြင်းကို အထူးဂရုပြု၍ ပြုလုပ်ပေးသင့်သည့်။ တနေ့လျှင် အနည်းဆုံး ရေသန့်(၂)ဘူးခန့် သောက်သုံးပေးသင့်သည်။
ရှောင်ကျဉ်သင့်သည့် အစားအသောက်များ
– ငန်လွန်းသည့်အစားအသောက်များ
– လက်သုပ်စာများ
– ဝမ်းနူးစာများ၊ အမှည့်လွန်အသီးများ
– အစာခြောက်များ (ကြက်ဥမြေပဲ၊ မြေပဲပွကြော်၊ ပေါက်ပေါက်)
– ကျက်အောင်ချက်ထားခြင်းမရှိသည့် အသားများ(အသားကင်၊ ဒုတ်ထိုး)
– ကော်ဖီ၊ လဖက်ရည်
– သန့်စင်အောင်ဆေးကြောထားခြင်းမရှိသည့် ဟင်းသီးဟင်းရွက်များ
– ရေခဲမုန့်၊ ရေခဲချောင်းစသည့် အေးခဲထားသောသွားရေစာများ
– ဟင်းသီးဟင်းရွက်များကို အစိမ်းစားခြင်းစသည်တို့ကို ရှောင်ကျဉ်သင့်သည်။
အခန်းအပူချိန်အတွင်း စားသောက်ဖွယ်ရာ ဟင်းလျာများကို အချိန်ကြာမြင့်စွာ ပြင်ဆင်ထားခြင်းကို ဂရုပြုရှောင်ကျဉ်ရန်လိုပြီး စားခါနီးမှပြင်ဆင်ပြီး ပူပူနွေးနွေး စားတတ်သည့်အကျင့်နှင့် မစားမီအုပ်ဆောင်းအသုံးပြုသည့်အကျင့်ကို မွေးမြူသွားရန် လည်းလိုသည်။
မိုးရာသီအတွင်း နာမကျန်းဖြစ်ခြင်းမှ ကင်းဝေးကြပါစေ။
Dr.တင့်တယ်